သတင်းအတုအယောင်များ၊ အမုန်းစကားများ ဖြန့်ဝေခြင်း အပါအဝင် လူမှုကွန်ရက်ကို အသုံးချပြီး မဟာဗျူဟာကျကျ နိုင်ငံရေးအမြတ်ထုတ်မှုများ လာမည့် ၂၀၂၀ တွင် ပိုမို ဖြစ်ပွားလာနိုင်ကြောင်း ဧရာဝတီဘဏ်၏ အုပ်ချုပ်မှု ဒါရိုက်တာ(ဒစ်ဂျစ်တယ်ဘဏ်စနစ်) ဦးချစ်ထွန်းဖေက သုံးသပ်ပြောသည်။
ဦးချစ်ထွန်းဖေက “အခုကို ဖြစ်နေပြီ။ Fake News ရော၊ Hate Speech ရော နိုင်ငံရေး အမြတ်ထုတ်မှုရော ဖြစ်နေကြတယ်။ ၂၀၂၀ မှာ ပိုပြီး Organize ဖြစ်လာမယ်။ ခုကတော့ individually လုပ်နေကြတယ်။ Group လေးတွေ လုပ်နေကြတယ်။ ၂၀၂၀ မှာ Strategically ဖြစ်လာမယ်။ ရွေးကောက်ပွဲက Instrest ပေါ့။” ဟု နိုင်ငံတော်သမ္မတရုံးက စီစဉ်ဆောင်ရွက်မှုဖြင့် ဇွန် ၂၉ ရက်တွင် Pan Pacific ဟိုတယ်၌ ပြုုလုပ်ခဲ့သော ၂၀၂၀ နှင့် လူမှုကွန်ရက် ဂယက် ဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ သတင်းအတုအယောင်များ၊ အမုန်းစကားများ ဖြန့်ဝေခြင်းနှင့် ပတ်သက်ပြီး ပြည်သူလူထုကို အသိပညာပေးကာ လက်ရှိဥပဒေများနှင့်လည်း ထိန်းကျောင်းနိုင်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါ်မော်မော်အေးက သုံးသပ်သည်။
“နိုင်ငံတော်၏ လုံခြုံရေးနဲ့ အေးချမ်းသာယာရေး ထိခိုက်အောင် ဆောင်ရွက်မယ်ဆိုရင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ၂၀၀၄ ပြဋ္ဌာန်းချက်နဲ့ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဒီအမုန်းတရားပွားအောင် မဟုတ်မမှန် ဖြန့်ချိတဲ့ ကိစ္စ ဒါတွေကလည်း ဆက်သွယ်ရေးဥပဒေမှာ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ တည်ဆဲ ဥပဒေတွေလည်း ရှိနေတယ်။ ဒီဥပဒေကိုလည်း နိုင်ငံသားတွေ လိုက်နာဖို့ လိုတယ်”ဟု ဒေါ်မော်မော်အေးက ပြောသည်။
ဆက်လက်ပြီး ၎င်းက “ဖွဲ့စည်းပုံအခြေခံဥပဒေကစလို့ ဆက်သွယ်ရေးဥပဒေတွေအထိ နိုင်ငံသားတွေရဲ့ လွတ်လပ်မှု၊ လုံခြုံမှုအတွက် အကာအကွယ်ပေးတဲ့ ဥပဒေရှိပြီးသားဖြစ်ပါတယ်”ဟု ဆိုသည်။
လက်ရှိဥပဒေများအရ ထိထိရောက်ရောက်ကိုင်တွယ်နေသည့် အပြင် ပိုမိုအသေးစိတ်ကျသည့် Cyber Law ကိုလည်း ပြဋ္ဌာန်းရန် ရေးဆွဲနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ နည်းပညာမှုခင်းဌာန ဌာနစုမှူး၊ ရဲမှူး ကျော်သူဝင်းက ပြောသည်။
“Cyber Law ထဲမှာတော့ Definition တခုချင်းဆီ အကုန်ခွဲဖို့ကြိုးစားနေတယ်။ အမုန်းစကားဆိုရင်ဘာ။ Cyber Harassments ဆိုရင်ဘာ Cyber Bullying ဆိုရင်ဘာဆိုပြီး တခုချင်းစီ တိတိကျကျ ခွဲဖို့ကြိုးစားနေတယ်။ Cyber Law ဆွဲဖို့ ကြိုးစားနေတယ်။ အဲဒီ Law ထွက်လာရင် အတော်လေး အဆင်ပြေသွားလိမ့်မယ် ”ဟု ရဲမှူး ကျော်သူဝင်းက ပြောသည်။
သတင်း အတုအယောင်(Fake News)၊ အမုန်းစကားများ Hate Speech များဖြန့်ဝေခြင်း အပါအဝင် အင်တာနက်လူမှုကွန်ရက်နှင့် ပတ်သက်သည့် ဆိုးကျိုးများကို ကိုင်တွယ်ရန် အစိုးရအနေဖြင့် ဥပဒေနှင့် မူဝါဒများ တိတိကျကျနှင့် ရှင်းရှင်းလင်းလင်းထုတ်ပြန်ထားရန် လိုအပ်ကြောင်း ဦးချစ်ထွန်းဖေက ဆက်ပြောသည်။
“မူဝါဒပိုင်းမှာ ရှင်းရှင်းလင်းလင်း ရှိဖို့လိုတယ်။ Industries တွေနဲ့ Engage လုပ်ဖို့ လိုတယ်။ ပညာရှင်တွေနဲ့ Engage ဖြစ်ဖို့လိုတယ်။ Industries ကို တိကျတဲ့ Instruction တွေပေးဖို့ လိုတယ်။ လက်ရှိအစိုးရအနေနဲ့ အားနည်းချက်ရှိနေပါတယ်။ အစိုးရအနေနဲ့ ပဋိပက္ခတွေ ဖြစ်လာရင် အင်တာနက်တွေ ပိတ်ပစ်လိုက်တယ်။ Facebook ပိတ်အောင် ကြိုးစား မရဘူးဆိုရင် အင်တာနက်ပါ ပိတ်ပစ်လိုက် အဲဒါပဲ ဖြစ်နေမယ်”ဟု ၎င်းက ပြောသည်။
လက်တလောတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ မြို့နယ်အချို့တွင် ဇွန်လတတိယပတ်မှ စတင်ပြီး အင်တာနက်ဝန်ဆောင်မှုများကို အစိုးရညွှန်ကြားချက်ဖြင့် ပိတ်ပင်ခဲ့ထားသည်။
ဆက်စပ်ဖတ်ရှုရန်
ရခိုင်တွင် အင်တာနက်လိုင်း ဖြတ်တောက်မှု အစိုးရအဖွဲ့ သဘောတူညီချက်ဟု ဆို