ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် ပန်းတောင်းမြို့နယ့် အရှေ့ စည်သာရပ်ကွက်ရှိ အရက်ဆိုင်တွင် ဇွန်လ ၂၄ ရက်နေ့ ညပိုင်းက မူးယစ်ရမ်းကားသူ တဦးအား ဖမ်းဆီးပေးရန် ဆိုင်ရှင်မှ တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များမှ ချုပ်နှောင် ဖမ်းဆီး၍ နံပတ်တုတ်ဖြင့် ရိုက်နှက်မှုကြောင့် ၅ ရက်ကျော်ကြာ သတိလစ်မေ့မျောခဲ့ပြီး၊ ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးသွား ကြောင်း သတင်းရသည်။
ဖြစ်စဉ်မှာ ပန်းတောင်းမြို့ ဝန်လိုရပ်ကွက် ၁ လမ်းနေ အသက် ၂၄ နှစ်အရွယ် အောင်ရဲဇော်ဆိုမှာ စည်သာရပ်ကွက်ရှိ အရပ်ဆိုင်တွင် မူးယစ်ဆဲဆိုနေသဖြင့် ဆိုင်ရှင်မှတိုင်ကြားခဲ့သည့်အတွက် ရဲတပ်ဖွဲ့မှလာရောက်ဖမ်းဆီးစဉ် အရပ်ဝတ်ဖြင့် ရဲ ၂ ဦးမှာ ချုပ်နှောင်ထားပြီး တဦးမှ နံပတ်တုတ်ဖြင့်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း မြင်တွေ့ခဲ့သူတဦးက ဧရာဝတီသို့ ပြောသည်။
“ရဲတပ်ဖွဲ့ ဝင်ရောက်လာပြီး ဆုံးမတဲ့အနေနဲ့ ပါးတွေ နားတွေ ရိုက်တယ်။ လဲကျပြီးပြန်ထလာတဲ့အချိန် သူဆွဲမိ ဆွဲရာကို သူဆွဲပြီး ထလာတော့ သစ်မြစ်တချောင်းပါလာတယ်။ အဲဒီအချိန်မှာ လက်ထိပ်ခေတ်ဖို့ ရဲ နှစ်ယောက်က လှမ်းဆွဲပြီး ချုပ်လိုက်တော့ နောက်ရဲတယောက်က သူ့ရဲ့နောက်စေ့ကို နံပတ်တုတ်နဲ့ ရိုက်ချလိုက်တော့ ကွန်ကရစ် ဘလောက်တုံး ပေါ်မှောက်ရက်လဲကျသွားတာပါ၊ မျက်နှာနဲ့ ပါးစပ်က သွေးတွေ မတရား ကျလာတဲ့အခါ ကျနော် ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းပြီး ပန်းတောင်းဆေးရုံတင်ပို့ လိုက်တာပါ” ဟု မျက်မြင်တဦးဖြစ်သည့် ကိုမျိုးမင်းဦးက ပြောသည်။
ပန်းတောင်မြို့နယ် မြို့မှ ရဲစခန်းမှူး ဒုရဲမှူး အောင်အောင်က “ရန်ကုန်ဆေးရုံးမှာ တက်ရောက် ကုသနေတဲ့ အောင် ရဲဇော်ဟာ ဒီနေ့မနက် ၆ နာရီမှာ ဆုံးသွားပြီလို့ ဆေးကုသမှုနဲ့ လိုအပ်တာတွေ ဆောင်ရွက်ပေးဖို့ တာဝန်ပေးထားတဲ့ ဒုရဲအုပ်ကျော်မျိုးဦး ကနေ ဖုန်းနဲ့လှမ်းသတင်းပို့တယ်။ ကျနော် တို့ တပ်ဖွဲ့ဝင်အနေနဲ့တော့ တပ်ဖွဲ့ဝင်(၄ဦး) အားလုံးကို ဖမ်းဆီးအရေးယူထားလိုက်ပါပြီ၊ စုံခုံလည်း စစ်ဆေးနေပါ တယ်။ စစ်ဆေးပြီး သလောက် ဖြစ်နေပါပြီ၊ ဒီဘက်ကလည်း ဥပဒေအရဆောင်ရွက်နေပါတယ်” ဟု သူက ပြောသည်။
ဖမ်းဆီးထားသည့် ရဲတပ်ဖွဲ့ ၄ဦးမှာ ဒုတပ်ကြပ်အောင်ဇော်ဝင်း၊ ရဲတပ်သား တင်ဇော်မြင့်၊ ရဲတပ်သား ဇင်မင်းထွန်းနဲ့ ရဲတပ်သား ခိုင်ထူး ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ကိုအောင်ရဲဇော်၏ အဖွားဖြစ်သူ ဒေါ်တင်ကြည်က မြေးဖြစ်သူ အောင်ရဲဇော်ကို မိခင်ဖြစ်သူက ပန်းတောင်းရဲစခန်းမှ ခံဝန်လက်မှတ်ထိုး၍ ပြန်ခေါ်ခဲ့ကြောင်း၊ ပန်းတောင်းဆေးရုံတွင် ကုသကြောင်း သတိလစ် မေ့မျောနေ၍ ပြည်ဆေးရုံကြီးသို့ ပြောင်းရွေ့ကြောင်း၊ ထို့နောက် ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွေ့ကုသသော်လည်း ယမန်နေ့ နံနက် ၆နာရီတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ပြောသည်။
“ကာယကံရှင်မိခင်ရဲ့ဆန္ဒအရ ဒီနေ့ချက်ခြင်းကိုပြန်သယ်ချင်တယ်ဆိုလို့ နာရေးကားကိုငှားပြီး ဒီနေ့ပို့ခိုင်းထားပါတယ်။ ဆေးကုသမှုတွေရော လိုအပ်တာတွေရော ကျနော်တို့ အကုန်လုံး လုပ်ပေးနေတဲ့ကြားထဲက အခုလို ဆုံးသွားတယ် ဆိုတော့ ကျနော်တို့ စိတ်မကောင်ဖြစ်ရပါတယ်။ မှုခင်းဆရာဝန်ကြီးတွေက စစ်ဆေးမှာဖြစ်ပြီး အဖြေကတော့ ထွက် မလာသေးပါဘူး” ဟု ပန်းတောင်းမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်အောင်က ဆက်ပြောသည်။
သေဆုံးသွားသူ ကိုအောင်ရဲဇော်မှာ ကျပန်းအလုပ်လုပ်ကိုင်သူဖြစ်ပြီး အသက် ၂ ခွဲအရွယ် သမီးတဦး ကျန်ခဲ့ကြောင်းသိရသည်။
လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း ပန်းတောင်းမြို့နယ် မြို့မရဲစခန်းအချုပ်ခန်းအတွင်း ဖမ်းဆီးထိန်းသိမ်းခံရသည့် ကြာအင်ရွာသစ်မှ ဆလိုင်းသန်းထွန်းဆိုသူမှာလည်း ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ဖူးကြောင်း သိရသည်။