အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများ တိုက်ဖျက်ရေး အတွက် အမျိုးသားအဆင့် မဟာဗျူဟာချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ ရှင်းလင်းခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ၂၈ ရက်က နေပြည်တော်ရှိ Hiton ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ ယင်းမဟာဗျူဟာ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်အောင်သူက “မြန်မာနိုင်ငံရဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို အကောင်အထည်ဖော်ပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် လုပ်ငန်းစီမံချက် (Action Plan)ကို အဖွဲ့အစည်းဌာနများက အောင်မြင်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်စေဖို့နဲ့ နယ်ပယ်အလိုက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်ဖို့ အတွက် ဖြစ်ပါတယ်” ဟု ပြောသည်။
ပြည်တွင်းနှင့် နိုင်ငံတကာငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု စသည်တို့ကို ထိရောက်စွာ ဖော်ထုတ်တိုက်ဖျက်နိုင်ရန် အတွက် အရည်အသွေးရှိသော ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းချက် အစီရင်ခံစာများ၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ လုပ်ငန်းစွမ်းရည်များနှင့် ထိရောက်မှုရှိသော တရားစီရင်ရေးစနစ် ပိုမို ဖွံ့ဖြိုးစေရန် အဓိက ရည်မှန်းထားကြောင်း သိရသည်။
မဟာဗျူဟာအရ ငွေကြေးခဝါချမှုနှင့် မူလပြစ်မှု၊ အကြမ်းဖက်မှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုတို့ကို နိုင်ငံတကာစံနှုန်းများနှင့် အညီ ထိရောက်စွာ တားဆီးကာကွယ်ခြင်း၊ စုံစမ်းထောက်လှမ်းခြင်း၊ နှိမ်နင်းခြင်း၊ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၊ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ကမ္ဘာလုံးဆိုင်ရာ လူမှုအသိုက်အဝန်းကို ဒုစရိုက်သမားများ၊ အကြမ်းဖက်သမားများ၏ ရန်မှကာကွယ်တားဆီးနိုင်ရန် မျှော်မှန်းကြောင်း ဗိုလ်ချုပ်အောင်သူက ဆိုသည်။
မြန်မာနိုင်ငံတွင် အခွန်တိမ်းရှောင်မှု ငွေကြေးခဝါချမှု စသည့် ကိစ္စများ မည်သည့် နယ်ပယ်တွင် မည်သည့် ပမာဏ အတိုင်းအတာဖြင့် ဖြစ်ပွားနေသည်ကို ရှာဖွေ၍ နိုင်ငံတော်အဆင့် ဆုံးရှုံးနိုင်ခြေအန္တရာယ် အစီရင်ခံစာ ရေးဆွဲတင်ပြခဲ့ပြီးနောက် အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ မဟာဗျူဟာကို ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ငွေကြေးဆိုင်ရာ မှုခင်းများတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး၊ ရဲမှူးချုပ် ကျော်ဝင်းသိန်း က မီဒီယာများကို ရှင်းပြသည်။
“ နိုင်ငံတော်အဆင့် မဟာဗျူဟာကို ဒီနေ့ကနေစပြီး အကောင်အထည်ဖော် ဆောင်ရွက်တော့မယ်ဆိုတာ သက်ဆိုင်တဲ့ ဝန်ကြီးဌာန အဖွဲ့အစည်းတွေအားလုံးကို အသိပေးလိုက်တဲ့သဘောပါပဲ။ ဒီဟာကတော့ လွန်ခဲ့တဲ့ ၄ နှစ် လောက်ကနေ စပြီးလုပ်ခဲ့တာပေါ့။ ဒီနေ့ကတော့ အစိုးရအဖွဲ့ကလည်း အတည်ပြုလိုက်ပြီ ဆိုတော့ ဒီနေ့ကစပြီး အကောင်အထည်ဖော် ဆောင်ရွက်တော့မယ်လို့ ကြေညာလိုက်တဲ့ သဘောပါပဲ” ဟု ၎င်းက ဆိုသည်။
ယခုမဟာဗျူဟာကို အကောင်အထည်ဖော်ရန် အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံ ဗဟိုဘဏ်တို့မှ သက်ဆိုင်ရာဌာနများက ပူးပေါင်းအကောင်အထည်ဖော် ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု အပေါ် ငွေကြေးထောက်ပံ့မှုများနှင့် ပတ်သက်ပြီး သံသယဖြစ်ဖွယ်များရှိ၍ စုံစမ်းစစ်ဆေးခဲ့သည့် အမှု အချို့ရှိသော်လည်း ဖော်ထုတ်တွေ့ရှိရခြင်း မရှိသေးသလို “အကြမ်းဖက်မှု အပေါ်မှာ ငွေကြေးထောက်ပံ့ခြင်းဟာ အရေးကြီးတဲ့အတွက်ကြောင့် ဒါကိုတော့ တောက်လျှောက် စောင့်ကြည့်နေပါတယ်။ လောလောဆယ်တော့ ဖော်ထုတ်ထားတဲ့ မှုခင်းတွေတော့ မရှိသေးပါဘူး” ဟု”ရဲမှူးချုပ် ကျော်ဝင်းသိန်းက မီဒီယာများကို ပြောသည်။
ရခိုင်ပြည်နယ်တွင် အကြမ်းဖက် အဖွဲ့အစည်းများရှိနေ၍ မူးယစ်ဆေးဝါးကိစ္စရပ်များ၊ ငွေကြေးခဝါချမှုများ ရှိနေကြောင်း ယင်းကိစ္စသည် နိုင်ငံတော် လုံခြုံရေးနှင့် ဆက်နွယ်နေသကဲ့သို့ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုအပေါ် ငွေကြေး ထောက်ပံ့ခြင်းများနှင့် ဆက်နွယ်နေသည့်အတွက် အဆက်မပြတ် စောင့်ကြည့်နေကြောင်းလည်း ၎င်းက ဆိုသည်။
အကြမ်းဖက် အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့ခြင်းကိစ္စ၊ အကြမ်းဖက် အဖွဲ့အစည်းများ၏ စစ်ဆင်ရေးလုပ်သူများကို ငွေကြေးပေးပို့ခြင်း ကိစ္စရပ်များလည်း ပါဝင်ကြောင်း Myanmar Institute for Peace and Security မှ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
ဒေါက်တာ မင်းဇော်ဦးက“အဲဒါတွေဖြစ်မယ် ဆိုရင် မြန်မာပြည် အနေအထားအရ နိုင်ငံတကာ အကြမ်းဖက်မှုတင် မကဘူး။ ပြည်တွင်းမှာရှိတဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်တဲ့ အဖွဲ့များကိုလည်း သွားပြီး ထိခိုက်နိုင်တာမျိုးလည်း ဖြစ်လာနိုင်တာပေါ့” ဟု သုံးသပ်သည်။
ငွေကြးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများကို တိုက်ဖျက်မည်ဆိုပါက ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာများ အတိုင်း ထိထိရောက်ရောက် တိုက်ဖျက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
“မြန်မာပြည်မှာ ငွေကြေးခဝါချမှုနဲ့ ပတ်သက်လို့ တကယ် စိစစ်မယ်ဆိုရင် အကြမ်းဖက်မှုတွေတင် မကဘူး။ နိုင်ငံတကာက လာပြီးထောက်ပံ့တဲ့ ကိစ္စတွေပါ ပါလာလိမ့်မယ်။ အခုက မြန်မာပြည်မှာ နိုင်ငံတကာက လာထောက်ပံ့နေတာတွေ တကယ်တမ်း စိစစ်မယ်ဆိုရင် ဥပဒေအရ စိစစ်လို့ ရတဲ့ကိစ္စတွေ။ ဒါတွေကို အစိုးရက အရေးယူ ဆောင်ရွက်မှုမရှိဘူး။ အခုလိုမျိုး လုပ်မယ်ဆိုရင် ဒီလို နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ပံ့မှုတွေကိုရော စိစစ်တာမျိုးဖြစ်လာနိုင်လား ဆိုတာလည်း စဉ်းစားစရာ ဖြစ်ပါတယ်”ဟု ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အစီရင်ခံစာအရ သစ်နှင့် ကျောက်စိမ်းစသည့် သဘာဝ သယံဇာတ များ၊ အခွန်ရှောင်ခြင်း၊ အဂတိလိုက်စားခြင်း ကိစ္စရပ်များနှင့် မူးယစ်ဆေးဝါး ကိစ္စရပ်များနှင့် ပတ်သက်သော ငွေကြေး ခဝါချမှုများမှာ အများဆုံး ဖြစ်ကြောင်း သိရသည်။
ငွေကြေးခဝါချမှုများနှင့်ပတ်သက်ပြီး ၂၀၀၂ ခုနှစ် ဥပဒေ၊ ၂၀၁၄ ခုနှစ် ဥပဒေတို့ဖြင့် အရေးယူခဲ့သည့် အမှု ၁၀၀ ကျော် ရှိကြောင်း ရဲမှူးချုပ် ကျော်ဝင်းသိန်းက ပြောသည်။
ဆက်စပ်ဖတ်ရှုရန် – ငွေကြေးခဝါချမှု မြန်မာ့စီးပွားဖွံ့ဖြိုးမှုကို ခြိမ်းခြောက်နေ