နိုင်ငံတော် သံဃာ မဟာ နာယကအဖွဲ့ က တရားမဝင်ဟု သတ်မှတ်ထားသည့် ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့ခြင်း သည် အဖွဲ့၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်သော လုပ်ရပ်တခုအဖြစ် အများပြည်သူက ရှု့ မြင်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့ သော်လည်း တပ်မတော်က ၎င်းတို့၏ ရပ်တည်ချက်ကို ပြောင်းလဲမည် မဟုတ်ကြောင်း သိရသည်။
တရားမဝင်အဖွဲ့ဟု ကြေညာခြင်း ခံထားရသည့် မဘသ အဖွဲ့အား အမည်ပြောင်းထားသည့် ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို) က ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ၌ ကျင်းပခဲ့သည့် ယင်းအဖွဲ့၏ နှစ်ပတ်လည် ညီလာခံသို့ ရန်ကုန်တိုင်း စစ်ဌာန ချုပ်က ကျပ် သိန်း ၃၀၀ လှူဒါန်းခဲ့သည်။
တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ကျနော်တို့ကတော့ ပြောပြီးသားပါ။ ဒါတွေနဲ့ ပတ်သက်လို့က တော့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပြီးတဲ့အတိုင်းပါပဲ။ ကျန်တာတော့ ထပ်ပြောစရာ မရှိပါဘူး။ အဲဒီအတိုင်းပဲ ရပ်တည်ပါမယ်”ဟု ဧရာဝတီသို့ ပြောသည်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကို အမည်ပြောင်း ဖွဲ့စည်းထားသည့် ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့ သည် အမျိုး ဘာသာ သာသနာအတွက် လိုအပ်နေသည့် အဖွဲ့၊ အားပေးသင့်သည့် အဖွဲ့အစည်း တရပ် ဖြစ်၍ တပ်မတော် အနေဖြင့် လှူဒါန်းရခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်ချက်တွင်မူ အမျိုးဘာသာ သာသနာ ကို အကြောင်းပြု၍ အခြေအနေ အရပ်ရပ်ကို ရှုပ်ထွေးအောင် ဆောင်ရွက်နေသည့် တရားမဝင် အဖွဲ့ အစည်းများကို အချိန်မီ ရှင်း လင်းဖယ်ရှားခြင်း မပြုနိုင်ပါက အမျိုးဘာသာ သာသနာ၏ ဂုဏ်သိက္ခာသည် အဖတ်ဆယ်၍ မရအောင် ထိခိုက် ကျဆင်းသွားနိုင် သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် အစိုးရက မဘသအဖွ့ဲ ဟောင်းကို တရားမဝင် အဖွဲ့ ဟု သတ်မှတ်ပြီး လက်မခံရန် ပြောဆိုနေချိန်တွင် တပ်မတော်က အမျိုးဘာသာ သာသာနာအတွက် အားပေးရမည့်အဖွဲ့ ၊ လိုအပ်သည့်အဖွဲ့ အဖြစ် ထုတ်ဖော်ပြောဆိုလျက် ရှိသည်။
ရန်ကုန်မြို့ မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က“တရားမဝင် အဖွဲ့ အစည်းလို့ ကြေညာထားတာကို ဥပဒေအမြင်အရ သာသနာ ရေး ဦးစီးဌာနက ပြောတာ မှန်တယ်။ ဒီလိုသာဆို တိုင်းပြည်က ပျက်တော့မှာ။ တဖက်က တရားမဝင်ဘူးလို့ ကြေညာထားပြီးသား ကို ငွေသွားလှူတယ် ဆိုတော့ စဉ်းစားသာကြည့်တော့။ ဥပဒေနဲ့ မညီတာကို မလုပ်သင့်ဘူးပေါ့။ မလုပ်သင့်တဲ့ လုပ်ရပ်ပါ”ဟု ပြော သည်။
ဇွန်လ ၂၂ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော်သတင်းစာ ရှင်းလင်းပွဲ အပြီးတွင် ဧရာဝတီက ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းသည် တရားမဝင် အဖွဲ့ ဆိုတာ သိပါသလားဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား မေးမြန်းကြည့်ရာ“သိပါတယ်”ဟု ပြန် လည် ဖြေကြားခဲ့သည်။
ယင်းနေ့ သတင်းစာ ရှင်းလင်းပွဲတွင်လည်း ဧရာဝတီက တပ်မတော်၏ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအပေါ် ငွေလှူရသည့် အ ကြောင်းကို သေချာမေးမြန်း ကြည့်ခဲ့သေးသည်။ ထို့ပြင် လက်ရှိ အစိုးရနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် တို့ကိုလည်း ဆန့်ကျင်ရူတ်ချသည့် သဘောမျိုး ယင်းပွဲတွင် ပြုလုပ်ခဲ့သဖြင့် တပ်မတော်အနေဖြင့် မျက်နှာမပူဘူးလားဟု မေးခွန်းထုတ်ခဲ့သည်။
တပ်မတော်ကမူ ယင်းပွဲ၏ ဟောပြောချက်၊ ထုတ်ပြန်ချက်များသည် ၎င်းတို့နှင့် မသက်ဆိုင်ဘဲ သံဃာကို ရည်စူးပြီး လှူဒါန်းခြင်း ဖြစ်သဖြင့် မျက်နှာပူစရာ မရှိကြောင်း၊ ၎င်းတို့သည် အမျိုးဘာသာ သာသနာအတွက် လုပ်ဆောင်သည့် လုပ်ငန်းများကို မျက်နှာပူ မည်ဆိုပါက ထိုသို့ မျက်နှာပူသည့် လူသည် အမျိုးဘာသာသာသနာ လုပ်ငန်းများကို မလုပ်ဆောင်ချင်၍ မျက်နှာပူခြင်းပင် ဖြစ် လိမ့်မည်ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူများက ရှင်းပြသည်။
“ကျနော်တို့က ဒီလို လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အတွက် မျက်နှာပူစရာ အကြောင်းမရှိပါဘူး”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်အနေဖြင့် ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း၏ ပရဟိတ လုပ်ငန်းများ၊ ပညာဒါန သင်တန်း များ၊ ယဉ်ကျေးမှုနှင့် စာရိတ္တ မြင့်တင်ရေး လုပ်ငန်းများ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းများ၊ ကယ်ဆယ်ရေး လုပ်ငန်းများ၊ လူမှုရေး၊ ဘာသာ ရေး၊ သာသနာရေးဆိုင်ရာ ပဋိပက္ခများ မဖြစ်အောင် ကာကွယ်တားဆီးရေး စသည်တို့ကို ဆောင်ရွက်မည်ဆိုသည့် ရည်ရွယ်ချက် အပေါ်တွင် လှူဒါန်းရခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့ တွင် ပြုလုပ်ခဲ့သည့် ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း၏ ညီလာခံတွင် အစိုးရက ဝရမ်းပြေး အဖြစ် ကြေညာထားသူ ဦးဝီရသူ သာသနာ သူရဲကောင်းအဖြစ် မသင့်လျော်သော စကားကို ပြောကြားခဲ့သည်ဟု ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆရာတော် ဦးဝီရသူသည် ၂၀၁၉ ခုနှစ်၊ ဧပြီလနှင့် မေလတို့တွင် မြိတ်မြို့ နှင့် ရန်ကုန်မြို့တို့တွင် ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့ စည်းပုံ အ ခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လူထု ဆန္ဒထုတ်ဖော်ပွဲတို့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အစိုးရကို ဆန့်ကျင်ပုတ်ခတ်ပြောဆိုခြင်း၊ လွှတ်တော်ထဲရှိ စစ်သားများသည် တိုင်းပြည်ကို ကာကွယ်နေသူ များ ဖြစ်၍ ဘုရားလို ကိုးကွယ်သင့်သည်ဟု ဆီလျော်အပ်စပ်မှု မရှိသည်များကို ဟောပြောခဲ့သည် ယင်းထုတ်ပြန်ချက်က ဆိုသည်။
နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဝရမ်း အထုတ်ခံထားရသည့် အမျိုးသားရေးဝါဒီ ဦးဝီရသူသည် အစ ပိုင်းတွင် အဖမ်းခံမည်ဟု မီဒီယာတချု့ိသို့ ထုတ်ဖော်ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ဓမ္မစက်ဖြင့် အရေးယူခံပြီးမှ အာဏာ စက်ဖြင့် အရေးယူခံမည်ဟု လေသံပြောင်းသွားခဲ့သည်။
ယနေ့ အချိန်အထိလည်း ဦးဝီရသူသည် လူမြင်ကွင်းသို့ ပေါ်လာခြင်း မရှိတော့ဘဲ ရံဖန်ရံခါတွင် ရုရှား လူမှုကွန်ရက်တခု ဖြစ်သည့် VK မှ တဆင့် လက်ရှိ အစိုးရကို ဝေဖန်ပုတ်ခတ်မှုများ ဆက်လက် ပြုလုပ်လျက်ရှိသည်။ ၎င်းကို ရဲတပ်ဖွဲ့ က ဖမ်းဆီးရမိရေး ဆောင် ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ရဲမှူးကြီး မျိုးသူစိုးက“ဘာမှ မထူးခြားသေးပါဘူး။ ကျနော်တို့လည်း စုံစမ်းဆဲပဲမိုလို့ ဘာမှ မထူးခြားသေးပါ ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ဦးဝီရသူသည် NLD ပါတီ၏ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍လည်း တရားခံ ကြည်လင်းကို ကျေးဇူးတင် ကြောင်း၊ ပါဝင်ပတ်သက်သူများ ဖြစ်သည့် အောင်ဝင်းခိုင်၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ကိုလည်း ကျေးဇူးတင်ကြောင်း အင် တာနက် စာမျက်နှာများတွင် ရေးသားခဲ့သူတဦး ဖြစ်သည်။
ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု ဖြစ်စဉ်တွင် တပ်မတော် အရာရှိဟောင်းများ ပါဝင်နေသဖြင့် တပ်မတော်က ပါဝင်ပတ်သက်မှု ရှိ၊ မရှိ မေးခွန်းထုတ်မှုများ ရှိခဲ့ရာ ထိုစဉ်က ယင်းဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်နေသည့် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေ ကြောင်း ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သတင်းထောက်များကို ရှင်းပြခဲ့သေးသည်။
ဦးဝီရသူ၏ ပြောဆိုရေးသားချက်များကြောင့် ၂၀၁၇ ခုနှစ်၊ မတ်လမှ ၂၀၁၈ ခုနှစ် မတ်လ အထိ တရားဟောခွင့် တနှစ်တိတိ အပိတ်ခံခဲ့ရပြီး ထိုသို့ လူမှုကွန်ရက်တွင် အမုန်းစကားများ ရေးသားနေမှုများကြောင့် ဦးဝီရသူအမည်ဖြင့် အကောင့် ဖွင့်လှစ် ထားမှုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် Facebook က အပြီးအပိုင် ပိတ်သိမ်းခဲ့သည်။
ဦးဝီရသူသည် မန္တလေးမြို့ မစိုးရိမ် တိုက်သစ်တွင် သီတင်းသုံးနေထိုင်သည့် ဗုဒ္ဓဘာသာ ရဟန်းတော် တပါးဖြစ်ပြီး မွတ် စလင် ဆန့်ကျင်ရေး ဆရာတော်တပါးအဖြစ် လူသိများသည်။ အမျိုးသားရေး လှုပ်ရှားသူများဟု မိမိကိုယ်ကိုယ် ခေါ်ဆိုနေသူများကမူ ဦးဝီရသူကို အခိုင်အမာ ထောက်ခံကြသည်။
ထို့ပြင် ဆရာတော်သည် ၂၀၁၂ ခုနှစ် နောက်ပိုင်း ရခိုင် အရေးအခင်းများနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုမှုများကြောင့် နာမည်ကျော် TIME မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် “Face of Buddhist Terror” အဖြစ် ဖော်ပြခြင်း ခံခဲ့ရဖူးသည်။
ဆက်စပ် ဖတ်ရှုရန်
မဘသ အမည်ပြောင်း အဖွဲ့ကို ငွေလှူရခြင်းမှာ အားပေးရမည့် အဖွဲ့ ဖြစ်၍ဟု တပ်မတော် ပြော
မဘသ အမည်ပြောင်းအဖွဲ့ထံ ရန်ကုန်တိုင်း စစ်ဌာနချုပ် ငွေကြေး ထောက်ပံ့လှူဒါန်း