မိုင်းပန် ဒေသခံ တဦး RCSS ဖမ်းဆီးထား
မူးယစ်ဆေးဝါးနှင့် ဆက်နွယ် ပတ်သက်သည့် အတွက်ကြောင့် ဟုဆိုကာ မိုင်းပန်မြို့နယ် ပန်ပီး ကျေးရွာမှ ဒေသခံ ဦးခွန်ကျော်လှ ကို ဖမ်းဆီးထားကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)က ဧရာဝတီ သို့ ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန်မြို့နယ် ပန်ပီးကျေးရွာနေ အသက် ၅၀ အရွယ်ရှိ ခွန်ကျော်လှသည် ဇနီးဖြစ်သူ ကျန်းမာ ရေး မကောင်းသည့် အတွက် မိုင်းပန် ဆေးရုံသို့ သွားရောက် ဆေးကုသမှု လုပ်ပြီး အပြန် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်က နောင်လွိုင်း (နောင်လွန်း) ကျေးရွာတွင် နားနေစဉ် RCSS က ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောပြသည်။
RCSS/SSA တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဦးကလည်း မူးယစ်ဆေးဝါးနှင့် ပတ်သက် ဆက်နွယ် နေခြင်းကြောင့် ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဧရာဝတီသို့ ယနေ့ ပြောသည်။
“ဒီနေ့ ကျနော်သိရတယ်၊ ဟုတ်တယ် ဖမ်းတာ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ်လို့ ပြောတယ်။ သူသုံးစွဲတာလား လက် ဝယ် ထားရှိတာလားတော့ မသိဘူး၊ မူးယစ်ဆေးဝါး ကိစ္စနဲ့ပတ်သက်တယ်လို့ အဲဒီလိုသတင်းရတယ်။ ဖမ်းထား တယ် ဆိုတာတော့ အတည်ပြုလို့ရတယ်”ဟု ၎င်းက ပြောဆိုသည်။
လက်ရှိတွင် ခွန်ကျော်လှကို မည်သည့် နေရာတွင် ထားကြောင်းနှင့် မည်သည့် အချိန်တွင် ပြန်လွှတ်ပေးမည် ကိုမူ မပြော နိုင်သေးကြောင်း ဒုဗိုလ်မှူးကြီး စိုင်းဦးက ဆိုသည်။
ပန်ပီးကျေးရွာမှ ဒေသခံများကမူ ခွန်ကျော်လှသည် မူးယစ်ဆေးဝါး သုံးစွဲခြင်း မရှိသကဲ့သို့ ရောင်းဝယ်ခြင်းလည်း မရှိကြောင်း ပြောဆိုကြသည်။
ပန်ပီး ကျေးရွာ ဒေသခံ တဦးက“၂၈ ရက်မှာ ပျောက်သွားတာ၊ မိုင်းပန်မှာ သူ့အမျိုးသမီး ဆေးရုံမှာ ဆေးကု သွားပြီး အပြန် နောင်လွန်းမှာ အဖမ်းခံရတာ၊ RCSS က လူတွေရောက်လာပြီး ဖမ်းသွားတာ၊ မူးယစ်ဆေးဝါး သုံးလို့ ဖမ်းတာလို့ ပြောတယ်။ ဦးခွန်ကျော်လှက မူးယစ်ဆေးဝါး မသုံးဘူး၊ ရောင်းဝယ်တာလည်း မရှိပါဘူး”ဟု ဧရာဝတီ သို့ ပြောသည်။
ဖမ်းဆီးခံထားရသော ခွန်ကျော်လှထံတွင် ဇနီး ဖြစ်သူ၏ မှတ်ပုံတင်နှင့် အိမ်ထောင်စု စာရင်းများလည်း ပါသွားပြီး လက်ရှိ အချိန်ထိ တစုံတရာ အဆက်အသွယ် မရသည့်အတွက် မိသားစုဝင်များက စိတ်ပူနေကြကြောင်း ဒေသခံများ က ပြောဆိုသည်။
ပန်ပီးကျေးရွာ ဒေသခံတဦးက“သူ့မှာ သား ၂ ယောက်ရှိတယ်၊ သမီး ၁ ယောက်ရှိတယ်။ အမျိုးသမီးက အခုထိ နေမကောင်းဘူး၊ သူ့မိသားစု ကလည်း တအား စိတ်ပူနေတယ်”ဟု ပြောသည်။
ထိုသို့ ဖမ်းဆီးမှုသည် အကြောင်းမဲ့ မဟုတ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည် ဆိုပါကလည်း ပညာပေး၍ ပြန်လွှတ်မှုများ ရှိကြောင်း၊ သိပ်ကြာကြာ ဖမ်းထားမည် မဟုတ်ကြောင်း RCSS/SSA မှ ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြော ဆိုသည်။
ဒုဗိုလ်မှူးကြီး စိုင်းဦးက“အဲဒါတော့ ဘယ်မှာလဲ ကျနော်မသိဘူး။ ဖမ်းတယ်ဆိုတာလည်း သိပ် မကြာပါဘူး၊ ပညာပေး ပြီးတော့ ပြန်လွှတ်တာတွေ ရှိတယ်။ အကြောင်းမဲ့ ဖမ်းတာတော့ မဟုတ်ပါဘူး၊ သူတို့က ဖမ်းတယ်ဆိုရင် မူးယစ် ဆေးဝါး လက်ဝယ်မှာ ရှိတာလား၊ ဒါမှမဟုတ် သုံးစွဲတယ်လို့ အဲဒီလို သက်သေရှိတာလား၊ အလွတ်ကြီး ဖမ်းတာတော့ မရှိပါဘူး”ဟုလည်း ပြောသည်။
ယခု ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ် အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-S)မှ အရပ်သား ကိုယ်စားလှယ် ခွန်စိုးထွန်းအောင်ကို မေးမြန်းရာတွင် ၎င်းက JMC-S ရုံးသို့ ပန်ပီး ကျေးရွာမှ ဒေသခံများ တစုံတရာ တိုင်ကြားစာ ပေးပို့လာမှု မရှိသေးကြောင်း၊ အစည်းအဝေးများလည်း ကျင်းပနိုင်မှု မရှိသေးသည့် အတွက် ထိုကိစ္စရပ်များကို ဖြေရှင်းရန် ခက်ခဲကြောင်း ပြန်လည် ဖြေကြားသည်။
လက်ရှိတွင် ပန်ပီးကျေးရွာသည် ဒေသခံ ၂၀၀ ကျော် နေထိုင်လျက်ရှိပြီး စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင် စားသောက်ကြကြောင်း သိရသည်။
ထိုဒေသခံများသည် တိုက်ပွဲရှောင်များ အဖြစ် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ တောင်ပိုင်း စစ်ဒေသသို့ တိမ်းရှောင်ခဲ့ကြရ ဖူးပြီး တပ်မတော်၏ လုံခြုံရေး စောင့်ရှောက်မှုဖြင့် ပြန်လည်၍ နေရပ်သို့ အခြေချ နေထိုင် နေသူများ ဖြစ်ကြသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၆ ရက်က PNLO နှင့် RCSS တို့ ပန်ပီး ကျေးရွာအနီး တိုက်ပွဲဖြစ်ကာ စစ်ရေး တင်းမာမှု များ ဖြစ်ပွားခဲ့ရာ ဒေသခံများက စိုးရိမ်မှုများဖြင့် နေထိုင်ခဲ့ကြရသည်ဟု ပြောသည်။ ထို့နောက် ၂၀၁၈ ခုနှစ် နိုဝင်ဘာ လ ၇ ရက်တွင် ပန်ပီးရွာက ဘုန်းကြီးကျောင်း မီးလောင်ခဲ့ပြီး ကိုရင် ၂ ပါး ပျံလွန်ခဲ့သလို ၂ ပါး ဒဏ်ရာ ရရှိမှု ဖြစ်ပွား ခဲ့သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင်လည်း ပေါက်ကျောင်း ကျေးရွာမှ အသက် ၁၁ နှစ်အရွယ် ခွန်ပီ ဆိုသော ကလေး ငယ် တဦး ပေါက်ကျောင်း ရွာနှင့် ပန်ပီး ရွာကြားတွင် မိုင်းထိကာ ဘယ်ဘက်ခြေထောက် အပြင်းအထန် ဒဏ်ရာရခဲ့ဖူး သကဲ့သို့ ဒီဇင်ဘာလ ၂၆ ရက်တွင်လည်း RCSS နှင့် PNLO တို့ ပန်ပီးရွာအနီး တိုက်ပွဲဖြစ်ခဲ့ကြသည်။
လက်ရှိတွင် ပန်ပီးကျေးရွာတွင် တပ်မတော် စစ်ကြောင်းများ အပါအဝင် RCSS နှင့် PNLO တပ်ဖွဲ့ဝင်များ လှုပ်ရှား သွား လာလျက် ရှိကြသောကြောင့် ဒေသခံများ စားဝတ်နေရေး အတွက် အပြင်ထွက်၍ လွတ်လွတ်လပ်လပ် ရှာဖွေ မစား သောက်ရဲဘဲ ဖြစ်နေသကဲ့သို့ ကျန်းမာရေး အရလည်း လွတ်လွတ်လပ်လပ် ဆေးသွားမကုရဲဘဲ ဖြစ်နေ ကြကြောင်း ဒေသခံများက ပြောဆိုကြသည်။
You may also like these stories:
ပျောက်ဆုံး မန်လီရွာသားများကို RCSS က ဖမ်းဟု စွပ်စွဲ
RCSS အပစ်ရပ် ကြေညာပြီးနောက် SSPP နှင့် တိုက်ပွဲဆက်ဖြစ်
တပ်မတော်၊ RCSS နှင့် SSPP သုံးပွင့်ဆိုင် တွေ့ဆုံရန် ရက် မသတ်မှတ်နိုင်သေး
NCA ရှေ့ ဆက်နိုင်ရေး ဖမ်းဆီးခံ ရဲဘော်များ ပြန်လွှတ်ပေးရန် RCSS/SSA တောင်းဆို