ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ အုံးဖျန်ဒုက္ခသည်စခန်းမှ ကရင်ဒုက္ခသည် မိသားစု ၃၉ စုမှ ဒုက္ခသည်စုစုပေါင်း ၁၅၁ ဦးတို့သည် တနင်္လာနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်ကြောင်း Bangkok Post သတင်းက ဆိုသည်။
ကရင်လူမျိုး အမျိုးသား ၃၅ ဦး အမျိုးသမီး ၃၆ ဦးနှင့် ကလေးငယ် ၈၀တို့ လိုက်ပါလာသည့် ကား ၂၅ စီးပါ ယာဉ်တန်း သည် အုန်းဖျန် ဒုက္ခသည် စခန်းတည်ရှိရာ မဲချန်မြို့ ဘန့်နို့ဘိုးကျေးရွာမှ မြန်မာနယ်စပ်ဘက်သို့ ထွက်ခွာခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ကို စစ်သားများ၊ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် အစိုးရမဟုတ်သော အဖွဲ့ အစည်း (NGO)များမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ပေးခဲ့ကြပြီး၊ နယ်စပ်တွင် မြန်မာအာဏာပိုင်များလက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ဒုက္ခသည်များကို ၂၀၁၆ ခုနှစ်မှစတင်၍ ပြန်ပို့နေခြင်းဖြစ်ပြီး ဒုက္ခသည်အများစုမှာ ကရင်များဖြစ်ကြ သည်။ လက်ရှိစာရင်းများအရ ဒုက္ခသည် ၉၀၀ ခန့် မူလနေထိုင်ရာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြပြီးဖြစ်သည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ဒုက္ခသည်များကို ၃၅ နှစ်တိုင်တိုင် ခိုလှုံခွင့်ပေးခဲ့သည်။ ဒုက္ခသည် ၁ သိန်းခန့်မှာ နယ်စပ်အနီးရှိ စခန်းများတွင် လက်ရှိခိုလှုံနေကြဆဲဖြစ်သည်။