ရခိုင်ပြည်နယ် အတွင်း ရသေ့တောင်၊ ကျောက်တော်နှင့် မင်းပြားမြို့ နယ်များတွင် ဇွန်လ ၃၀ ရက်နေ့က AA နှင့် တပ်မတော် ကြားနှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
ရသေ့တောင် မြို့နယ်အတွင်း ယမန်နေ့ နံနက် ၁၀ နာရီ ကျော်အချိန်မှ စတင်ကာ ကျောက်တန်း ကျေးရွာနှင့် လိုက်ဂွင် ကျေးရွာကြားတွင် တနေရာ၊ ရေဘုတ် ကျေးရွာအနီးတွင် တနေရာ စုစုပေါင်း ၂ နေရာတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ ကြောင်း AA အဖွဲ့က ထုတ်ပြန်ထားသည်။
အလားတူ ကျောက်တော်မြို့နယ် မင်းသားတောင်ရွာ အရှေ့ဘက် သစ်တပုံဆည် အနီးတွင်လည်းကောင်း၊ မင်းပြား မြို့နယ် သာစည်ကျေးရွာနှင့် ရွှေတမာကျေးရွာကြား တောင်တန်းများတွင်လည်းကောင်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။
ဦးခိုင်သုခက“မနေ့က တိုက်ပွဲဖြစ်တာကတော့ ရသေ့တောင်မှာ ၂ နေရာ၊ ကျောက်တော် မင်းသားတောင်ရွာ အရှေ့ ဘက် မှာ ၁ နေရာ၊ မင်းပြား သာစည် ကျေးရွာအနီးမှာ တနေရာ အားလုံး ၄ နေရာ ဖြစ်တာ ရှိတယ်။ တိုက်ပွဲကတော့ တော်တော် ပြင်းတယ်။ မင်းပြားမှာဆို မနက်ကတည်းက ဖြစ်တာ မိုးချုပ်မှာ ရပ်သွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မင်းပြားမဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က မင်းပြားမြို့နယ် သာစည် ကျေးရွာနှင့် ရွှေကျင် ကျေးရွာကြားတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် အတွက် ပတ်ဝန်းကျင်ကျေးရွာများမှ ဘေးလွတ် ရာ သို့ တိမ်းရှောင်နေရကြောင်းလည်း သိရသည်။
ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က“တိုက်ပွဲက ဒီနေ့လည်း ဖြစ်တုန်းပဲ၊ လက်နက်ကြီး ပစ်သံ တွေကို ကြားနေရတယ်။ အဲဒီအနားက ရွာသားတွေကတော့ အခု မင်းဖူးရွာကို ထွက်ပြေးလာကြတာ ရှိတယ်။ မနေ့က ဆို တနေကုန် ဖြစ်ကြတာ။ မိုးချုပ်မှ ရပ်သွားတယ်”ဟု ပြောသည်။
အလားတူ ရသေ့တောင်မြို့နယ် အတွင်းရှိ ကျောက်တန်း ကျေးရွာသားများနှင့် လိုက်ဂွင် ကျေးရွာသားများလည်း ဘေး လွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် ချင်းပြည်နယ် ပလက်ဝမြို့ အထက်ပိုင်းတွင်လည်း ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့က နှစ်ဖက် တိုက်ပွဲများ ပြင်းထန် ခဲ့ကြောင်း ဦးခိုင်သုခက ဆိုသည်။
ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်နှင့် ပလက်ဝ မြို့နယ်များတွင် ဇွန်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သော နှစ်ဖက် တိုက်ပွဲ အတွင်း တပ်မတော်က တပ်ဖွဲ့ဝင် ၅၀ ကျော် ကျဆုံးမှုနှင့်အတူ ထိခိုက် ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့ပြီး AA ဘက်ကလည်း တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက် ကျဆုံးမှုရှိကြောင်း AA က ထုတ်ပြန်ထားသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ကျောက်တော်၊ ရသေ့တောင်၊ မင်းပြား မြို့နယ် အတွင်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့မှုသည် မှန်ကန်ကြောင်း အတည်ပြုသော်လည်း တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင် ကျဆုံးမှု မရှိကြောင်း ပြောဆိုသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက“တိုက်ပွဲဖြစ်တာတော့ မှန်တယ်။ ထိခိုက်မှု အနည်းအကျဉ်းရှိတယ်။ ဘာအလောင်း၊ လက်နက်မှ ကျနော်တို့ဆီက သိမ်းဆည်းခံရတာမရှိဘူး။ AA က အကြားအမြင်များ ရနေသလား။ ဘယ်ဒေတာ အချက်အလက်ကို အခြေခံပြီး ထုတ်ပြန်နေတာလည်း ဆိုတာ ကျနော်လည်း မသိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်မှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ ရွှေတြိဂံတိုင်း စစ်ဌာနချုပ် စသည့် စစ်တိုင်းကြီး ၅ ခုတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ တကြိမ်၊ ၂၀၁၉ နှစ် မေလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ၁ ကြိမ် စစ်ရေးဆိုင်ရာ လှုပ်ရှားမှု နှစ်ကြိမ် ရပ်ဆိုင်းခဲ့သော်လည်း ထိုစစ်တိုင်းထဲတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပါဝင်ခဲ့ ပါ။
အဆိုပါ စစ်တိုင်းကြီး ၅ ခုအား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပိုမိုဆောင်ရွက် လုပ်ကိုင်နိုင်ရန် ဟုဆိုကာ စစ်ရေး လှုပ်ရှားမှု အားလုံးကို ရပ်ဆိုင်းကြောင်း ၂၀၁၉ ခုနှစ် သြဂုတ် ၃၁ ရက်နေ့အထိ သက်တမ်း ၂ လ ထပ်မံ တိုးလိုက် သော်လည်း AA အဖွဲ့ ရှိနေသည့်နေရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဧရိယာ မပါဝင်ကြောင်း သိရသည်။
AA သတင်းပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက AA တပ်ဖွဲ့ဝင်များ ရှိနေသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ယင်းသို့ ချန်လှပ်ထားခြင်းသည် တပ်မတော်၏ တိုင်းရင်းသား နယ်မြေများတွင် လုပ်နေကျ ဗျူဟာတခုသာ ဖြစ်ကြောင်း ပြောသည်။
၎င်းက“ဒီဟာတွေက သူတိုရဲ့ တိုင်းရင်းသား နယ်မြေတွေမှာ လုပ်နေကျ ဗျူဟာအတိုင်း လုပ်နေတာ ဖြစ်တယ်။ ရခိုင် စစ် မျက်နှာမှာကို အပြင်းအထန် တိုက်မယ်ဆိုတာ ဖော်ပြနေတယ်”ဟု ပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုသည် လက်ရှိအချိန်အထိ တိုက်ပွဲကြီး၊ တိုက်ပွဲငယ် ဖြစ်ပွားမှု အကြိမ်ရေ ၆၀၀ ခန့်အထိ ရှိလာကြောင်း၊ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA)တို့သည် ပြီးခဲ့သော ဇွန်လ တလလုံး တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိလည်း တပ်မတော်က ကုန်းလမ်း၊ ရေလမ်းများမှ လူသူ လက်နက်များ တင်ပို့နေသည့် အတွက် တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေများ ရှိကြောင်းလည်း AA သတင်း နှင့် ပြန်ကြားရေး အဖွဲ့က ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ စစ်ဘေးရှောင် ၅၀၀၀၀ နီးပါးအထိ ရှိလာပြီ ဖြစ်ကာ အရပ်သား ထိခိုက်သေဆုံးမှုနှင့် ဖမ်းဆီး၊ တရားစွဲခံရမှုလည်း များပြားလာနေကြောင်း သိရှိရသည်။
You May Also Like These Stories:
ရခိုင် တိုက်ပွဲတွေကြားက မြေစာပင်များ
ရခိုင်၌ ICRC ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်တန်း တိုက်ခိုက်ခံရ