Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအား ဦးဝီရသူကို ထောက်ခံသူ တဦးက ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ)ဖြင့် တရားစွဲထားသည့် အမှုကို ယနေ့တွင် မဟာအောင်မြေမြို့နယ် တရားရုံးက ပလပ်ကြောင်း အမိန့်ချမှတ်လိုက်သည်။
ကိုဆွေဝင်း၏ ရှေ့နေ ဖြစ်သူ ဒေါ်ရွက်နုအောင်က “ကိုဆွေဝင်းအမှုနဲ့ ပတ်သက်ပြီးတော့ ဒီနေ့ တရားရုံးက အမိန့်ချပါတယ်။ စွဲဆိုထားတဲ့ ပုဒ်မက ငြိစွန်းမှုမရှိဘူး၊ ငြိစွန်းအောင်လည်း သက်သေမပြနိုင်ဘူး။ သက်သေတွေလာဖို့လည်း တရား လိုဘက် က ဆောင်ရွက်ပေးရမယ့် အခြေအနေတွေ ပျက်ကွက်ခဲ့တယ်။ သက်သေပြဖို့ တာဝန်လည်း ပျက်ကွက်ခဲ့တယ် ဆိုပြီး ရုံး တော်ကနေ ပယ်လိုက်တယ်။ ပယ်တယ် ဆိုတာ ကိုဆွေဝင်းကို စွဲချက်မတင်ခင်မှာ လွှတ်တယ်ဆိုပြီး အမိန့်ချခဲ့ တယ်” ဟု ပြောသည်။
အဆိုပါကဲ့သို့ ပလပ်ခဲ့ရခြင်းမှာ တရားလိုပြသက်သေများ လာရောက် စစ်ဆေးခံခြင်း မရှိသည့်အတွက် မြို့နယ်တရားရုံးက အမှုကို ပလပ်ပေးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန် ၁၇ ရက် ရုံးချိန်းက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၂၅၃ (၂)အရ အမိန့် တစုံတရာ ချမှတ်ပေးရန် ကိုဆွေဝင်း ၏ ရှေ့နေ ဒေါ်ရွက်နုအောင် က လျှောက်ထားခဲ့ပြီး တရားလို ရှေ့နေ ဦးဇော်ဝိတ်၏ ပြန်လည် လျှောက်ထားမှု အပေါ် ယနေ့ ရုံးချိန်းတွင် မြို့နယ် တရားသူကြီးက နှစ်ဖက် လျှောက်လဲချက် အပေါ် အမှုကို ပလပ်ရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မဟာအောင်မြေမြို့နယ်နေ ဝံသာနုအားမာန်အဖွဲ့(အထက်မြန်မာပြည်)မှ ကိုကျော်မျိုးရွှေက ဆရာတော် ဦးဝီရသူ၏ မိန့်ကြားချက်ကြောင့် ၂၀၁၇ ခုနှစ် မတ်လ ၇ ရက်တွင် အမှတ်၇ နယ်မြေရဲစခန်း ၌ ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ)ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ၏ ဥပဒေရေးရာ အကြံပေးပုဂ္ဂိုလ် တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အသတ်ခံရ သည့် ကိစ္စနှင့် ပတ်သက်၍ ဦးဝီရသူသည် ပြစ်မှုကျူးလွန်သူများကို ဆရာတော် ဦးဝီရသူမှ ကျေးဇူးတင်ကြောင်းနှင့် ရှေ့နေ ဦးကိုနီအား ခွေးရူးဟု ခိုင်းနှိုင်း၍ ရေးခဲ့သည့်ကို ဆရာတော် ဦးစန္တိတမှ လူဝတ်လဲစေသင့်သည့် တတိယ ပါရာဇိ ကံမြောက် သည်ဟူသော ပြောဆိုချက်အား Myanmar Now သတင်းစာတွင် ဖော်ပြပါရှိခဲ့သည်။
အဆိုပါ သတင်းအား Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် မျှဝေခဲ့ခြင်း ကြောင့် ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ)ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း ဖြစ်ပြီး ကိုဆွေဝင်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃၀ ရက်က ရန် ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခဲ့ကာ တရားရုံးက အာမခံဖြင့် အမှုရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက “ထူးထူးခြားခြား မရှိပါဘူး။ တရားရုံးကနေ ဥပဒေအတိုင်း လုပ်ပေးလိုက် တယ် ဆိုတဲ့သဘောပါပဲ။ ကျနော့် နစ်နာမှုတွေ အတွက် ကျနော့်ရဲ့ ရှေ့နေနဲ့တိုင်ပင်ပြီးမှ ဆက်လုပ်ရမှာပါ။ အခုတော့ ဘာမှ မသိရသေးပါဘူး။ ဒီနေ့ တရားစီရင်ရေးက စစ်အစိုးရ လက်ထက်ကထက် အတိုင်းအတာတခု အထိ သာလွန်လာတယ်လို့ ပြောလို့ရပါတယ်” ဟု ပြောသည်။
ယင်းအမှုတွင် တရားလိုပြ သက်သေ ၁၃ ဦး တင်ပြထားရာ ၂ ဦးမှာ ဖယ်ရှားခံထားရပြီး တရားလိုပြ သက်သေ ၇ ဦးကို စစ် ဆေးခဲ့ကာ ကျန်ရှိနေသည့် သက်သေ ၄ ဦး အနက်မှ တဦးဖြစ်သည့် မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် က သက်သေအဖြစ်မှ ပယ်ဖျက်ပေးရန် တင်ပြထားသည့် အတွက် တရားလိုပြသက်သေ ၃ ဦးသာ စစ်ဆေးရန် ကျန်ရှိတော့ သည်။
အဆိုပါကျန်ရှိနေသည့် တရားလိုပြသက်သေ ၃ ဦးမှာ ဦးဝီရသူ၊ ရဲအုပ်ကျော်သူနှင့် ကိုကျော်စွာထွန်းတို့ဖြစ်ပြီး ရဲအုပ်ကျော် သူမှာ အဂတိအမှုဖြင့် တရားစွဲခံထားရခြင်း၊ ကိုကျော်စွာထွန်းမှာ ခရီးလွန်နေခြင်း တို့ကြောင့် ခိုင်မာမှု မရှိသည့် အတွက် အမှုကို ပလပ်ပေးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အမှုမှ အဓိက တရားလို သက်သေဖြစ်သည့် ဆရာတော် ဦးဝီရသူကို တရားရုံး ဆင့်ခေါ်မှု အကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့သော်လည်း လာရောက် ထွက်ဆိုခြင်းမရှိသည့် အတွက် အမှုမှာ ကြန့်ကြာနေခဲ့ရခြင်း ဖြစ်ပြီး ယခုအခါ ဦးဝီရသူမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၁၂၄(က)ဖြင့် ဖမ်းဝရမ်းထုတ် ခံထားရသောကြောင့် ထွက်ပြေး တိမ်းရှောင်နေသည့် အခြေအနေ တွင် ရှိနေသည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ တရားလိုဘက်မှာ မြို့နယ်ရုံး၏ အမိန့်ကို ကျေနပ်ခြင်း မရှိပါက အထက်ရုံး အဆင့်ဆင့် တက်ပိုင်ခွင့်ရှိ ကြောင်း သိရသည်။
တရားလိုဖြစ်သူ ကိုကျော်မျိုးရွှေက တရားခွင်အပြီး မီဒီယာများ၏မေးမြန်းမှုအပေါ် “အမှန်တကယ် ကျုးလွန်ထားတဲ့ အတွက် ပြစ်ဒဏ်ကျခံစေဖို့ တရားရုံး အဆင့်ဆင့်ကို ဆက်တက်သွားမယ်။ သူလုပ်ထားတဲ့ အပြစ်အတိုင်း ပြစ်ဒဏ် ခံရအောင် ကျနော်လုပ်သွားမယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါ အမှုသည် ယနေ့ရုံးချိန်း အပါအဝင် ရုံးချိန်းပေါင်း ၇၀ခန့် ရှိခဲ့သလို ၂ နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရ သည်။
ဆက်စပ်ဖတ်ရှု့ရန်
ဦးဝီရသူကို သီးခြားသက်သေယူရန် လျှောက်လှဲချက် ကိုဆွေဝင်း ရှေ့နေကန့်ကွက်
Myanmar Now အမှု တရားလိုကို ထောင်ဒဏ်ချမှတ်
ကိုဆွေဝင်းအမှု မြို့နယ် သံဃနာယက ဥက္ကဋ္ဌက တရားလိုပြ သက်သေ အဖြစ်မှ ပယ်ပေးရန် တင်ပြ
ဦးဝီရသူကို ရန်ကုန်တိုင်း သံဃ မဟာနာယကမှ ခေါ်ယူ သြဝါဒပေးမည်