သန်လျင်မြို့နယ်နေ အမျိုးသမီးတဦးကို တရုတ်နိုင်ငံသို့ လူကုန်ကူးခဲ့သူ ၅ ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၃၂ တို့ဖြင့် သန်လျင်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ သိရသည်။
လူကုန်ကူးခံရသည့်အမျိုးသမီး မသန္တာ(အမည်လွဲှ) ကို အစ်မအရင်းဖြစ်သူ မဇာဇာ(ခ) မဇာခြည်ဝင်းနှင့် အပေါင်းအပါ ၄ ဦးတို့သည် တရုတ်နိုင်ငံရှိ စပျစ်ခြံတွင် အလုပ်ရမည်ဟု ခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံ အရှေ့မြောက် အလယ်ပိုင်းရှိ ဟယ်နန်ပြည်နယ်မှ တရုတ်အမျိုးသား ရီချိုဖီးထံတွင် တရုတ်ယွမ်ငွေ ၆ သောင်း(ကျပ်သိန်း ၁၂၀ ခန့်) ဖြင့် ရောင်းချခဲ့ကြောင်း၊ ရီချိုဖီးနှင့် ၃ နှစ်ကျော်ခန့် ပေါင်းသင်းခဲ့ရကြောင်း သိရသည်။
ထို့နောက် ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်နိုင်ငံမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ရန်ကုန်တိုင်း၊ လူကုန်ကူးရဲတပ်ဖွဲ့မှ အဆိုပါ လူကုန်ကူးခံရသည့် အမျိုးသမီးနှင့်တွေ့ဆုံကာ ၎င်းကို ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့သည့်သူများကို အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း လူကုန်ကူးရဲတပ်ဖွဲ့မှ ရဲမှူးခင်မောင်ကြွယ်ကပြောသည်။
ရဲမှူးခင်မောင်ကြွယ်က “လတ်တလောမှာတော့ လူကုန်ကူးခံရတဲ့အမျိုးသမီးရဲ့ အစ်မအရင်းကိုပဲ ဖမ်းလို့မိသေးတယ်။ မူဆယ်က လူကုန်ကူးရဲတပ်ဖွဲ့ဆီတော့ အကြောင်းကြားထားတယ်။ ကျန်တဲ့သူတွေက သန်လျင်မှာ မရှိတော့ စုံစမ်းနေဆဲပဲ။ မူဆယ်မှာ သူ့အမှုတွဲဖြစ်တဲ့တဦးက လူကုန်ကူးအမှုနဲ့ပဲ တရားစွဲခံထားရတယ်လို့လည်း ကြားတယ်။ သေချာအောင် မေးထားတုန်းပဲ။ လောလောဆယ် တယောက်ပဲ မိတယ်လို့တော့ ပြောရတော့မှာပဲ” ဟု ပြောသည်။
လူကုန်ကူးမှု ဥပဒေပုဒ်မ ၂၄/ ၃၂ အရ မည်သူမဆို အမျိုးသမီးများ၊ ကလေးသူငယ်များ၊ လူငယ်များအား လူကုန်ကူးမှု ကျူးလွန်လျှင်၊ အားပေးကူညီလျှင်၊ ပူးပေါင်းပါဝင်လျှင်၊ ငွေကြေးထောက်ပံ့ပေးလျှင် အနိမ့်ဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အမြင့်ဆုံး ထောင်ဒဏ် တသက်တကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
အသက် ၂၈ နှစ်အရွယ် မသန္တာ(အမည်လွဲှ) သည် လွန်ခဲ့သော ၃ နှစ်ကျော်ခန့်က သန်လျင်မြို့နယ်တွင် လယ်စာရင်းငှားအလုပ်ဖြင့် အမျိုးသားဖြစ်သူနှင့်အတူ အသက်မွေးဝမ်းကြောင်းပြုနေစဉ် အစ်မအရင်းဖြစ်သူ မဇာဇာက တရုတ်နိုင်ငံတွင် စပျစ်ခြံအလုပ် လုပ်ရမည်ဖြစ်ကြောင်း၊ စရံငွေကျပ် ၁၀ သိန်းပေးမည်ဖြစ်ကြောင်း၊ စပျစ်ခြံတွင် မိမိလုပ်နိုင်လျှင် လုပ်နိုင်သလောက် ဝင်ငွေရမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးပြီး သူနှင့် နောက်တဦးကို ခေါ်ဆောင်ကာ တရုတ်ပြည်သို့ ကိုယ်တိုင်ပို့ဆောင်ခဲ့သည်။
တရုတ်ပြည်ရှိ ပွဲစားအိမ်သို့ ရောက်ပြီးနောက်တွင် မဇာဇာမှ မိမိတို့ကို မလတ်လတ်ဆိုသည့် ပွဲစားတဦး၏ နေအိမ်တွင် ထားခဲ့ကာ ပွဲစားမလတ်လတ်မှ မိမိတို့ကို ပြည်တန်ဆာအလုပ်လုပ်မည်လား၊ တရုတ်အမျိုးသားနှင့် လက်ထပ်မည်လားဆိုပြီး ရွေးချယ်ခိုင်းကာ အခန်းထဲတွင် ပိတ်လှောင်ထားပြီး နောက်ဆုံး တရုတ်အမျိုးသားဖြစ်သူနှင့် လက်ထပ်ရန် ရွေးချယ်လိုက်ရကြောင်း မသန္တာက ပြောသည်။
တရုတ်အမျိုးသား ၃ ဦးအနက်မှ ဈေးအများဆုံး ပိုပေးသည့် ရီချိုဖီးဆိုသူနှင့် ပေါင်းသင်းနေထိုင်ခဲ့ရပြီး ရီချိုဖီးနှင့် သားတဦး မွေးဖွားခဲ့ကြောင်း၊ တရုတ်ပြည်တွင် မိမိကို တရားဝင် စာချုပ်စာတမ်းဖြင့် လက်ထပ်ခြင်းမဟုတ်သလို ရီချိုဖီးမှ ၎င်းအလိုရှိချိန်(ပြည်တန်ဆာကဲ့သို့) တွင်သာ ကောင်းမွန်စွာပြောဆိုဆက်ဆံကြောင်း၊ အခန့်မသင့်လျှင် မျက်နှာကို ဖိနပ်ဖြင့်ရိုက်ပြီး နှိပ်စက်တတ်ကြောင်း မသန္တာက ၎င်းတွေ့ကြုံခဲ့ရပုံများကို ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းကမှ သန်လျင်မြို့နယ်ရှိ မသန္တာ၏ မိဘများ၊ အမျိုးသားဖြစ်သူတို့နှင့် ဖုန်းအဆက်အသွယ်ပြန်ရပြီး နောက်ပိုင်းတွင် ထွက်ပြေးရန်အတွက် ကြိုတင်ပြင်ဆင်ခဲ့ရကြောင်း၊ သန်လျင်မြို့နယ်ရှိ အမျိုးသားဖြစ်သူက မူဆယ်မြို့တွင် ၅ ရက်ခန့် ကြိုတင်စောင့်ဆိုင်းနေခဲ့ပြီး မသန္တာထွက်ပြေးလာချိန်တွင် ပြန်လည်ခေါ်ယူနိုင်ရန် အဆင်သင့် ပြင်ဆင်ခိုင်းခဲ့ရကြောင်း သူက ဆိုသည်။
မသန္တာက “ကျမ တရုတ်ပြည်သွားတုန်းက အခုသန်လျင်က အမျိုးသားနဲ့ရတဲ့ ကိုယ်ဝန် ၅ လခန့် ပါသွားတယ်။ ဟိုမှာ ၃ နှစ်ကျော်နေခဲ့ရတုန်းက သားတယောက် တရုတ်နဲ့ထပ်မွေးခဲ့ရတယ်။ ကျမပြန်လာတော့ ကျမတို့ရဲ့ မြန်မာသွေးဖြစ်တဲ့ သားကိုပဲ ပြန်ခေါ်လာပြီး တရုတ်နဲ့ရတဲ့ကလေးကို ထားခဲ့တယ်။ တရုတ်က ကျမပါသွားတဲ့ကိုယ်ဝန်က မွေးတဲ့ကလေးကို ဆေးလိပ်ကအစ၊ ဘီယာကအဆုံး အကျင့်ပျက်အောင် လုပ်ခဲ့တာ။ ၃ နှစ်တောင်မပြည့်သေးတဲ့ ကလေးက ဆေးလိပ်သောက်တတ်နေပြီ။ တော်တော်လေး ပြန်လေ့ကျင့်ပေးရဦးမယ်။ အဲဒီပြန်ခေါ်လာတဲ့ကလေးက မြန်မာစကားကို နားမလည်သေးဘူး” ဟု ဆိုသည်။
ယခုလို မိမိ၏ ဇနီးသည် တရုတ်ပြည်တွင် လူကုန်ကူးခံရခြင်းကို ပြန်လည်လွတ်မြောက်ရန် လိုက်ကူညီခဲ့သလို သတင်းမီဒီယာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ကျူးလွန်သူများ ဖမ်းဆီးရမိရေးကို ဆောင်ရွက်ခဲ့သည့်အတွက် မိမိလက်ရှိ အလုပ်လုပ်ကိုင်နေသည့် ပိုင်ရှင်ဖြစ်သူက မိမိတို့ကို အလုပ်ဖြုတ်ကာ ၎င်း၏ ခြံအတွင်းမှမောင်းထုတ်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း မသန္တာ၏ အမျိုးသားဖြစ်သူက ပြောသည်။
လတ်တလောတွင် မိမိတို့မိသားစုကို သန်လျင်မြို့နယ်ရှိ လူကုန်ကူးမှုများကို လူကုန်တားရဲတပ်ဖွဲ့နှင့်ချိတ်ဆက်ကာ ကူညီပေးနေသည့် ပရဟိတအဖွဲ့မှ စီစဉ်ပေးထားသည့် နေအိမ်သို့ ရွှေ့ပြောင်းနေထိုင်နေရပြီး မိသားစုစားဝတ်နေရေးအတွက် ကြုံရာအလုပ်ကို လုပ်ရန် ပြင်ဆင်နေသည်ဟု သူက ဆက်ပြောသည်။
မသန္တာ၏ အမျိုးသားက “ကျနော်တို့ကို အလုပ်ရှင်က သူ့အလုပ်ပျက်တယ်၊ ရှုတ်ရှပ်ခက်တယ်ဆိုပြီး ဒီအလုပ်ကနေ ထုတ်လိုက်တယ်။ ကျနော်တို့ လမ်းဘေးကို ရောက်သွားရပြီ။ ကူညီပေးတဲ့သူတွေရှိလို့ အိပ်စရာကို ၃ လလောက်တော့ ခေတ္တနေလို့ရတာပေါ့။ ကျနော်တို့အတွက် အမှန်တရားက ဘာလဲလို့ မေးရတော့မယ်ဗျာ။ ကိုယ့်မိသားစုလည်း ခံရသေးတယ်။ ဒါကိုတောင်မှ မရပ်တည်ပေးကြတဲ့သူတချို့ကို တွေ့ရတော့ စိတ်ပျက်မိတယ်” ဟု ဆိုသည်။
ဆက်စပ်ဖတ်ရှုရန် – သန်လျင်က လူကုန်ကူးခံရသည့် အမျိုးသမီး အမှုဖွင့်ရန်ပြင်ဆင်