မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့သည့် မွတ်စလင်များ အပေါ် ကျူးလွန်သည်ဟု စွပ်စွဲခံထားရ သော ရာဇဝတ်မှု ဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အပြည့်အဝ စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC)၏ ကြိုးပမ်းမှုကို နေပြည်တော်က လက်မခံကြောင်း ဆိုသည်။
တပ်မတော်နှင့် ပြည်သူ့ လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီတို့က ICC ၏ ဆောင်ရွက်ချက်များနှင့် ပတ် သက်၍ ပြန်လည် ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး အစိုးရ၊ သမ္မတရုံးက ၎င်းတို့၏ မူလ ရပ်တည်ချက် အတိုင်းဟု ပြောဆို သဖြင့် ICC ကို လက်မခံကြောင်း ထပ်မံ ပြသခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို အာရကန် ရိုဟင်ဂျာ ကယ်တင် ရေးတပ် (ARSA) အဖွဲ့ ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက် များ ထွက်ပေါ်လာခဲ့သည်။
ထို့ကြောင့် ICC အဖွဲ့ဝင်ဖြစ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မြန်မာပြည်ဆိုင်ရာ အခြေအနေများနှင့် ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် တရားသူကြီးများထံမှ တောင်းခံမည် ဖြစ်ကြောင်း တရားစွဲ ရှေ့နေ ဖက်တူးဘန်ဆူဒါက ပြော ကြောင်း နိုင်ငံတကာ သတင်းများ၌ ဖော်ပြသည်။
ICC ရှေ့နေ ဖက်တူးဘန်ဆူဒါ၏ စုံစမ်းစစ်ဆေးမှုတွင် မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဖြစ် ပွားခဲ့သည့် လုံခြုံရေး စခန်းများ အကြမ်းဖက်ခံရမှုကို တန်ပြန်သည့် တပ်မတော် ဦးဆောင်သော လုံခြုံရေး တပ်ဖွဲ့ဝင် များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးတော့မည် ဖြစ်သည်။
ယင်းသို့ တောင်းဆိုမှုကို ကြားနာရန် တရားသူကြီး ၃ ဦး ပါဝင်သော အဖွဲ့ကို တာဝန်ပေးထားကြောင်း ICC က သီးခြား ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဒါတွေကတော့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ သူတို့ရဲ့ ဆုံးဖြတ်မှုကတော့ သမိုင်းကပဲ အဆုံးအဖြတ် ပေးလိုက်လိမ့်မယ်။ အခု သူတို့ လုပ်နေတဲ့ဟာက တရားသူကြီး ၃ ယောက်ပါတဲ့ အဖွဲ့ကို လွှဲအပ်လိုက်တာ ရှိတယ်။ မြန်မာသည် ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ဘဲ ဒီကိစ္စနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်က ICC အဖွဲ့ဝင်နိုင်ငံ ဆိုပြီးတော့ ဆွဲချိတ်ထားတယ်”ဟု ပြောသည်။
သို့သော် ၎င်းတို့အနေဖြင့် ICC ကို လေ့လာကြည့်ရာတွင် ၎င်းတို့ လေးစားလိုက်နာမည့် အချက်မှာ နိုင်ငံတခုတွင် တရားစီရင်ရေး စနစ်ကောင်းမွန်ပါက ဝင်၍ မရကြောင်း၊ တရားစီရင်ရေး အလုပ်မဖြစ်မှာသာ ဝင်ရောက်ခွင့် ရှိသဖြင့် မြန်မာနိုင်ငံတွင် အရပ်ဘက်၊ စစ်ဘက် တရားစီရင်ရေး ၂ ခုလုံး ကောင်းမွန်နေကြောင်း တပ်မတော် ပြောရေးဆိုခွင့် ရှိသူများက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“အစိုးရ တရားစီရင်ရေး၊ စစ်ဘက် တရားစီရင်ရေး အလုပ်လုပ်နေတဲ့အပေါ်မှာတော့ နိုင်ငံ တကာ အဖွဲ့အစည်းတွေ အနေနဲ့ သူတို့ရဲ့ ပဋိဉာဉ်တွေအတိုင်း လေးစားဖို့ လိုတယ်လို့တော့ ပြောချင်တယ်။ အကြံပြု လိုတယ်”ဟု ပြောသည်။
ယခုအခါ ရခိုင်အရေး စုံစမ်းဖော်ထုတ်ရန် အဖွဲ့အစည်းတချို့ကို ကုလသမဂ္ဂမှ ငွေရေးကြေးရေး လုပ်ပိုင်ခွင့် အပ်နှင်း လိုက်သည်မှာလည်း ယခု ပြဿနာကို ဖြေရှင်းနိုင်ရန် ပြေလည်မည့် နည်းလမ်းဟု မယုံကြည်ကြောင်း ပြည်သူ့ လွှတ် တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဝင် ဒေါ်ပြုံးကေသီနိုင်က ပြောသည်။
ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါ်ပြုံးကေသီနိုင်က “မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး ပေါ်လစီမှာ UN ဟာ ဘယ်လိုနေရာမှာ ရှိနေတယ်။ နောက် UN နဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးဟာ ဒီပြဿနာကို ဖြေ ရှင်းဖို့ အတွက်ဆိုရင် အထူး ပိုပြီးတော့ ယုံကြည်တဲ့ အနေအထား ကောင်းမွန်တဲ့ အနေအထားရောက်အောင် မြန်မာ နိုင်ငံဘက်ကရော UN ဘက်ကရော ကြိုးပမ်းသင့်တယ်”ဟု ပြောသည်။
လွှတ်တော် အနေဖြင့် ဖြစ်စေ၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ အနေဖြင့် ဖြစ်စေ ရခိုင်အရေးနှင့် ပတ်သက်၍ ခိုင် မာသည့် ရပ်တည်ချက်တခုခုကို ထုတ်ပြန်ရန် လိုအပ်ပြီး မြန်မာနိုင်ငံကို အရေးယူ ဒဏ်ခတ်ချင်သည့် အသိုင်းအဝိုင်း ကလည်း ၎င်းတို့၏ လုပ်စရာရှိသည့် အလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အဲဒီတော့ မြန်မာတွေဘက်က တုံ့ပြန်တဲ့အခါမှာလည်း မြန်မာနိုင်ငံက သက်ဆိုင်ရာ State Holder တွေ အကုန်လုံး က တကယ့် ရည်မှန်းချက် ခိုင်ခိုင်မာမာ ရှိပြီးတော့၊ အဲဒီအပေါ်မှာ မြန်မာနိုင်ငံတခု အနေနဲ့ ရပ်တည် ပြီးတော့ ပြန်ပြီး ရင်ဆိုင်သင့်တယ်”ဟု ဒေါ်ပြုံးကေသီနိုင်က ပြောသည်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ ပုဂ္ဂိုလ်များသည် လေထဲတွင်သာ ရှိနေသည့် ဇာတ်ကြောင်းပုံပြင်များကို အခြေ ခံပြီး မြန်မာနိုင်ငံကို စွပ်စွဲမှုများ ပြုလုပ်နေသော်လည်း မြန်မာ အစိုးရက မငြင်းဆိုဘဲ ခိုင်မာသည့် အထောက်အထား များ ပေးရန် တောင်းထားကြောင်း မြန်မာအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက ၂၀၁၈ ခုနှစ် မေလက ပြောဆို ထားသည်။
ယခုလည်း ICC အဖွဲ့ဝင် မဟုတ်သည့် မြန်မာကို နိုင်ငံတကာနှင့် ICC သမိုင်းတွင် မရှိဘူးသေးသည့် အကွက်ဆန်း များဖြင့် ပြုလုပ်လာပါကလည်း လက်ခံမည် မဟုတ်ကြောင်း၊ ယခုအချိန်တွင်လည်း ထိုအတိုင်းပင် ရပ်တည်လျက်ရှိ ကြောင်း သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။
တပ်မတော်ကမူ ၎င်းတို့သည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ရခိုင် အရေးအခင်းများနှင့် ပတ်သက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး တဦး ဦးဆောင်သည့် စုံစမ်း စစ်ဆေးရေး အဖွဲ့၊ ဗိုလ်ချုပ်တဦး ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ခုံရုံးတခုတို့ကို ဖွဲ့စည်း ခဲ့ကြောင်း၊ ယင်း ၂ ဖွဲ့၏ တွေ့ရှိချက် ရလဒ်များအပေါ် မူတည်ပြီး အရေးယူထားကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ရှမ်းပြည် မိုင်းယောင်းမှာ အရပ်သား သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်တဲ့အခါ အလောင်းမြုပ်နှံတယ်ဆိုတာ ပေါ်ပေါက်လို့ အရေးယူလိုက်တာတွေ ရှိတယ်။ အနီးစပ်ဆုံး ဥပမာအနေနဲ့ကတော့ ဗန်း မော်ဘဏ်မှာ လုယက်မှု ကျူးလွန်ခဲ့တဲ့ တပ်ကြပ်ကြီးကို အမြန်ဆုံး တရားစီရင်ခဲ့ပြီးတော့ ထောင်ဒဏ်ချလိုက်တာတွေ ရှိတယ်”ဟု ပြောသည်။
မြန်မာကို အရေးယူနိုင်မည့် အဖွဲ့မှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်သာ ရှိပြီး ကျန်သည့် အဖွဲ့များ၏ အရေးယူနိုင်မှုမှာ နိုင်ငံရေး ဆုံးဖြတ်ချက်လောက်သာ လုပ်၍ ရကြောင်း၊ လက်ရှိတွင် ကုလတွင် ဗီတို အာဏာစနစ် အရ မြန်မာ အစိုးရဘက်တွင် ရုရှားနှင့် တရုတ်နိုင်ငံတို့ ကာပေးမည့် အနေအထားမျိုး ရှိကြောင်း နိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်းက ပြောသည်။
ဦးအောင်သူငြိမ်းက “အဲဒီတော့ ချက်ချင်းကြီး ဒီလိုချည်း ဝင်အရေးယူမယ် ဆိုတဲ့ ကိစ္စမျိုးကတော့ လုပ်ဖို့ ခက်တယ်။ လုပ်လို့ ရတာကတော့ ပိတ်ဆို့တာတို့ သူတို့ (တပ်မတော် ခေါင်းဆောင်များ) နိုင်ငံခြားသွားမယ်ဆိုရင် ဗီဇာပိတ်ဆို့ မယ်။ နိုင်ငံခြား ရောက်တဲ့အချိန်မှာ အရေးယူမယ်။ အဲဒီလို အနေအထားမျိုးတွေကတော့ ပိုဖြစ်နိုင်တာပေါ့”ဟု ဆို သည်။
မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် မဟုတ်သော်လည်း အချို့သော ရာဇဝတ်မှုများမှာ နယ်စပ်ဖြတ်ကျော်သည့် သဘော သဘာဝရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ICC အဖွဲ့ဝင်ဖြစ်သောကြောင့် စီရင်ခွင့်ရှိသည်ဟု လွန်ခဲ့သော စက်တင်ဘာ လက ICC က ဆုံးဖြတ်ခဲ့သည်။
“ရိုဟင်ဂျာများ အပေါ်လုပ်ဆောင်သည့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်သော တိုင်းပြည်မှ နှင် ထုတ်ခြင်းကို ICC အနေဖြင့် စီရင်ပိုင်ခွင့် ရှိသည်” ဟု စက်တင်ဘာလက ထုတ်ပြန်သော စီရင်ချက်တွင် ဖေါ်ပြထား သည်။
“ရာဇဝတ်မှု၏ အခြေခံ တခုဖြစ်သော နယ်စပ်ဖြတ်ကျော်ခြင်းသည် အဖွဲ့ဝင် (ဘင်္ဂလားဒေ့ရှ်) နိုင်ငံတွင် ဖြစ်ပွားခဲ့ သည်” ဟုလည်း ထိုစီရင်ချက်တွင် ဖေါ်ပြသည်။
ထိုစီရင်ချက်ကို ပယ်ချကြောင်း မြန်မာအစိုးရက နောက်တနေ့တွင် ကြေညာသည်။
အဖွဲ့ဝင် ၁၂၂ နိုင်ငံပါသည့် ကုလသမဂ္ဂ ကျောထောက် နောက်ခံပြု ICC သည် နောက်ဆုံး ဆုံးဖြတ်ချက်ချသည့် တရား ရုံးဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံများက ၎င်းတို့၏ ပိုင်နက်အတွင်း စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် မလုပ်ဆောင်နိုင် သော အခါနှင့် မလုပ်ဆောင် လိုသောအခါမှသာ သို့မဟုတ် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အမှုကို လွှဲပြောင်းပေးသော အခါမှသာ ဝင်ရောက် ဆောင်ရွက်လေ့ရှိသည်။
အမေရိကန်ပြည်ထောင်စု၊ ရုရှားနှင့် တရုတ်နိုင်ငံများသည် ICC အဖွဲ့ဝင်များမဟုတ်ဘဲ ဗီတိုအာဏာဖြင့် ပယ်ချနိုင် သောကြောင့် လုံခြုံရေး ကောင်စီက အမှုလွှဲပြောင်းပေးပို့ခြင်း မရှိသလောက်ပင် ဖြစ်သည်။
ဆီးရီးယားနိုင်ငံ ကိစ္စတွင် ရုရှားနိုင်ငံက ဗီတိုအာဏာ သုံးခဲ့ဖူးသည်။
ဆက်စပ်ဖတ်ရှု့ရန်
ICC နှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ဟု မြန်မာပြော
ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ စစ်ခုံရုံး ဖွဲ့ စစ်မည်