ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် အတွင်း တပ်မတော် နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ် မတော် (TNLA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း နှစ်ဖက် တာဝန်ရှိသူများက ဧရာဝတီသို့ ပြောသည်။
လားရှိုးမြို့နယ် အတွင်း လှုပ်ရှားနေသောTNLA ၏ တပ်မဟာ (၆) လက်အောက်ခံ တပ်ဖွဲ့နှင့် တပ်မတော် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) (၁၀) လက်အောက်ခံ ခြေမြန် တပ်ရင်း (ခမရ) ၃၆၈ တို့ လွယ်လန် တောင်ကြောတွင် ပြီးခဲ့ သည့် ဇွန်လ ၁ ရက် နံနက် ၅ နာရီခွဲမှ ၆ နာရီကျော် အထိ တိုက်ပွဲဖြစ်ပွားကြောင်း TNLA သတင်းနှင့် NCAပြန်ကြားရေး ဌာနက ထုတ်ပြန် ထားသည်။
TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က“မနေ့က လားရှိုးမြို့နယ်နဲ့ လွယ်လန် တောင်ကြော ပေါ်မှာ ဖြစ်တယ်။ ကျနော်တို့ အဖွဲ့က အဲဒီအပေါ်မှာရှိတော့ တပ်မတော်ဘက်က ထိုးစစ်တက်လာတော့ ရင်ဆိုင်တိုက်ပွဲ ဖြစ် သွားတယ်။ မနေ့က မနက် ၅ နာရီခွဲလောက်ကနေ ၆ နာရီကျော်လောက်အထိ ဖြစ်တယ်။ ရွာဆို အဲဒီနားမှာ လွယ်လန် ပဲ ခေါ်တယ်”ဟု ပြောပြသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း TNLA တပ်ဖွဲ့ဝင် ၃၀ လောက် ဝင်လာသည့် အတွက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက“မနေ့ကတော့ ကျနော်တို့ မုန်းရော်တောင်ဘက်ခြမ်းမှာ ဖြစ်တာတော့ ရှိတယ်။ မနက်ပိုင်းမှာ ဖြစ်တာ၊ ကျနော်တို့ ၁၅ မိနစ်လောက်ပါပဲ။ သူကတော့ မုန်းရော်တောင်ဘက်ခြမ်းမှာ TNLA က ၃၀ လောက် ဝင်လာတာ ရှိတယ်။ ဝင်လာတာ ရှိတဲ့ အတွက်ကြောင့်မလို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိတော့ဘဲ ပြန်လည် ငြိမ်သက်သွားကြောင်း၊ ဒဏ်ရာရ ထိခိုက် သေဆုံးမှုနှင့် ပျက်စီး ဆုံးရှုံးမှုလည်း မရှိကြောင်း သိရသည်။
တပ်မတော်သည် ရှမ်းပြည်နယ်နှင့် ကချင် ပြည်နယ်ရှိ စစ်တိုင်း (၅)တိုင်းတွင်၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက် အထိ စစ်ဆင်ရေး လှုပ်ရှားမှုများ ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပြီး ၂၀၁၉ ခုနှစ် မေလ ၁ ရက်မှ ဇွန်လ ၃၀ ရက်နေ့ အထိ အပစ်ရပ် ကြေညာခြင်းကို ၂ လ ထပ်တိုးပေးသည်။
ထို့နောက် ဇွန်လ ၃၀ ရက်မှ သြဂုတ်လ ၃၁ ရက်ထိ ထပ်မံ၍ အပစ်ရပ်ကြေညာခြင်းကို ၂ လ တိုးပေးကြောင်း ဇွန်လ ၃၀ ရက် တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာသည်။
သို့သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲ မဖြစ်သည့်လ မရှိခဲ့ကြောင်း၊ ဇွန်လထဲ၌ ပင် တိုက်ပွဲ ၂၀ ကျော် ဖြစ်ပွားထားကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြော သည်။
“ဒီနေ့တော့ (ဇူလိုင် ၂ ရက်) တိုက်ပွဲ သတင်း တက်လာတာတော့ မရှိသေးဘူး။ တပ်မတော်က တိုက်ပွဲရပ်ဆိုင်းထားတယ် လို့ ပြောပေမယ့်လည်း ကျနော်တို့ ဒေသမှာ တိုက်ပွဲမဖြစ်တဲ့လ မရှိသလောက်ပါပဲ။ ဇွန်လထဲမှာ ဆိုရင် တိုက်ပွဲ ၂၀ ကျော် ဖြစ် တယ်။ ဘာမှတော့ ပြောင်းလဲမှု မရှိပါဘူး။ ထိုးစစ်တွေ ရှိနေသရွေ့တော့ တိုက်ပွဲက ဖြစ်တာပေါ့နော်”ဟု ၎င်းက ပြောဆို သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ တပ်မတော်၏ တဖက်သတ် အပစ်ရပ်ကြေညာထားသော ကာလကို လက်နက်ကိုင် အဖွဲ့များ အကျိုးရှိရှိ အသုံးချကြရန် လိုအပ်ကြောင်းနှင့် နယ်မြေ တည်ဆောက်ခြင်း၊ အင်အား တည်ဆောက်ခြင်းများကို ရှောင်ရန် လည်း လိုအပ်ကြောင်း ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“အခုလက်ကျန် ခွင့်ပြုထားတဲ့ ၂ လတာအတွင်းမှာ ထိထိရောက်ရောက် အကျိုးရှိစွာ သွားနိုင် ဖို့ တိုက်တွန်းထားတာ ရှိတယ်။ ဒါကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့ လိုပါတယ်။ မြေပြင်အောက်ခြေမှာ ထိတွေ့မှုတွေ မဖြစ် ပွားဖို့ အချင်းချင်း လိုက်နာ စောင့်ထိန်းဖို့ လိုပါတယ်။ အဓိကတော့ ပြည်သူလူထု ဝန်ထုပ်ဝန်ပိုး မဖြစ်အောင်၊ ဆက်ကြေး ကောက်ခံမှု မလုပ်ဖို့၊ ပြီးရင် တပ်မတော်ရဲ့ မူဝါဒ ၆ ရပ်ထဲက ၄ ရပ်ကို ပြောထားတာ ရှိပါတယ်။ ငြိမ်းချမ်းရေး လိုလား ဖို့၊ နယ်မြေ တည်ဆောက်တာတွေ၊ အင်အား တည်ဆောက်တာတွေ မလုပ်ဖို့တော့ အထူးထိန်းသိမ်းဖို့ လိုပါတယ်”ဟုလည်း ပြောဆိုသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ပါတီစုံ ဒီမိုကရေစီ စနစ် လျှောက်လှမ်း ရာတွင် မှန်ကန်စွာ လျှောက်လှမ်းနိုင်ရေး ရည်ရွယ်၍ တပ်မတော်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လမ်း ဖွင့်ပေးခဲ့ခြင်း ဖြစ်ပြီး လက်နက်ကိုင် လမ်းစဉ်အစား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် အမြန်ဆုံး ပါဝင် လက်မှတ်ရေးထိုးကာ ဆွေးနွေးညှိနှိုင်းမှုများဖြင့် ငြိမ်းချမ်းရေး လမ်းစဉ်ကို ဆက်လက် လျှောက်လှမ်း ကြရန် လိုအပ်မည်ဟု ဇူလိုင် ၁ ရက်က ထုတ်ပြန်ခဲ့သည်။
ထို့နောက် သို့ဖြစ်ပါ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင် ပတ်သက်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အားလုံး အနေဖြင့် တိုင်းရင်းသား ပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ဒီမိုကရေစီလမ်းစဉ်အား နည်းမှန်လမ်းမှန်ဖြင့် လျှောက်လှမ်းရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် တပ်မတော်က ထပ်မံခွင့်ပြုထားသော ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲထားသည့် ၂ လတာ ကာလအား ယခင်ကထက် ထိထိရောက်ရောက် ပိုမိုအကျိုးရှိစွာ အသုံးပြုသွားနိုင်ပါရန် တိုက်တွန်းအပ်ပါသည်ဟုလည်း ဆိုထားသည်။
TNLA သည် ရက္ခိုင် စစ်တပ် (AA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ဖြင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့ကို ဖွဲ့စည်းထားသည်။ ပဏာမ အပစ်အခတ် ရပ်စဲရေး စာချုပ် (Bilateral) ချုပ်ဆိုနိုင်ရေး ဆွေးနွေး ညှိနှိုင်းနေသော အဖွဲ့ ဖြစ်သည်။
ထို့ပြင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA-မိုင်းလား အဖွဲ့)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)တို့ ပါဝင်သော AA ၊ KIA ၊ MNDAA တို့ဖြင့် ဖွဲ့စည်းထားသော ပြည် ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်လည်း ဖြစ်သည်။
FPNCC သည် နိုင်ငံရေး မဟာမိတ်ဖြစ်ပြီး NCA စာချုပ် လက်မှတ် ထိုးနိုင်ရေး အတွက် အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရေး ကြိုးပမ်းနေသော ကော်မတီတရပ် ဖြစ်သည်။
You may also like these stories:
ငြိမ်းချမ်းရေး မျှော်လင့်ချက်ရှိ၍ အပစ်ရပ် ၂ လ တိုးဟု တပ်မတော် ပြော
တပ်မတော် အပစ်ရပ်ကာလ ထပ်တိုးရန် မသေချာသေး
တပ်မတော်နှင့် TNLA စစ်ရေးတင်းမာမှု ကွတ်ခိုင် ဒေသခံ ၂၀၀ကျော် ထွက်ပြေးရ
မြောက်ပိုင်း မဟာမိတ် FPNCC ခေါင်းဆောင်များ