နေပြည်တော်တွင် Wisdom Hill မူကြိုကျောင်း အပါအဝင် ကျောင်းဖွင့်လှစ်ရန် အချက်အလက် မပြည့်စုံသေးသည့် ပုဂ္ဂလိက ကျောင်း ၁၀ ကျောင်းကို ခွင့်ပြုမိန့် မရမချင်း ဖွင့်လှစ်ခြင်း မပြုရန် တားမြစ်ထားကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်လိုက်သည်။
လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက “အချက်အလက်တွေ မပြည့်စုံတဲ့ ကျောင်း ၁၀ ကျောင်း ကျန်သေးတယ်။ စိစစ်နေတုန်းပဲ။ အဲ့ဒီ ၁၀ ကျောင်းထဲမှာ Wisidom Hill ကျောင်းပါ ပါတယ်” ဟုပြောသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဇူလိုင်လ ၁ ရက်နေ့အထိ ပုဂ္ဂလိကမူကြိုကျောင်းနှင့် နေ့ကလေးထိန်းကျောင်း ၂၅ ကျောင်း တည်ထောင်ခွင့်ပြုမိန့်ပေးထားပြီးဖြစ်ကြောင်း၊ အချက်အလက် မပြည့်စုံသည့်အတွက် ပိတ်ထားသည့် ကျောင်းမှာ ၁၀ ကျောင်းရှိပြီး အဆိုပါ ကျောင်းတွင် လတ်တလော နာမည်ကြီးနေသည့် Wisidom Hill မူကြိုကျောင်းလည်း ပါဝင်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။
နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် အသက် ၃ နှစ် မပြည့်သေးသည့် ကျောင်းသူကလေးငယ်မှာ မေလ ၁၇ ရက်နေ့က လိင်အကြမ်းဖက်ခံရမှုဖြင့် ထိုကလေးငယ်၏ မိခင် ကိုယ်တိုင်လာရောက် အမှုဖွင့်ကြောင်း ရဲတပ်ဖွဲ့က ပြောထားသည်။
သို့သော် ကျောင်းပိတ်ခိုင်းမှုသည် ကလေးငယ် မတော်မတရားပြုခံရသည့် အမှုကြောင့် မဟုတ်ဘဲ အချက်အလက် မပြည့်စုံသဖြင့် ပိတ်သိမ်းရန် ညွှန်ကြားချက် ထွက်သည့်အပေါ် ဝေဖန်မှုပြောဆိုမှုများ ရှိသည်။
“အခုလို (အမှု) ပေါ်လာတဲ့ အခါကျမှ ကောက်ကောက်ပြီးတော့ ဖြေရှင်းနေတဲ့ ကိစ္စက သိပ်မကိုက်သေးဘူး။ အဲ့ဒါတော့ မမှန်ဘူးလို့ ကျနော်ထင်တာပေါ့ဗျာ” ဟု ပျဉ်းမနားမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မှတ်ချက်ပြုသည်။
ပုဂ္ဂလိက ကျောင်းများ စတင်တည်ဆောက်စဉ်တည်းက စနစ်တကျဆောင်ရွက်သင့်ကြောင်း၊ တပြည်လုံးရှိ ယခုကဲ့သို့ ပုဂ္ဂလိကကျောင်းများ၊ မူကြိုကျောင်းများ အပါအဝင် ဖွင့်လှစ်ထားသည်မှာ တရားဝင် ခွင့်ပြုချက်နှင့် စနစ်တကျ ဖွင့်လှစ်ထားသည့် ကျောင်းများဟုသာ အများစုမှာ ယူဆမိကြောင်း ပျဉ်းမနားမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
အပိတ်ခံထားရသော ပုဂ္ဂလိက မူကြိုကျောင်းများ အနေဖြင့် တည်ထောင်ခွင့်ပြုမိန့် မရမချင်း ဖွင့်လှစ်ခြင်း မပြုရန် အသိပေးစာများ ထုတ်ထားကြောင်း၊ အဆိုပါ မူကြိုကျောင်းများအား နှစ်ပတ်ခန့် ပိတ်ခိုင်းထားသည်ဟု သတင်းထွက်ပေါ်နေခြင်းမှာ မဟုတ်ကြောင်းနှင့် တည်ထောင် ခွင့်ပြုမိန့် မရမချင်း ပိတ်ခိုင်းထားခြင်းသာဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။
Wisdom Hill အမှုနှင့် ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွင် အများပြည်သူက ဝိုင်းဝန်းဝေဖန်မှုများ မြင့်တက်လာချိန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကိုယ်တိုင် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် မူလတန်းကြိုကျောင်းများတွင် အသက် ၃ နှစ်မှ ၅ နှစ် အထိကိုသာ လက်ခံဆောင်ရွက်ရန်နှင့် ကျောင်းဖွင့်ခွင့်ပြုမိန့် မရရှိမီကာလအတွင်း ဖွင့်လှစ်ခြင်း မပြုရန် ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ရေးသားခဲ့သည်။
ယခုအခါ ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်ကြောင့် နေပြည်တော်ရှိ Wisidom Hill ကျောင်းဘက်မှ မူကြိုတက်ရောက်နေသည့် ကလေးမိဘများထံသို့ ဇူလိုင် ၁ ရက်နေ့က စတင်၍ မူကြိုကျောင်းယာယီ အနေဖြင့် ကျောင်းနှစ်ပတ်ပိတ်ရန်နှင့် ယင်းကာလအတွင်း ကျောင်းပြန်ဖွင့် မဖွင့်ကို အကြောင်းပြန်မည်ဟု ပြောကြားထားကြောင်း ကျောင်းသားမိဘ တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “အခုလိုပိတ်လိုက်တဲ့အတွက် မိဘတွေ အနေနဲ့ တော်တော် လေး ဒုက္ခရောက်ပါတယ်။ တခြားကျောင်းပဲ ပြောင်းရမလိုလို၊ ၂ ပတ်ကိုပဲ စောင့်ကြည့်ရမလိုလို ဖြစ်နေတယ်။ အခြားကျောင်းပြောင်းတာ ပြဿနာမရှိပေမယ့် ကလေးမှာကျတော့ အသားကျပြီးသား ပတ်ဝန်းတခုကနေ ရွေ့ရမှာဆိုတော့ သူ့မှာ ပြဿနာရှိနိုင်ပါတယ်” ဟု ပြောသည်။
ထိုသို့ နေပြည်တော် ကောင်စီနယ်မြေ အတွင်း ဖြစ်ပွားခဲ့သည့် ကလေးသူငယ် အကြမ်းဖက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများနှင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့များနှင့် တွေ့ဆုံ၍ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ဇွန်လ ၃၀ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
Wisdom Hill အမှု ဖော်ထုတ်ရန် မလွယ်ဟု CID ပြော
နာကျင်နေသော အဖေတယောက်ရဲ့ ဖွင့်ဟချက်