သတင်း

ဒေါ်အောင်ဆန်းစုကြည် အမွေဆိုင် ခြံအမှတ် ၅၄ ခြံမြေ ခွဲစိတ်ရန် လျှောက်ထားမှု ကန့်ကွက်ခံရ

Want create site? Find Free WordPress Themes and plugins.

ဒေါ်အောင်ဆန်းစုကြည်က မိခင် ဒေါ်ခင်ကြည် အမည်ပေါက် ခြံအမှတ် (၅၄/၅၆)ကို ခွဲစိတ်မြေပုံထုတ်ရန် လျှောက်ထားမှု အား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ကန့်ကွက်ထားကြောင်း မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနမှူး ဦးသစ္စာက ပြော သည်။

ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ ယင်းအမွေဆိုင်ခြံအား မောင်နှမ နှစ်ဦး ခွဲဝေယူရန် တရားရုံး အဆင့်ဆင့်က အမိန့် ချ ထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည် က မြေခွဲစိတ်ရန် မြေပုံ မြေရာဇဝင်နှင့် မြေတိုင်းမြေပုံ လျှောက်ထား ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ခြံမြေ ခွဲစိတ်ရန် လျှောက်ထားမှုနှင့် ပတ်သက်ပြီး ကန့်ကွက်နိုင်ကြောင်း ကြေညာချက်ကို မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနက နိုင်ငံပိုင် သတင်းစာများမှ တဆင့် ဧပြီလအတွင်းက ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရသည်။

ဦးသစ္စာက“ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေက လျှောက်ထားလာတဲ့ အခါမှာ သတင်းစာမှာ ကြေညာချက်လည်း ထုတ် ခဲ့ပါတယ်။ ကြေညာတဲ့အခါမှာ ဦးအောင်ဆန်းဦး ဘက်ကနေ ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။ ဒီအတွက် လုပ်ထုံး လုပ်နည်း အရ ပြည်ထောင်စု ဥပဒေချုပ်ရုံးကို အကြံဉာဏ်တောင်းခံပြီးတော့မှ ပြန်ကြားလာမှုအပေါ် မူတည်ပြီး မြေစီမံ ခန့်ခွဲမှု လုပ်ထုံး လုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမှာပါ”ဟု ယမန်နေ့က ရှင်းလင်းပွဲတွင် ပြောသည်။

အမွေဆိုင်ခြံ အမှုနှင့် ပတ်သက်ပြီး ဦးအောင်ဆန်းဦး အနေဖြင့် တရားသူကြီးချုပ်ထံ အထူး အယူခံအတွက် တင်ပြ ထားပြီး ယင်းတင်ပြမှု အပေါ် တစုံတရာ အကြောင်းပြန်ကြားခြင်း မပြုသေးခင် မြေခွဲစိတ်ရန် ဆောင်ရွက်မှု မပြုလုပ် ရေးအတွက် ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်ဆန်းဦး၏ ရှေ့နေဖြစ်သူ ဦးအေးလွင်က ပြောဆိုသည်။

ရှေ့နေ ဦးအေးလွင်က“အထူးအယူခံအတွက် တင်ပြထားတာ ဘာမှ မဆုံးဖြတ်ရသေးလို့ ကန့်ကွက်တာ။ မြေတိုင်းတာ ကို ကန့်ကွက်တာ မဟုတ်ဘူး။ သူ့တို့လျှောက်ထားတဲ့ မြေခွဲစိတ်ပြီး ခြံစည်းရိုး ခတ်မယ့်ဟာကို ကန့်ကွက်တာ”ဟု ပြော သည်။

ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းပေါ်ရှိ ဒေါ်ခင်ကြည် အမည်ပေါက် ခြံအမှတ်(၅၄/၅၆) သည် ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်ပြီး အမွေခွဲရန် ဦးအောင်ဆန်းဦးက စတင် တရားစွဲဆိုမှု အပေါ်၂၀၁၆ ခုနှစ်တွင် အနောက်ပိုင်း ခရိုင် တရားရုံး က တဝက်စီ ခွဲဝေယူရန် အမိန့်ချ ထားခြင်းဖြစ်သည်။

ယင်းအမိန့်အရ ခွဲဝေမှုတွင် ခြံအတွင်း နှစ်ထပ်တိုက် ပါဝင်သည့် အနောက်ဘက်အခြမ်းအား ဒေါ်အောင်ဆန်းစုကြည် ရရှိပြီး ၁ ထပ်တိုက်ပါဝင်သည့် အရှေ့ဘက်ခြမ်းသာ ရရှိသဖြင့် ဦးအောင်ဆန်းဦးဘက်က ကျေနပ်မှုမရှိသည့် အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အထိ အယူခံတက်ခဲ့သော်လည်း တရားလွှတ်တော်ချုပ်က ပလပ်ခဲ့သည်။

ဦးအောင်ဆန်းဦး အနေဖြင့်  ခြံအမှတ် ၅၄ နှင့် ပတ်သက်၍ ခြံအား လေလံတင်ရောင်းချကာ ရရှိသည့် ငွေကြေးကို တဝက်စီခွဲဝေယူရန် ထုတ်ဖော်ပြောကြားမှုများ ရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ရောင်းချရန် လက်မခံခဲ့ ကြောင်း သိရသည်။

ခြံအမှတ် ၅၄ အတွင်းရှိ နှစ်ထပ် တိုက်အိမ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်သည် အထိ နေ ထိုင်သွားသည့် အိမ်ဖြစ်သည့် အပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ဖြင့် တလျှောက်လုံး နေထိုင်ခဲ့သည့် အိမ်လည်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading