အိမ်အကူ မကရင်မ သေဆုံးခဲ့သည့် အမှု၏ သံသယ တရားခံဖြစ်သူ ဥပဒေ အရာရှိ ဒေါ်သိင်္ဂီစုအား ယနေ့ရုံးချိန်းတွင် စတင် စစ်ဆေးရာ ၎င်းက ယခင်အိမ်အကူကို နှိပ်စက်ဖူးသည့် အလားတူအမှု မရှိကြောင်း သက်သေခံများကို တင်သွင်းသည်။
ရဲတပ်ဖွဲ့က ဒေါ်သိင်္ဂီစုသည် ၎င်း၏နေအိမ်တွင် အခြားအိမ်အကူ လုပ်ခဲ့ဖူးသည့် မဆုဝေလှိုင်(ခ)ဝေဝေလှိုင်ကိုလည်း နှိပ်စက် ခဲ့ကြောင်း သက်သေမှတ်တမ်း မိတ္တူ တစောင် တင်သွင်းထားခြင်းနှင့် ပတ်သက်ပြီး နှိပ်စက်မှု မရှိကြောင်း သက်သေခံများ ကို ပြန်လှန် တင်သွင်းခြင်း ဖြစ်သည်။
ဒေါ်သိင်္ဂီစု အိမ်တွင် အိမ်အကူ လုပ်ခဲ့ဖူးသည့် မဆုဝေလှိုင်နှင့် အတူခရီးသွားခြင်း၊ ဈေးဝယ်ထွက်ခြင်းများ ဆောင်ရွက်စဉ်က ဓာတ်ပုံများ၊ မဆုဝေလှိုင်နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည့် သက်သေများနှင့် ဒေါ်သိင်္ဂီစု၏ ဥပဒေဘွဲ့၊ မဟာ ဥပဒေဘွဲ့ လက်မှတ် အထောက်အထားများကို တင်သွင်းခြင်း ဖြစ်သည်။
အဆိုပါ အိမ်အကူဟောင်း မဆုဝေလှိုင် (ခ) ဝေဝေလှိုင်သည် ဆိုင်ကယ် မတော်တဆ ဖြစ်ပွားမှု တခုကြောင့် ထိခိုက်ဒဏ် ရာ ရရှိခဲ့သည်များကို အိမ်ရှင်ဖြစ်သူ ဒေါ်သိင်္ဂီစုက နှိပ်စက်ခဲ့သည်ဟု ရဲစခန်းတွင် လိမ်လည် ထွက်ဆိုခဲ့ခြင်းသာ ဖြစ်ကြောင်း သံသယ တရားခံ ဖြစ်သူ ဒေါ်သိင်္ဂီစုက သက်သေ ထွက်ဆိုသည်။
ထို့နောက် အမှုပြန်ရုပ်သိမ်းကာ ဒေါ်သိင်္ဂီစု နေထိုင်ရာ အိမ်သို့ လာရောက် တောင်းပန်ခဲ့ပြီး မဆုဝေလှိုင်က မိမိအား ပြန် လည် အမှုမဖွင့်ရန် အတွက် ဒေါ်သိင်္ဂီစုကို စာချုပ်တခုတွင် လက်မှတ် ရေးထိုးစေခဲ့ကြောင်း ဒေါ်သိင်္ဂီစုက သက်သေ ထွက် ချက်တွင် ထည့်သွင်း ပြောဆိုသည်။
တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့်က“ရဲစခန်း မှတ်တမ်း (Record) ရှိထားတဲ့ လူတယောက်နဲ့ ရဲစခန်းမှာ လုံးဝ Record မရှိ ထားတဲ့ လူတယောက် အနေအထားက နည်းနည်းတော့ ကွာသွားတာပေါ့။ အမှုတခုကိုစစ်တဲ့ အခါမှာ သူ့ရဲ့ နောက် ကြောင်း မှာ အမှု ဖြစ်ပွားခဲ့တာ ရှိလား ဆိုတဲ့ Record တွေက ကပ်ပါလာတာပဲလေ”ဟု ပြောသည်။
ရဲတပ်ဖွဲ့က တင်သွင်းထားသည့် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ ရက်စွဲပါ ထိုမှတ်တမ်း မိတ္တူတွင် ယခင် အိမ် အကူအား ဒေါ်သိင်္ဂီစုက အကြိမ်ကြိမ် နှိပ်စက် ညှဉ်းပန်းမှုကြောင့် ဒဏ်ရာရရှိကာ အင်းစိန် ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ပြီး ညှိနှိုင်း ပြေလည်သဖြင့် အမှု မဖွင့်ကြောင်း မှတ်တမ်း၌ ပါရှိသည်။
ဒေါ်သိင်္ဂီစု၏ ခင်ပွန်းက“တရားဝင်ဖြစ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေနဲ့ ရုံးမှာ သက်သေခံ သွင်းထားပြီပဲ။ ဒါက လိမ်ပြီးရေးလို့ ရတဲ့ ကိစ္စလည်း မဟုတ်ဘူး။ အမှန်တရားက ပေါ်ပါလိမ့်မယ်”ဟု ဆိုသည်။
ဒေါ်သိင်္ဂီစု ယခင်က နှိပ်စက်ဖူးသည်ဟု ရဲထံ ထွက်ဆိုခဲ့သည့် အိမ်အကူ မဆုဝေလှိုင်အား ရှာမတွေ့သည့်အတွက် သက်သေ အဖြစ် စစ်ဆေးနိုင်ခဲ့ခြင်း မရှိဘဲ သက်သေစာရင်းမှ ပယ်ဖျက်ခဲ့ပြီး ဖြစ်သည်။
မဆုဝေလှိုင်သည် နေရပ် လိပ်စာတွင် နေထိုင်ခြင်း မရှိတော့သည့် အပြင် နေရပ်လိပ်စာ အသစ်ကို ရှာဖွေစုံစမ်း တွေ့ရှိခြင်း မရှိသဖြင့် သက်သေစာရင်းမှ ထုတ်ပယ်ခဲ့ရခြင်း ဖြစ်သည်။
အိမ်အကူ မကရင်မ သေဆုံးမှုတွင် သံသယ တရားခံ ဖြစ်သည့် ဒေါ်သိင်္ဂီစုကို ထောင်ဒဏ် တသက်တကျွန်း အထိ အပြစ် ပေးနိုင်သည့် လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့် ဇန်နဝါရီလ၂၃ ရက်တွင် စွဲချက် တင်ထားခြင်း ဖြစ်သည်။
လူသတ်မှု ပုဒ်မ ၃၀၂ (၂) သည် လူသတ်မှု ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ် တသက်တကျွန်း ဖြစ်စေ ၁၀ နှစ် အထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
သေဆုံးသူ အိမ်အကူ မကရင်မသည် ဒေါ်သိင်္ဂီစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်က တွံတေးမြို့နယ် ခတ္ထိယကျေးရွာ အုပ်စု၊ အုပ္ဖိုလ် ကျေးရွာရှိ ၎င်းနေအိမ်သို့ တပ်မတော်အရာရှိ၏ ဇနီး၊ ဥပဒေ အရာရှိလည်း ဖြစ်သည့် ဒေါ်သိင်္ဂီစု က လာရောက် ပို့ဆောင်ခဲ့ပြီးနောက် ၁ နာရီခန့် အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လတွင် စတင် ဖြစ်ပေါ်ခဲ့သည့် ယခုအမှုတွင် တရားလိုပြ သက်သေ ၂၈ ဦးနှင့် ပြန်ခေါ် သက် သေ ၉ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။
ထို့ပြင် တရားခံပြ သက်သေအဖြစ် ၁၈ ဦး တင်သွင်းထားကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန်
မကရင်မ သေဆုံးမှု သံသယ တရားခံမှာ အခြား အိမ်အကူကိုလည်း နှိပ်စက်ဖူး ဟုဆို
မကရင်မ အမှုတွင် အိမ်ရှင် နှိပ်စက်ခံရဖူးကြောင်း ထွက်ဆိုထားသူကို သက်သေ စာရင်းမှ ထုတ်
မကရင်မ အမှုတွင် အိမ်ရှင်နှိပ်စက်ဖူးကြောင်း ရဲထံထွက်ချက်ပေးသူ ပျောက်နေ