လက်ရှိ အစိုးရသက်တမ်း အတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ကာ တပ်မတော်က တရားစွဲဆိုမှု စုစုပေါင်း ၃၀ ထိရှိလာပြီး တရားစွဲခံရသူပေါင်း ၈၆ ဦး ရှိလာပြီ ဖြစ်ကြောင်း အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်လှုပ်ရှားမှု) အဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။
ထိုအမှုများ အနက် တပ်မတော်မှ တိုက်ရိုက် တရားစွဲဆိုမှု ၂၄ မှု ဖြင့် ၇၇ ဦးကို တရားစွဲဆိုခဲ့ပြီး တပ်မတော်ကို ဝေဖန် ၍ ဟုဆိုကာ ရဲတပ်ဖွဲ့ကဲ့သို့သော တတိယ ပုဂ္ဂိုလ်များက ကြားမှ တရားစွဲဆိုမှု ၆ မှု ရှိခဲ့ကာ တရားစွဲခံရသူ ၉ ဦး ရှိကြောင်း သိရသည်။
တရားစွဲဆို ခံရသူများထဲတွင် တက်ကြွလှုပ်ရှားသူ ၄၇ ဦး၊ အရပ်သား ပြည်သူ ၁၇ ဦး၊ သတင်း မီဒီယာသမား ၁၄ ဦး၊ အနုပညာသမား ၃ ဦး၊ နိုင်ငံရေး ပါတီဝင် ၃ ဦးနှင့် ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ် ၂ ဦးတို့ ပါဝင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ အချက်အလက်များသည် တပ်မတော်က လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကန့်သတ် ချိုးဖောက်ရာ ရောက်သည့် တရားစွဲဆိုမှုများကိုသာ မှတ်တမ်းတင် ပြုစုထားခြင်း ဖြစ်ကြောင်း အသံအဖွဲ့၏ သုတေသန မန်နေဂျာ ကိုရဲဝေဖြိုးအောင်က ဧရာဝတီကို ပြောသည်။
“တပ်က စိတ်ရှည်သည်းခံမှု လျော့နည်းလာတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို များများစားစား တွေ့ရတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုတာက တခြားသော ကိစ္စတွေလည်း အများကြီး ရှိတယ်။ အခုဟာက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ချိုးဖောက်နေတာ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက တပ်မတော်က စွဲဆိုထားသည့် အမှုများတွင် တရားရုံးများသို့ သွားရောက်၍ စောင့်ကြည့် လေ့ လာခြင်း၊ တပ်မတော်၏ သတင်းထုတ်ပြန်ချက်များနှင့် သတင်းစာ ရှင်းလင်းပွဲများကို စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့ သည်ဟု ရှင်းပြသည်။
ကိုရဲဝေဖြိုးအောင်က “ကျနော်တို့ သုံးသပ်ချက်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဘယ်လောက် နားလည်သ လဲပေါ့။ သူတို့ ချိုးဖောက်နေတာက သေချာတယ်။ ဒါက ကိုယ့်အလုပ် ကိုယ်မလုပ်ဘူး။ နဂိုကတည်းက နိုင်ငံရေး ပြဿနာက တစိတ်တပိုင်း ရှိနေတယ်။ အဲဒီလို နိုင်ငံရေးပြဿနာ တစိတ်တပိုင်း ရှိနေချိန်မှာ လွတ်လပ်ခွင့်တွေကိုပါ လာပြီး ထိပါးတယ်။ ပိတ်ပင်တယ်ဆိုတာက red line တခုကို ကျော်လာတယ်လို့ မြင်တယ်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် စံနှုန်းနဲ့ ကြည့်တဲ့အခါကျတော့” ဟု ပြောသည်။
ယနေ့ ထုတ်ပြန်လိုက်သည့် အသံအဖွဲ့၏ အစီရင်ခံစာသည် အစိုးရသစ် တရားဝင် စတင် အာဏာ ရရှိလာသည့် ၂၀၁၆ ဧပြီမှ ၂၀၁၉ ဇွန်လ အထိ လပေါင်း ၃၉ လ အတွင်း ဖြစ်ပွားခဲ့သော တပ်မတော်၏ အမှုများကို စောင့်ကြည့်လေ့လာ ပြုစု အစီရင်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အစီရင်ခံစာတွင် တပ်မတော်သည် ၂၀၁၇ စက်တင်ဘာတွင် ၎င်းတို့က စွဲဆိုထားသော အမှု ၅ မှုအား ပြန်လည် ရုပ် သိမ်းပေးခဲ့သည်ကို တွေ့ရှိရပြီး ယင်းအမှု ၅ မှုထဲမှ ၁ မှုသည် သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် ယခင် အစိုးရ သက်တမ်းအတွင်း အမှုဖြစ်၍ လက်ရှိ အစိုးရ သက်တမ်းအတွင်း တပ်မတော်က တရားစွဲဆိုခဲ့သည့် မှတ်တမ်းတွင် ထည့်သွင်း၍မရဘဲ ၄ မှုသာ ရုပ်သိမ်းပေးခဲ့သည်ဟု ဆိုနိုင်ကြောင်း ဖော်ပြထားသည်။
လက်ရှိ အစိုးရ သက်တမ်းတခုလုံးတွင် ၂၀၁၉ ဧပြီကစ၍ တပ်မတော် စွဲဆိုသည့်အမှု ရုတ်တရက် မြင့်လာကြောင်း၊ ယခင်အစိုးရ လက်ထက်က အချက်အလက်များ မရှိသော်လည်း အမြင်အကြားများအရ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ လက်ထက်ကထက် အစိုးရကိုယ်တိုင် စွဲသည့်အမှုရော တပ်က စွဲသည့်အမှုများပါ တက်လာပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရမှုကလည်း ပိုများလာကြောင်း ကိုရဲဝေဖြိုးအောင်က သုံးသပ်သည်။
အစီရင်ခံစာအရ ဆိုလျှင် တပ်မတော်က တိုက်ရိုက်တရားစွဲဆိုမှု အားလုံး၏ ၄၀ ရာခိုင်နှုန်းနီးပါးကို ၂၀၁၉ ဒုတိယ သုံး လပတ်ဖြစ်သော ဧပြီမှ ဇွန်လအတွင်း ပေါ်ပေါက်ခဲ့ကြောင်း သိရှိရသည်။
တပ်မတော်က စွဲထားသည့် အမှုပေါင်း ၃၀ တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အများဆုံး စွဲဆိုထားသည်ကို တွေ့ရပြီး ဆက်သွယ်ရေး ဥပဒေ၊ သတင်း မီဒီယာဥပဒေ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၀၊ ၅၀၅(က)၊ ၅၀၅(ခ)၊ မတရား အသင်း ဥပဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေတို့ဖြင့် စွဲခံရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ တရားစွဲဆိုမှုများနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ တပ်မတော်အနေဖြင့် သည်းခံနိုင်မှု သည် အတိုင်းအတာ ရှိကြောင်း တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ၂၀၁၉ ဧပြီ ၃၀ ရက်က နေပြည်တော်တွင် ပြောဆိုထားသည်။
တချို့သော အမှုများတွင် တပ်တော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေ၍ တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို မှုများလည်း ရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈)၊ ပုဒ်မ ၃၅၄ (က) တွင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။
တပ်မတော် အနေဖြင့် ပြည်သူတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်း အချက်အလက် ရယူပိုင်ခွင့်တို့ကို လေးစား လိုက်နာသင့်ကြောင်း၊ လက်ရှိ တရားစွဲဆိုထားမှုများကို ခြွင်းချက် မရှိ အမြန်ဆုံး ပြန်လည် ရုပ်သိမ်းသင့် ကြောင်း၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်၌ ဥပဒေကြမ်းများ ဆွေးနွေးရာတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကန့်အသတ်ဖြစ်စေနိုင်သော ဆွေးနွေးမှုများ မပြုလုပ်သင့်ကြောင်း အသံ အဖွဲ့က အကြံပြုထားသည်။
ဆက်စပ်ဖတ်ရှု့ရန် – ကယားပြည်နယ်တွင် သတင်းထောက် ၃ ဦးကို တပ်မတော်က အမှုဖွင့်
ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲခံရသူ ၂၀၀ အထိရှိလာ
မန္တလေး အခြေစိုက် ရုပ်သံ သတင်းထောက် တဦးကို တပ်မတော် တရားစွဲ
သတင်း မီဒီယာတွေ အရေးယူခံနေရချိန် လွှတ်တော် ဘာကြောင့် နှုတ်ဆိတ်
တပ်မတော် တရားစွဲဆိုမှုများ ရုပ်သိမ်းရေး Blue Shirt Campaign ပြုလုပ်မည်
ရခိုင်ပဋိပက္ခ ပိုကြီးလာမည်ကို စိုးရိမ်၍ မီဒီယာတချို့ ကို အရေးယူရဟု တပ်မတော် ပြော