သတင်း

AA ဖမ်းဆီးထားသည့် ပလက်ဝ ဒေသခံ ၁၂ ဦး ထွက်ပြေး လွတ်မြောက်

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် ပလက်ဝမြို့နယ် ကင်းတလင်း ကျေးရွာမှ ဒေသခံ ၅၀ ကျော်ကို ရက္ခိုင်စစ်တပ် (AA)က ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်း ဖမ်းဆီးသွားရာ ၁၂ ဦး ထွက်ပြေး လွတ်မြောက်လာကြောင်း သိရသည်။

ကင်းတလင်း ကျေးရွာ၌ အိမ်ခြေ ၃၅ အိမ်၊ လူဦးရေ စုစုပေါင်း ၁၅၈ ဦးရှိသည်ဟု ဆိုသည်။

ထိုရွာမှ ဒေသခံတချို့က ရွာအနီး တိုက်ပွဲ ဖြစ်နိုင်သည့် အခြေအနေများရှိသည့် အတွက် မိုင်၂၀ ခန့်အကွာရှိ မီးဇာရွာ ဘက်သို့ တိမ်းရှောင်ရန် နေအိမ်များ ဆောက်လုပ်နေစဉ် ရွာတွင် ကျန်ခဲ့သည့် ၅၄ ဦးကို ဖေဖော်ဝါရီလ၂ ရက်၌ AA အဖွဲ့ က ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ခူမီး ချင်း မျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေး ကောင်စီ (KACC) က ပြောသည်။

ယခု ထွက်ပြေး လွတ်မြောက် လာသူများသည် အိမ်ထောင်စု ၄ စုမှ လူ ၁၂ ဦး ဖြစ်ပြီး ဇွန် ၂၆ ရက်က ထွက်ပြေး လာခဲ့ ခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း ၂ ဦးထွက်ပြေး လွတ်မြောက်လာရာ လက်ရှိ လွတ်မြောက် လာ သူ စုစုပေါင်း ၁၄ ဦး ရှိကြောင်း သိရသည်။

ထွက်ပြေးလာသူများနှင့် အမျိုးတော်စပ်သူ တဦးက“သူတို့ လွတ်လာကြပြီး ၁၂ ဦး ရှိတယ်။ ထွက်ပြေးလာတာ ၂၄ ရက် ည ၈ နာရီမှာ မိုးအပြင်းအထန်ရွာတော့ သူတို့ ထွက်ပြေးလာတာ။ လမ်းမှာ တညနဲ့ တရက်ကြာတယ်။ ၂၆ ရက် မှာတော့ သူတို့ ကျနော်တို့ ရှိတဲ့ နေရာကို ရောက်လာတယ်။ အစောင့်က မိုးသည်းတော့ မမြင်တဲ့ အချိန်မှာ ထွက်ပြေး လာတာတဲ့ အဲဒီလို ပြောတယ်။ အခုအဲဒီမှာ ကျန်နေသူတွေထဲက အမျိုးသမီးတဦး သေဆုံး သွားတယ်လို့လည်း ပြော တယ်။ ကျန်းမာ ရေး မကောင်းလို့တဲ့ ဆေးကုဖို့ ဆေးမရှိလို့ ဆုံးသွားတာ။ ဘာရောဂါ ကြောင့် ဆိုတာတော့ မသိဘူးဗျ”ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ ချင်းတိုင်းရင်းသား ၅၄ ဦး အနက် လူ ၄၀ ကျန်နေသေးကြောင်း၊ ထိုလူများတွင် အမျိုး သမီး တဦး သေဆုံးသွား၍ ၃၉ ဦးကျန်သေးကြောင်း၊ ထိုလူအားလုံးကို ပြန်လည် လွှတ်ပေး စေလိုကြောင်း ပလက်ဝ ဒေသရှိ တိုက်ပွဲရှောင်များကို ကူညီစောင့်ရွက် ပေးနေသူများက ပြောဆိုသည်။

AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကမူ“သူတို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဇီးရိုးလိုင်းနားမှာ သူတို့ဟာ သူတို့ လုပ်ကိုင် စားသောက် နေကြတဲ့ဥစ္စာ။ အခုလည်းပဲ သူတို့ဟာ သူတို့ ကြိုက်သလို သွားလို့ရတယ်၊ ကြိုက်သလို နေလို့ရ တယ်။ ဘယ်သူကမှ သူတို့ကို ကန့်သတ် ထားတာလည်း မရှိဘူး။ တားဆီးထားတာ၊ ဖမ်းဆီး ထားတာလည်း မရှိဘူး” ဟု ပြောသည်။

၎င်းက ဆက်လက်၍“သူတို့ပြန်မယ်ဆို ပြန်ခွင့်ပေးမလား ဆိုတာ မေးစရာကို မလိုတာ။ သူတို့ ဘာသာ သူတို့ ပြန်ချင် ပြန်၊ နေချင်နေ။ ကျနော်တို့က သူတို့ ဒုက္ခရောက်နေလို့၊ သူတို့ အသက် အန္တရာယ် ကြုံနေတဲ့ အချိန်မှာ ကူညီ ပေးလာ တာပဲ ရှိတယ်။ အဲဒီနောက်ပိုင်းမှာ သူတို့ လွတ်လွတ် လပ်လပ်နေတာ၊ သူတို့ သွားချင်ရင် သွားတာပဲ ဘာမှပြောစရာ မလိုပါဘူး။ ဘာမှ မဆိုင်ဘူး၊ ကျနော်တို့နဲ့။ အဲဒီလိုမျိုး ကျနော်တို့ ကန့်သတ်ထားတာလည်း မရှိဘူး”ဟု ပြောဆိုသည်။

ထို့ပြင် မိမိတို့အနေဖြင့် ဖမ်းဆီးသွားခြင်း မဟုတ်ဘဲ တိုက်ပွဲများကြား ပိတ်မိနေခြင်းကြောင့် အန္တရာယ် စိုးရိမ်နေသော ဒေသခံများကို ကူညီသည့် အနေဖြင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်းလည်း ဦးခိုင်သုခက ပြောသည်။

KACC နှင့် ဖမ်းဆီး ခံထားရသော ခူမီး (ချင်း) လူမျိုးများ ပြန်လည် လွတ်မြောက်ရေး ကြိုးပမ်း ပေးနေသူများက တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်လာနိုင်သည့် အတွက် AA က ကင်းတလင်း ရွာသားများကို အကာ အကွယ် ယူ၍ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးထားခြင်း မဟုတ်ပါက ပြန်လွှတ် ပေးသင့်ကြောင်း ပြောဆိုကြ သည်။

ပြန်လွတ်လာသူများက ၎င်းတို့ကို AA အဖွဲ့က သီးခြားစီထားပြီး တောင်ယာလုပ်ငန်းများ အပါအဝင် စားနပ်ရိက္ခာ စုဆောင်းခြင်း၊ ထင်းခွေခြင်း၊ ထမင်းဟင်းချက် လုပ်ငန်းများကို လုပ်ကိုင်စေကြောင်း၊ ထွက်ပြေးရန် တိုင်ပင်ဆွေးနွေး သည် ဟု ကြားပါက ချုပ်နှောင်မှုများ ပြုလုပ်ကြောင်း၊ ကျန်းမာရေး မကောင်းသော အမျိုးသမီး တဦး ကုသရန် ဆေးဝါး မရှိသည့် အတွက် သေဆုံး သွားခဲ့ကြောင်း ပြန်ပြောပြသည်ဟု ဆွေမျိုးတော်စပ်သူ တဦးက ပြောသည်။

လွတ်မြောက်လာသော ၁၂ ဦးတွင် အမျိုးသား ၇ ဦး အမျိုးသမီး ၅ ဦးပါဝင်သည့် အနက် ကလေး ၅ ဦး ပါဝင် ကြောင်း သိရသည်။ 

AA နှင့် တပ်မတော်ကြား ချင်းပြည်နယ် ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်နယ် အတွင်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ယခုတိုင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲရှောင် ၃ သောင်းကျော် ရှိလာပြီး ပလက်ဝဒေသတွင် ၂၀၀၀ ကျော်ရှိလာကြောင်း သိရသည်။

You may also like these stories:

တိုက်ပွဲဖြစ်မည်စိုး၍ ပလက်ဝဒေသခံ ၇၀၀ ကျော်ထွက်ပြေးတိမ်းရှောင်

ချင်းပြည်နယ် စည်ပင် ဝန်ကြီးနှင့် ဝန်ကြီးဟောင်းတို့ ခြိမ်းခြောက်ခံရ

ပလက်ဝ ဒေသခံများ၏ ဆန်အိတ် ၁၀၀ ကျော် AA အဖွဲ့ လုယူသွား

ပလက်၀ ဒေသ ဖွံ့ဖြိုးရေး အဟန့်အတားမလုပ်ဖို့ AAကို ချင်းအရပ်ဖက်အဖွဲ့များ တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading