စာပေနှီးနှောဖလှယ်ပွဲ ပိတ်ပင်ရန် ကယားပြည်နယ်အစိုးရ ဆုံးဖြတ်ချက် KNPP ကန့်ကွက်
ကယားပြည်နယ်မြို့တော် လွိုင်ကော်တွင် ဌာနေတိုင်းရင်းသားစာပေနှီးနှောဖလှယ်ပွဲ ကျင်းပခွင့်မပြုသည့် ပြည်နယ်အစိုးရ ၏ ဆုံးဖြတ်ချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) က ပြင်းထန်စွာ ကန့်ကွက်လိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနရုံးတွင် ဇွန်လ ၂၉ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြည်နယ် အစိုးရနှင့် အဆိုပါဦးစီးဌာနတို့က ယခုနှစ် ကျင်းပမည့်ပွဲကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။
နှစ်စဉ် စာပေနှီးနှောဖလှယ်ပွဲ စီစဉ်နေသည့် တိုင်းရင်းသား ဘာသာစာပေနှင့် ယဉ်ကျေးမှုကော်မတီ အနေဖြင့် ပွဲအစီအစဉ်များ အပြည့်အစုံ ထည့်သွင်းဖော်ပြထားသည့် အဆိုပြုလွှာ အသေးစိတ်ကို တင်ပြရန် ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဦးစီးဌာနတို့က တောင်းခံခဲ့သည်။
ထုတ်ပြန်ချက် အမိန့်စာ ၂ စောင်အရ တိုင်းရင်းဘာသာစာပေနှင့် ယဉ်ကျေးမှုကော်မတီ အနေဖြင့် ပွဲတော်အတွင်း ၎င်းတို့ဆွေးနွေးမည့် အကြောင်းအရာ အသေးစိတ်၊ တဦးချင်းအမည်နှင့် ၎င်းတို့ကိုယ်စားပြုသည့် အဖွဲ့အစည်း အပါအဝင် တက်ရောက်မည့်သူများ စာရင်းအသေးစိတ်ဖော်ပြရန် လိုအပ်ပြီး မည်သည့်စာတမ်းများ ဖတ်ကြားမည်၊ ဆွေးနွေးနှီးနှောမည်ကိုပါ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း ဆိုထားသည်။
ပြည်နယ်အစိုးရက စာပေပွဲတော်ဆိုင်းငံ့လိုက်ခြင်းအပေါ် KNPP အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်လိုက်ပြီး တိုင်းရင်းသား လူမျိုးများကို အခွင့်အရေးပေးရန် ပျက်ကွက်ခြင်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း ဝေဖန်ထောက်ပြခဲ့သည်။
အဆိုပါ အရွေ့သည် ကယားပြည်နယ်တွင် အစိုးရက ဖော်ဆောင်နေသော ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းရေးအပေါ် KNPP ကိုယ်စားပြုမှု အပါအဝင် တိုင်းရင်းသားများအနေဖြင့် အယုံအကြည် ကင်းမဲ့စေကြောင်း ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
တိုင်းရင်းသားများတွင် ဘာသာစာပေနှင့် အနုပညာအပါအဝင် ၎င်းတို့ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုတို့ မြှင့်တင်နိုင်သည့် အခွင့်အရေးရှိကြောင်း အဆိုပါကြေညာချက်က ဆိုသည်။
၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်သည့်ဥပဒေအရ တိုင်းရင်းသား လူမျိုးများတွင် ၎င်းတို့စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာသာသနာတို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိကြောင်း KNPP ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။
“ကရင်နီ အမျိုးသားတိုးတက်ရေးပါတီအနေဖြင့် ပြည်ထောင်စုအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် ပြည်တွင်း ငြိမ်းချမ်းမှုတည်ဆောက်ရေးဖြစ်စဉ်ကို ပါဝင်ရန်ဆွေးနွေးနေရခြင်းက အဓိကကြသည့် သော့ချက်တခု ဖြစ်ပြီး ပြည်သူလူထု တင်မြှောက်လိုက်သည့် ဒီမိုကရေစီ အစိုးရတရပ်အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါ အခွင့်အရေးများကို လေးစား အသိအမှတ်ပြုမှုဖြင့် အမျိုးသားတန်းတူညီရေးကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်မှုမှာ နောက်ထပ်သော့ချက် တခု အပါအဝင်ဖြစ်သည်” ဟူ၍ ကြေညာချက်တွင် တွေ့ရသည်။
နောက်ထပ် အဓိက အရေးပါသည့်အချက်မှာ KNPP က လက်ရှိအစိုးရအပေါ် “ပြည်သူလူထု တင်မြှောက်လိုက်သည့် ဒီမိုကရေစီ အစိုးရတရပ်အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါအခွင့်အရေးများကို လေးစားအသိအမှတ်ပြုခြင်း’’ ကြောင့် ဖြစ်ကြောင်း ဆိုသည်။ ယင်းအပေါ် အခြေခံ၍ အစိုးရအနေဖြင့် “အမျိုးသားတန်းတူရေးကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်” ထားကြောင်း KNPP ၏မျှော်လင့်ချက်ကို ထပ်လောင်းဖော်ပြထားသည်။
KNPP ဒုတိယဥက္ကဋ္ဌ ခူးဦးရယ်က ဧရာဝတီသို့ ပြီးခဲ့သည့် အင်္ဂါနေ့က “ပြည်နယ်အတွင်း လှုပ်ရှားမှုတိုင်း ပေါ်ပေါက်လာရင် ပြည်နယ်အစိုးရက အကဲဆတ်နေတာ ကျနော် သတိထားမိတယ်ဗျ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
“ပြည်နယ်အစိုးရကို အများကြီးပြောချင်တယ်။ ဖြစ်နေတဲ့ မြေပြင်အခြေအနေ၊ အနေအထားကို ဟိုနားလုပ်တဲ့ဟာကိုလည်း ခွင့်မပြု၊ ဒီနားလုပ်တဲ့ဟာကိုလည်းခွင့်မပြု နည်းနည်းတော့ဘောင်ကျော်နေသလားလို့ ကျနော်က ခန့်မှန်းတာပေါ့နော်။ တော်တော်များများကိစ္စရပ်တွေ ပိတ်ပင်မှတော့ ဘာအကြောင်းတရားနဲ့ု လုပ်တာလဲဆိုတာ မသိနိုင်ဘူး” ဟု သူက ပြောသည်။
“ဒါပေမယ့် ကျနော်ထင်တာ လုပ်ဆောင်မှုအများစုက ကျနော်ကြားသိသလောက်က အစိုးရကို အများကြီး ထိပါးစေတဲ့ အရာမဟုတ်ဘူး။ အခု သူတို့ပိတ်ပင်လိုက်တဲ့ စာပေယဉ်ကျေးမှု ဖလှယ်ပွဲက တကယ်တမ်းတော့ အစိုးရကိုယ်တိုင် အားပေးအားမြှောက်ဖို့ တာဝန်ရှိတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ကယားပြည်နယ်၌ ပြည်နယ်အတွင်း လူများစုဖြစ်သော ကရင်နီ(ကယား)လူမျိုးများအပြင် ပဒေါင်(ကယန်း)၊ ဘရဲ့၊ ဂေဘား၊ မနုမနော၊ ယင်းတလဲ၊ ဇယိန်း(လာ့တာ)၊ ကဲ့ခို၊ ယင်းဘော် နှင့် ပကူ(ကရင်) တို့လည်း မှီတင်းနေထိုင်ကြသည်။ အဆိုပါလူမျိုးစုများသည် ၎င်းတို့ပူးပေါင်းဆောင်ရွက်တိုးတက်စေရန် ဘာသာစာပေနှင့်ဆွေးနွေးမှုများ ဖလှယ်သည့် ပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိသည်။ ယခင်က လူ အများအပြားတက်ရောက်ခြင်းမရှိသည့် နှစ်စဉ်ပွဲတော်ကျင်းပရန် အတွက်ကို ပြည်နယ်အစိုးရထံမှ ၎င်းတို့က ခွင့်ပြုချက်တောင်းခံခဲ့ခြင်း မရှိပါ။
“အစည်းအဝေးတွေမှာ ကျနော်တို့ ဘာသာစာပေ အဓိကဖလှယ်ပြီးတော့ တိုင်းရင်းသားစာပေတိုးတက်ရေး ဘယ်လို လက်တွဲဆောင်ရွက်သွားမယ်ဆိုတာ ဆွေးနွေးကြပါတယ်” ဟု ကယန်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ခူးပလူရယ်က ပြောသည်။
ပွဲတော်ပိတ်ပင်ခံရခြင်းနှင့်ပတ်သက်၍ ၎င်းက “သူတို့ ဘာသဘောနဲ့ တားမှန်း ကျနော်မသိဘူး။ ဒါမှမဟုတ် ကျနော်တို့ ပွဲနဲ့ပတ်သက်ပြီး သူတို့ စိုးရိမ်နေသလားပေါ့လေ” ဟု ပြောသည်။
“ဒီလို တားဆီးတဲ့အတွက် ကျနော်တို့ အင်မတန်မှ စိတ်ပျက်မိပါတယ်။ တကယ်လို့ ကျနော်တို့ ပွဲနဲ့ ပတ်သက်ပြီး သူတို့ မသင်္ကာရင် ကျနော်တို့ဆီ လာမေးသင့်ပါတယ်။ ကျနော်တို့ တိုင်းပြည်(ဒါမှမဟုတ်) သူတို့အစိုးရ ပျက်စီးရာပျက်စီးကြောင်း ဆွေးနွေးဖို့ စီစဉ်နေတာမဟုတ်ဘူးဗျ” ဟု ၎င်းက ပြောသည်။
(ဧရာဝတီအင်္ဂလိပ်ပိုင်းတွင် ဇူလိုင် ၂ ရက်နေ့က ဖော်ပြခဲ့သည့် KNPP Slams Kayah State Govt’s Decision to Ban Ethnic Literature Event ကို ဆီလျော်အောင်ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်
ချင်းပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်စိုက်ထူမည့် စီမံချက် ဖျက်သိမ်း
တနင်္သာရီတိုင်းရှိ ထိုင်းလူမျိုးများ ယဉ်ကျေးမှု မပျောက်ပျက်ရန် ရုန်းကန်နေရ