သတင်း

မတူပီခရိုင်ရုံးမြေနေရာ ကိစ္စ ချင်းပြည်နယ်အစိုးရ လျစ်လျူရှုထား ဟုဆို

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် မတူပီမြို့နှင့် ၈ မိုင်ခန့် ဝေးသည့် နေရာ၌ အစိုးရ၏ ခရိုင်ရုံး တည်ဆောက်ခြင်းအား ဒေသခံများ ကန့်ကွက် နေမှု အပေါ် ပြည်နယ် အစိုးရက လျစ်လျူရှုထားကြောင်း မတူပီဒေသခံများက ပြောဆိုကြသည်။

မတူပီခရိုင်ရုံး နေရာချထားမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၃ ရက်က ရန်ကုန်မြို့ Myanmar Journalist Network ရုံး၌ သတင်းစာ ရှင်းလင်းပွဲကို မတူပီဒေသခံ ဦးဒုဆန် ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မတူပီမြို့နယ်မှ ဒေသခံ ဦးဒုဆန်က “ဘုံတလာခန်းမဆောင်မှာ ပြုလုပ်တဲ့ ပြည်သူလူထုရဲ့အစည်းအဝေး ဆုံးဖြတ်ချက်ကို အစိုးရက လျစ်လျူရှုတဲ့ အပြင် မတူပီ မြို့ပေါ်မှာ သုံးကြိမ်တိုင်တိုင် ဆန္ဒ ဖေါ်ထုတ်တာကိုလည်း ချင်းပြည်နယ် အစိုးက တာ ဝန်ယူ ဖြေရှင်းတာတွေ မရှိတဲ့ အတွက် ရှင်းလင်းရတာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ မတူပီမြို့နယ်နှင့် အလှမ်းဝေးသည့် ခရိုင်ရုံးအား ဖနိုင်ကျေးရွာနှင့် ငလိုင်ကျေးရွာကြား၌ တည်ဆောက်မည် ဖြစ်ကာ ယင်း နေရာမှာ မြို့နှင့် အလှမ်းဝေးပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသောကြောင့် ကန့်ကွက်ကြခြင်း ဖြစ်ကြောင်း ဒေသ ခံများ က ဆိုကြသည်။

မတူပီခရိုင် အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်ရန်နှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ဌာနဆိုင်ရာ များ၊ စည်ပင်ကော်မတီ၊ မြို့မိမြို့ဖ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ လူမှုအဖွဲ့အစည်းများ၊ လူငယ် အဖွဲ့ အစည်းများ၏ ဆုံးဖြတ်ချက်များနှင့် အညီ အဆင့်ဆင့် တင်ပြခြင်းများကို ပြည်နယ် အစိုးရအဖွဲ့က လျစ်လျူရှု ထားခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်း တို့ကြောင့် ဒေသခံ ပြည်သူများ ကန့်ကွက် ဆန္ဒပြရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ မတူပီခရိုင် ရုံးနေရာကိစ္စ ကန့်ကွက် ဆန္ဒဖော်ထုတ်မှုများကို မတူပီမြို့ပေါ်တွင် သုံးကြိမ်နှင့် ရန်ကုန်မြို့ ပေါ်တွင် တကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲနှင့် ပတ်သက်၍ မတူပီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းကို မေးမြန်းသည့် အခါ “အဲဒါ အစိုးရ အဖွဲ့ကို မေးရမှာပါ။ ကျနော်က အောက်ခြေက မြို့နယ်အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။ ပြည် နယ်အစိုးရက ညွှန်ကြားရင် ညွှန်ကြားတဲ့ အတိုင်း ကျနော်က အောင်မြင်အောင် ဆောင်ရွက်ပေးရပါတယ်။ ကျနော်က ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ သူတယောက်မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

မတူပီခရိုင်ရုံးအား ဒေသခံများက မတူပီမြို့နယ် အတွင်း၌သာ တည်ဆောက်ရန် လိုလားကြကြောင်း သိရသည်။

ဒေသခံများ တောင်းဆိုသည့် မြေနေရာသည် မြေသားခိုင်မာမှု မရှိသည့် အပြင် မြေသား မတ်စောက်မှုများ ရှိခြင်းကြောင့် မြေသားခိုင်မာမှု အပေါ် မူတည်ပြီး ရွေးခဲ့ခြင်းဖြစ်သည်ဟုလည်း မတူပီခရိုင်ရုံး မြေနေရာ ကိစ္စအား ဒုတိယအကြိမ် ဆန္ဒ ဖော်ထုတ်မှု ပြုလုပ်စဉ်က ဦးတိုးတိုးထွန်းအား မေးမြန်းရာတွင် ဖြေကြားထားပြီးဖြစ်သည်။

ထိုမြေနေရာနှင့် ပတ်သက်၍ မတူပီဒေသခံ လူထုနှင့် အစိုးရကြား ပွင့်လင်းမြင်သာမှု ရှိရေးကို အလိုရှိပြီး၊ ပွင့်လင်းမြင်သာမှု မရှိသည့် ဆောင်ရွက်ချက်များကြောင့် မျိုးနွယ်စု အတွင်း အချင်းချင်း ရန်လိုမုန်းတီးမှုများ ရပ်တန့်စေရန် ဗဟိုအစိုးရမှ အထူး စုံစမ်းရေး ကော်မရှင် စေလွှတ်ကာ မတူပီမြို့ပြည်သူ့ ကိုယ်စားပြုသော အဖွဲ့အစည်းများနှင့် တိုက်ရိုက် ဆွေးနွေးရန် မတူပီ ဒေသခံများက အလိုရှိနေသည်ဟုလည်း ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

ဆက်စပ်ဖတ်ရှု့ရန်အစိုးရ ချပေးသည့် မတူပီ ခရိုင်ရုံး မြေနေရာ ဒေသခံများ ကန့်ကွက်

Did you find apk for android? You can find new Free Android Games and apps.
Loading