တရုတ်နိုင်ငံမှ လက်ဖက်ခြောက်များ မှောင်ခိုသွင်းနေမှုကို တားဆီးပေးရန် လိုနေကြောင်း လက်ဖက် လုပ်ငန်းရှင်များ က တောင်းဆိုသည်။
လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လက်ဖက်လုပ်ငန်းများမှာ ဈေးကွက်ပျောက်ခြင်း၊ စက်ရုံများ ပိတ်သိမ်းလာရခြင်း တို့နှင့် ယှဉ်ဆိုင်နေရသဖြင့် မှောင်ခိုတင်သွင်းမှုများကို တားဆီးပေးရန် လိုကြောင်း လက်ဖက်လုပ်ငန်းရှင်များထံက ပြောသည်။
ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးဝင်းကျော်က “ကျနော်တို့က မှောင်ခိုဝင်ရောက်မှုတွေကို ဖမ်းဆီး အရေးယူမှုတွေ ပြုလုပ်စေချင်တာ၊ ဟန့်တားစေချင်တာ။ သိပါရက်နဲ့ မလုပ်ပေးဘူး။ မှောင်ခိုက နေ့စဉ်ဝင်တာတော့ မဟုတ်ဘူး၊ သူ့ အချိန်နဲ့ သူဝင်နေတာ။ အဲဒီတော့ ဒေသခံ လုပ်ငန်းရှင်တွေ ဈေးကွက်ပျောက်လာတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်တွင်းသို့ မှောင်ခိုဝင်လာသည့် လက်ဖက်ခြောက် ပမာဏမှာ ၁ နှစ်လျှင် တန်ချိန် ၃ ထောင်ဝန်းကျင် ရှိကြောင်း ၎င်းက ပြောပြသည်။
ယင်းသို့ လက်ဖက်ခြောက်များ မှောင်ခိုဝင်ရောက်နေသည်မှာ နှစ်ပေါင်းကြာမြင့်ပြီ ဖြစ်သော်လည်း ယခုနောက်ပိုင်းတွင် တနှစ်ထက် တနှစ် ပိုမို ဆိုးရွားလာသောကြောင့် လက်ရှိ အချိန်ထိ လက်ဖက် စက်ရုံ ၉၀ ခန့် ပိတ်သိမ်းခြင်းများ ရှိနေသည် ဟု လက်ဖက်စက်ရုံ ပိုင်ရှင်များထံက သိရသည်။

ထိုအခြေနေများနှင့် ပတ်သက်၍ ဒု သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၂၈ ကြိမ်မြောက် အစည်းအဝေးတွင် တင်ပြထားပြီး အစိုးရဘက်မှ ပြန်လည် ညိုနှိုင်း ဆောင်ရွက်ပေးမည်ဟု အကြောင်းပြန် ခဲ့သည်ဟု ဦးဝင်းကျော်က ပြောသည်။
“နည်းနည်းချင်း ဝင်တာကနေ၂၀၁၀ ခုနှစ် စပြီး အခု ၂၀၁၉ ခုနှစ်ထိ အများအပြား အလုံးအရင်းနဲ့ ဝင်ရောက်လာတယ်”ဟု ၎င်းက ဆိုသည်။
တရားဝင် တင်သွင်းပါက လက်ဖက်၏ အကောက်ခွန်မှာ၂၀ ရာခိုင်နှုန်း ဖြစ်ရာ၊ ၁နှစ်လျှင် လက်ဖက်မှောင်ခို ပျမ်းမျှ တန်ချိန် ၃ ထောင် ဝင်ရောက်ပါက နိုင်ငံတော် ဘဏ္ဍာငွေ ကျပ်သန်းပေါင်း၂၅၀၀ ဝန်းကျင်ခန့် နစ်နာ လျက် ရှိကြောင်း ဦးဝင်းကျော် က ရှင်းပြသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုး သူက “ကျနော်တို့ကတော့ တရားမဝင် ကုန်စည် တားဆီးရေးမှာ တိုက်ရိုက်ကြီး ပါဝင်တာတော့ မရှိဘူး။ လက်ဖက်ခြောက် ကိုတော့ တရားမဝင် တင်သွင်းတာမျိုး မရှိအောင် လိုင်စင်ထုတ်ပေးတဲ့ပိုင်းမှာသာ စိစစ်တာ ရှိတယ်။ ဝန်ကြီးဌာနအနေနှင့် တိုက်ရိုက်ကြီး တာဝန်ယူရတာမျိုး မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ယခင်အစိုးရ လက်ထက်က တရားမဝင် ကုန်စည် ဖမ်းဆီးခြင်း လုပ်ငန်းများကို စီးပွား/ ကူးသန်း ဝန်ကြီး ဌာနမှ Mobile Team အဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးခြင်းများကို ဆောင်ရွက်ခဲ့သည်။
လက်ရှိ အစိုးရလက်ထက်တွင် စီးပွား/ကူးသန်း ဝန်ကြီးဌာန အပါအဝင် တိုင်းနှင့်ပြည်နယ်များ အလိုက် အစိုးရ အဖွဲ့များနှင့် ပူးပေါင်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ အကောက်ခွန် ဦးစီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန လက် အောက်ရှိ ရဲတပ်ဖွဲ့တို့မှ အဖွဲ့များ ဖွဲ့၍ အဓိက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပလောင် လက်ဖက်အသင်း အတွင်းရေးမှူး ကိုဇော်ညွှန့်က “ဒေသခံ စီးပွားရေး လုပ်ငန်းတွေကို တော်တော်လေးကို ထိ ခိုက်မှု ရှိပါတယ်။ ကျနော်တို့ လက်ဖက်စို၊ အခြောက် စက်ရုံမှာတင်ပဲ ရုံပေါင်း ၁၀၀ ကျော်မှာ ၁၂ ရုံ၊ ၁၃ ရုံလောက်ပဲ လည် ပတ်တော့တယ်။ ကျန်တဲ့ ရုံတွေကတော့ စို၊ ခြောက် မထုတ်လုပ်နိုင်တော့ဘူး။ တောင်သူတွေက လက်ဖက်စိုတွေ ထုတ် လုပ်လာတယ်။ အခုကျတော့ လက်ဖက်စိုက လိုအပ်တာထက် ထုတ်လုပ်မှုများတဲ့ အတွက်ကြောင့် လက်ဖက်စို ဈေးကွက် လည်း နည်းလာတယ်” ဟု ရာဝတီသို့ ပြောသည်။
ပြည်တွင်း လက်ဖက် အရည်အသွေးနှင့် ပတ်သက်၍လည်း နည်းပညာ လိုအပ်ချက်များ ရှိနေသောကြောင့် အရောင်၊ အနံ့၊ အရသာနှင့် နှိုင်းယှဉ်လျှင် တရုတ်မှ ဝင်ရောက်သော လက်ဖက်နှင့် ကွာခြားမှု ရှိကြောင်း ၎င်းက ဆိုသည်။
လက်ဖက် စက်ရုံပိုင်ရှင်လည်း ဖြစ်သူ ကိုဇော်ညွှန့်က “လောလောဆယ် လက်ဖက်ဈေးလည်း ကျ၊ စက်ရုံတွေ ပိတ်နေတဲ့ အတွက် ဒေသက လူတွေက ထိုင်း၊ တရုတ်၊ မလေးရှားတို့မှာ သွားပြီးတော့ အလုပ်လုပ်နေရတာ တနှစ်ထက်တနှစ် ပိုများ လာပါတယ်။ ကျနော်တို့ အခု ရွာမှာတွေ ဆိုရင် သက်ကြီးရွယ်အိုနဲ့ ကလေးမွေးခါစ မိခင်တွေလောက်ပဲ ကျန်ပါတယ်။ လူ လတ်ပိုင်းတွေ ဆိုရင် ထွက်ကုန်ပါပြီ။ ဒါကြောင့် အလုပ်သမား ရှားပါးမှု ပြဿနာတွေ ဖြစ်လာတယ်” ဟု ပြောသည်။
ယင်းအပြင် တရုတ်မှ ဝင်ရောက်လာသော လက်ဖက်ခြောက်များမှာ အရည်အသွေး ကောင်းကောင်းနှင့် တရားမဝင် ဝင် ရောက်သောကြောင့် ဈေးပေါပေါနှင့် ရောင်းချခြင်းသည် နည်းပညာနှင့် ထုပ်လုပ်၊ ထုပ်ပိုးမှု နည်းစနစ်များ လိုအပ်ချက် ရှိ နေသော ပြည်တွင်း လုပ်ငန်းရှင်များ အတွက် ဈေးကွက် ယှဉ်ပြိုင်ရန်မှာလည်းများစွာ အားနည်းချက်များ ရှိနေကြောင်း သိရသည်။
Nara Green Team လုပ်ငန်းပိုင်ရှင် ကိုကျော်သီဟက “အဓိက ဝင်တာကတော့ အချိုခြောက်ဝင်တာ။ အဲဒီစက်ရုံက ပြည် တွင်းမှာ လက်ချိုးရေလို့ ရတယ်။ တရုတ်ပြည်မှာက စက်ရုံပေါင်း ရာနဲ့ချီ ရှိတယ်။ ကျနော်တို့ထက် ထုတ်လုပ်မှုက ၁၀ ဆ လောက်များနေတာပေါ့။ ဒါ နံပါတ် ၁ အချက်။ နံပါတ် ၂ အချက်က ဒီစက်ရုံတွေကို အစိုးရတွေက ပံ့ပိုးပေးတဲ့ ပုံစံချင်း အရမ်းကွာတယ်” ဟု ပြောသည်။
တရုတ်အစိုးရ အနေနှင့် လက်ဖက်ခြောက်၊ အချိုခြောက် စက်ရုံများကို အခြေခံ အဆောက်အအုံပိုင်းများ ဆောင်ရွက်ပေးခြင်း အပြင် လက်ဖက်ခြောက် ထုတ်လုပ်ရာတွင် လုပ်ကိုင်နိုင်ရန် ဓာတ်ငွေ့များကိုပါ ပံ့ပိုးပေးခြင်း၊ လုပ်ငန်းရှင်များ လိုအပ် သော ငွေကြေးပံ့ပိုးပေးခြင်းနှင့် နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ရန်လည်း လုပ်ဆောင်ပေးကြောင်း သိရသည်။
ကိုကျော်သီဟက “ကျနော်တို့ နိုင်ငံမှာ ဒါမျိုး အနေအထား မရှိဘူး။ လက်ရှိ စက်ရုံတွေက မိုးတွင်းကာလဆိုရင် ထော်လာဂျီ ကားတွေနဲ့ သယ်ထုတ်ရတယ်။ လျှပ်စစ်မီးက မရှိတဲ့ အခါကျတော့ သူတို့ ဒီဇယ်အင်ဂျင်တွေနဲ့ မောင်းရတယ်။ နိုင်ငံတော် ရဲ့ကူညီပံ့ပိုးမှု၊ ဝန်ကြီးဌာနဆိုင်ရာ ကူညီပံ့ပိုးမှု အားနည်းတယ်။ ပြီးရင် ဈေးကွက်ကို ရှာဖွေထိုးဖောက်ပေးမှု မရှိဘူး” ဟု ရှင်းပြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မိရိုးဖလာ လက်ဖက်စိုက်ခင်းများ ဖြစ်ပြီး ၁ ဧကလျှင် လက်ဖက်အပင်ရေ ၂၅၀၀ နှင့် ၃ ထောင် ကြားတွင် အများဆုံး စိုက်ကြကြောင်း၊ တရုတ်နိုင်ငံတွင်မူ ၁ ဧကလျှင် အပင်ရေ အနည်းဆုံး ၈ ထောင်မှ ၁ သောင်းကျော် အထိ စိုက်ပျိုးကြကာ စိုက်ပျိုးမှု နည်းစနစ်များနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များလည်း ကွာခြားကြောင်း သိရသည်။

ယင်းအပြင် လက်ဖက်စိမ်း ခူးဆွတ်မှုကို နှိုင်းယှဉ်ရာတွင်လည်း ပြည်တွင်း လက်ဖက်ခြံ လုပ်ငန်းရှင်များက လက်နှင့် ခူးဆွတ် သောကြောင့် လုပ်အားခ ၁ ရက် ကျပ် ၁ သောင်းပေးရကာ ၁ ဦးလျှင် ပျမ်းမျှ ၁၅ ပိဿာ ခူးဆွတ်နိုင်ပြီး တရုတ်နိုင်ငံရှိ လက်ဖက်ခြံပိုင်ရှင်များသည် စက်နှင့် ခူးဆွတ်သောကြောင့် ထွက်ရှိမှုနှုန်းလည်း ပိုမိုများပြားကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
ကိုကျော်သီဟက “တရုတ်နိုင်ငံမှ မဟုတ်ဘူး၊ လက်ဖက်စိုက်တဲ့ အိန္ဒိယ၊ တရုတ်၊ ထိုင်း ဒီနိုင်ငံတွေနဲ့ ကျနော်တို့က မယှဉ် နိုင်ဘူး။ ကျနော်တို့ ယှဉ်နိုင်တာ တခုကတော့ လက်ဖက်ပင်တွေသည် သဘာဝ အတိုင်း စိုက်ပျိုးထားတာ ဖြစ်တယ်။ သူတို့ ဆီကတော့ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာတွေ ထည့်ပြီး စိုက်ပျိုးကြတာပေါ့နော်။ ဒါပဲ ရှိတယ်” ဟု ပြောသည်။
လက်ရှိတွင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် လက်ဖက်ခြောက် ၁ ပိဿာ ကျပ် ၄၀၀၀ မှ ၄၅၀၀ ပေးရသည့် အချိန်တွင် ပြည်တွင်း လက်ဖက်ခြောက်မှာ ၁ ပိဿာ ၈၀၀၀ ကျပ်မှ ၁၀၀၀၀ အထိ ရောင်းချလျက် ရှိသည်။
လက်ဖက် အချိုခြောက်များကို ပြည်တွင်းရှိ တရုတ်ကုန်သည်များက အမှတ်တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်၍ ဈေးကွက်တွင်းသို့ ရောင်းချနေပြီး တလလျှင် တန်ပေါင်း ရာချီ၍ တင်သွင်းမှုများရှိကြောင်း လုပ်ငန်းရှင်များက ပြောဆိုသည်။
သို့ဖြစ်၍ အစိုးရအနေနှင့် တရားမဝင် မှောင်ခိုဈေးကွက်ကို တာဆီးခြင်း အပြင် ဈေးကွက်ယှဉ်ပြိုင်မှု ရှိစေရန်အတွက်လည်း ပြည်တွင်း လုပ်ငန်းရှင်များကို ချေးငွေများနှင့် နည်းပညာများ ပံ့ပိုးပေးသင့်ကြောင်း တောင်းဆိုမှုများလည်း ရှိနေသည်။
ဆက်စပ်ဖတ်ရှု့ရန်
လက်ဖက် ထုတ်လုပ်မှု ပြိုလဲတော့မလား
လက်ဖက် ယဉ်ကျေးမှုနှင့် ပလောင်တို့၏ ဘဝ