ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ညောင်လိန် ကျေးရွာအုပ်စု အတွင်းရှိ ရွာတရွာတွင် နေထိုင်သည့်အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုဖြင့် ၎င်း၏ ပထွေးနှင့် ခဲအိုဖြစ်သူတို့ကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း သတင်း ရရှိသည်။
“အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်တဲ့အတွက် ပထွေးဖြစ်သူနဲ့ ခဲအိုဖြစ်သူကိုကျနော် တို့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဥပဒေအရ အမှုတည်ဆောက်ပြီး လပွတ္တာခရိုင်တရားရုံးကို တရားစွဲ ဆို တင်ပို့သွားမှာပါ”ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။
ညောင်လိန် ကျေးရွာအုပ်စုအတွင်း နေထိုင်သော အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်မှာ မိခင်၊ မိခင်၏ နောက် အိမ်ထောင် (ပထွေး)တို့နှင့် အတူ နေထိုင်ရင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်းက မိခင်ဖြစ်သူ နံနက်ခင်း အစောပိုင်း ဈေး သွားနေချိန်၌ အသက် ၄၈ နှစ်အရွယ် ပထွေးဖြစ်သူ နေမျိုးအောင် က မိန်းကလေးငယ်၏ ခြင်ထောင်အတွင်း ဝင်ရောက် ပြီး သားမယားပြုကျင့်ခဲ့သလို နောက်ရက်များတွင်လည်း နံနက်တိုင်း တနေ့လျှင် တကြိမ် ပြုကျင့်ခဲ့ပြီး မိခင် ဖြစ်သူအား ပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ရဲမှတ်တမ်းများ အရ သိရသည်။
ထို့နောက် ပြီးခဲ့သည့်မတ်လတွင် ပထွေးနှင့် မိခင်ဖြစ်သူတို့ လပွတ္တာမြို့ အမှတ် ၉ ရပ်ကွက်သို့ ပြောင်းရွှေ့ သွားခဲ့ပြီး နောက် ခဲအိုနှင့်အစ်မဖြစ်သူ မိသားစုနှင့် ရွာတွင် ဆက်လက်နေထိုင်ခဲ့ရာ ခဲအိုဖြစ်သူ အသက် ၂၀ အရွယ် ကျော်ကျော် ဆိုသူက ဧပြီလအတွင်း နေ့ရက်တရက်တွင် အစ်မဖြစ်သူ ဈေးသွားနေချိန်၌ သားမယား ပြုကျင့်ခဲ့ပြီး နောက်ရက်များ တွင် လည်း နေ့စဉ်အကြိမ်ကြိမ် ပြုကျင့်ခဲ့သည်ဟု ဆိုသည်။
အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်မှာ ကျန်းမာရေး မကောင်းသည့်အတွက် ဇွန်လ ၂ ရက်နေ့တွင် ဆေးခန်းပြသခဲ့ရာ ကိုယ်ဝန် ၃ လကျော်ရှိနေကြောင်း မိသားစုများက သိရှိခဲ့ပြီးနောက် အဓမ္မပြုကျင့်မှုဖြစ်စဉ် ပေါ်ပေါက်ခဲ့၍ မိန်းကလေး ငယ်က တရားလိုပြုလုပ်ပြီး ရဲစခန်းတွင် တိုင်တန်းခဲ့ရာ ပထွေးဖြစ်သူ နေမျိုးအောင် နှင့် ခဲအိုဖြစ်သူ ကျော်ကျော် တို့ အား လပွတ္တာမြို့မ ရဲစခန်းက ပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ထံမှ သိရသည်။
ဒုရဲမှူးကြီး ထွန်းရွှေက“အမျိုးသမီးငယ်ရဲ့ ပထမတိုင်တန်းချက်အရ အမှုဖွင့်လှစ်ပြီး တရားခံ ၂ ယောက်ကို ဖမ်းဆီး စစ်ဆေးခဲ့ရာမှာ မုဒိမ်းမှု ကျူးလွန်တဲ့ အချိန်တွေ၊ နေရာတွေ မတူညီတဲ့အတွက် ပထွေးဖြစ်သူကို ပုဒ်မ ၃၇၆ နဲ့ တမှု ဖွင့်ပြီး ခဲအိုဖြစ်သူကို ပုဒ်မ ၃၇၆ နဲ့ တမှု၊ အမှုဖွင့်လှစ်ထားရှိပါတယ်။ ဒီမုဒိမ်းမှုကို သူတို့ ၂ ယောက်က အတူတူ ကျူးလွန် တာ မဟုတ်ဘဲ သပ်သပ်စီ ကျူးလွန်ကြတာဖြစ်လို့ အခုလိုတမှုစီ ဖွင့်လှစ်ပြီး အရေးယူ ဆောင်ရွက်တာ ဖြစ်ပါ တယ်”ဟု ပြောသည်။
ရာဇသတ်ကြီးပုဒ်မ ၃၇၆ ကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တသက်တကျွန်း အထိ ဖြစ်စေ ချမှတ်ရမည်ဖြစ်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ အသက် ၁၆ နှစ်အောက် မိန်းကလေးငယ်များ ဆိုလျှင် အလိုတူသည်ဖြစ်စေ၊ အလို မတူသည်ဖြစ်စေ ကျူးလွန်မိပါက မုဒိမ်းမှုမြောက်ကြောင်း ဥပဒေတွင် ပြဌာန်းထားသည်။
“မုဒိမ်းမှုဆိုတာ အချိန်မရွေး ဖြစ်သွားနိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်သားသမီး တွေကို သေချာ ဂရုတစိုက် စောင့်ရှောက်သင့်တယ်။ ဆွေမျိုးသားချင်းဖြစ်ဖြစ်၊ အိမ်နီးချင်းဖြစ်ဖြစ်၊ မိတ်ဆွေ အရင်းအချာ တွေပဲ ဖြစ်ဖြစ် ယုံကြည်ပြီးတော့ ကိုယ့်သမီးမိန်းကလေးကို သူစိမ်းယောက်ျားတွေနဲ့ လွှတ်မထားသင့်ဘူး။ လွှတ်တော်နဲ့ အစိုးရ အနေနဲ့ လည်း မုဒိမ်းမှုနဲ့ပတ်သက်ရင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်တဲ့ ဥပဒေမျိုးတွေ ပြဌာန်းသင့်တယ်လို့ မြင်ပါတယ်”ဟု လပွတ္တာမြို့ခံ ဦးမျိုးနိုင်က ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ် ကျုံကဒွန်း ကျေးရွာတွင် ဇွန်လ ၂၈ ရက်နေ့က အသက် ၁၀ နှစ်အရွယ် တတိယ တန်း ကျောင်းသူကို အိမ်သို့ အလည်အပတ် ရောက်ရှိနေသည့် ဧည့်သည်ဖြစ်သူ မျိုးမင်း(ခ) စောဒါဝီက အဓမ္မ ပြုကျင့် သည့်အတွက် ဖျာပုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
You may also like these stories:
လိင် အကြမ်းဖက်ခံရသည့် ကလေးအမှု တရားမျှတမှု ရရှိရေး ဆန္ဒပြမည်
တရားဟောဆရာ တဦးကို သက်ငယ်မုဒိမ်းမှုဖြင့် ဖမ်းဆီး အမှုဖွင့်
မယားပါ သမီးကို အဓမ္မ ပြုကျင့်သည့် ပထွေး ထောင်၂၃ နှစ် ချမှတ်ခံရ