TV ထားရှိပြသ နေသည့် စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များ၊ အလှပြင်ဆိုင်နှင့် အအေးဆိုင်များ ပြသ လိုင်စင် လုပ်ထားခြင်း ရှိမရှိ ကွင်းဆင်း စစ်ဆေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ ဒုဥက္ကဌ ဦးအောင်လွင်က ပြောသည်။
TV ပြသလိုင်စင်အား ပြန်ကြားရေး ဝန်ကြီးဌာန ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ကော်မတီက မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးနှင့် ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ်ပြီး ဇူလိုင် ၆ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ် အတွင်း စတင် စိစစ်မည် ဖြစ်ကြောင်း သိရသည်။
ဦးအောင်လွင်က“နေအိမ်တွေနဲ့ မဆိုင်ပါဘူး၊ စားသောက်ဆိုင်တွေလိုမျိုး စီးပွားရေးလုပ်ငန်းနဲ့ ဆက်စပ်ပြီး ဖျော်ဖြေမှု အနေ နဲ့ ပြတဲ့ဆိုင်တွေကို လိုင်စင်လုပ်ကြဖို့ပါ၊ ဒါကလည်း နှစ်စဉ်လုပ်နေကြပါပဲ၊ ဥပဒေအရလည်း တရားဝင် ပြဌာန်းထားတာ သိအောင် လုပ်တဲ့သဘောပါ”ဟု ပြောသည်။
ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ ၃၂(က)တွင် ဗီဒီယိုလုပ်ငန်း လိုင်စင်မရှိဘဲ စီးပွားရေးအလို့ငှာ ဗီဒီယိုလုပ် ငန်း လုပ်ကိုင် ဆောင်ရွက်ပါက ၃ နှစ်ထက်မပိုသော ထောင်ဒဏ် တရပ်ရပ်ဖြစ်စေ၊ ကျပ် တသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ ပြစ်မှုနှင့် တိုက်ရိုက် ဆက်စပ်သည့် ပစ္စည်းများ အား ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းနိုင် ကြောင်း ဖော်ပြထားသည်။
TV ပြသခွင့် လိုင်စင်ကို တနှစ်စာအတွက် အသစ်ပြုလုပ်သူများ အနေဖြင့် ကျပ် ၂၄၀၀၀ ခန့် ကုန်ကျနိုင်ပြီး လိုင်စင် သက်တမ်း တိုးသူများ အနေဖြင့် ကျပ် ၁၄၀၀၀ ခန့် ကုန်ကျနိုင်ကြောင်းလည်း သိရသည်။
ဆိုင်တွင် TV ပြသခြင်းနှင့် ပတ်သက်ပြီး ၂၀၀၄ ခုနှစ်ခန့်တွင် တကြိမ် လိုင်စင်ခွန် ပေးပြီးနောက်ပိုင်း ယနေ့အထိ ထပ်မံ၍ လာရောက် ကောက်ခံခြင်း မရှိတော့ကြောင်း၊ မည်သူမှ လာရောက် ပြောကြား အသိပေးခြင်း မရှိတော့ကြောင်း ရန်ကုန်မြို့ တွင် ဘီယာဆိုင် ဖွင့်လှစ်ထားသည့် ဦးကျော်ကြီးက ပြောသည်။
ဦးကျော်ကြီးက“အခုက အကုန်လုံး စကိုင်းနက်ပဲ ရှိတော့တာ၊ စကိုင်းနက်ကိုလည်း ပိုက်ဆံပေးရတယ်၊ TV ဝယ် ကတည်း ကလည်း အခွန်ကပါမှာပဲ၊ ဧည့်သည်ကလည်း TV ကြည့်ချင်လို့ လာတာမှ မဟုတ်တာ၊ ကြည့်ချင် ကြည့် မကြည့်ချင်နေ ဒီလိုပဲ ဖွင့်ထားတာ၊ အခုသိရတဲ့ ခန့်မှန်းနှုန်းထားကတော့ များတယ်”ဟုလည်း ပြောဆို သည်။
ဗဟန်း မြို့နယ်အတွင်း လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ထားသူ တဦးကလည်း ပြသလိုင်စင် အနေဖြင့် အခွန်ဆောင် နေသည်မှာ ၅ နှစ်ခန့်ရှိပြီ ဖြစ်ပြီး ကောက်ခံသည့် အခွန်နှုန်းထားအရလည်း အခက်အခဲ သိပ်မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
လက်ဖက်ရည်ဆိုင် ပိုင်ရှင်ဖြစ်သူက“လိုင်စင်လုပ်ပြီး ပေးနေတာ ၄၊ ၅ နှစ် ဆက်တိုက်ရှိပြီ၊ ဒီနှစ်တော့ မလာသေးဘူး၊ ဒီတခုတည်း အခွန်နှုန်းအတွက်တော့ သိပ်အခက်အခဲ မရှိပါဘူး၊ တနှစ်မှ တခါဆောင်ရတာ၊ တခြား ဘက်စုံက အခွန်တွေပါ ပေါင်းရင်တော့ များတာပေါ့”ဟု ပြောဆိုသည်။
ပြသ လိုင်စင် ကွင်းဆင်းစိစစ်ခြင်း လုပ်ငန်းအား ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ်များ အားလုံးတွင် ဆောင်ရွက် သွားမည်ဖြစ်ပြီး ရက်အလိုက် ဆောင်ရွက်မည့် အခြေအနေများအား အထွေထွေ အုပ်ချုပ်ရေးများထံ တရားဝင် အကြောင်း ကြားသွားမည် ဖြစ်ကြောင်း ဗီဒီယို အခြေခံအဖွဲ့ထံက သိရသည်။
You May Also Like This Story:
တရားမဝင် ဂြိုဟ်တုစလောင်းများနှင့် ရုပ်သံလိုင်းများ ထိန်းချုပ်ရန်ခက်နေ