သတင်း

အမျိုးဘာသာ သာသနာ ဖိနှိပ်သူများသည် နိုင်ငံ့ သစ္စာဖောက်ဟု မျိုးချစ်များ ပြော

Want create site? Find Free WordPress Themes and plugins.

အမျိုး ဘာသာ၊ သာသနာကို ဖိနှိပ်သူ၊ နိုင်ငံတော်နှင့် နိုင်ငံသားသစ္စာကို ဖောက်ဖျက်သူများ အားလုံးကို နိုင်ငံတော် သစ္စာဖောက်များဟု ကြေညာကြောင်း အမျိုးသားရေး လှုပ်ရှားသူများ (မျိုးချစ်များ) က ပြောသည်။

ထိုနိုင်ငံတော် သစ္စာဖောက်များကို ကူညီချင်သည့်၊ စောင့်ရှောက် ကာကွယ်ချင်သည့် ရဟန်းသံဃာ၊ စီးပွားရေးသမား၊ နိုင်ငံရေးသမား၊ အနုပညာရှင်၊ သတင်းမီဒီယာ၊ လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံခေါင်းဆောင် စသည်တို့ အားလုံး သည်လည်း နိုင်ငံ့ သစ္စာဖောက်များပင် ဖြစ်သည်ဟုလည်း ဆိုသည်။

ယနေ့ ရန်ကုန် မြို့တော်ခန်းမ ရှေ့တွင် ကျင်းပသည့် တိုင်းပြည်နှင့် အမျိုးဘာသာ သာသနာကို ဘက်စုံ ဖိနှိပ်ချုပ်ချယ် ဖျက်ဆီး စော်ကားနေမှုများအား ဆန့်ကျင်ရှုတ်ချပွဲဟု အမည်ပေးထားသည့် ပွဲတွင် အမျိုးသားရေး လှုပ်ရှားသူများ က ပြောကြားခြင်း ဖြစ်သည်။

လူမျိုး၊ ဘာသာများကို ဖိနှိပ်ခြင်း၊ အမျိုးသားရေး လှုပ်ရှားသူများ၊ ရဟန်း သံဃာတော်များကို ဖမ်းဝရမ်း ထုတ်ခြင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက အာဏာစက်ဖြင့် အရေးယူ ခံထိုက်သူများကို ဆရာတော်ဟု မခေါ်ခိုင်းခြင်း စသည့် အမျိုးဘာသာ သာသနာကို နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ချုပ်ချယ် စော်ကားနေကြောင်း အမျိုးသားရေး လှုပ်ရှားသူ တဦး ဖြစ်သော ဦးစိုးဝင်းက ပြောသည်။

ဦးဝင်းစိုးက“အမျိုးသားရေးဆိုတာ သီးခြားဖွဲ့စည်းထားပေမယ့် နိုင်ငံသားအနေနဲ့ တရားဝင် လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော် ခွင့် ရှိတယ်။ ခေါင်းစဉ်တွေတော့ မတူဘူးဗျ။ တပ်မတော်ကို ထောက်ခံတာလည်း ကျနော်တို့ ပြည်သူတွေပဲ။ လျှပ်စစ် မီတာခ ၂ ဆ တက်တာကို ဆန္ဒထုတ်ဖော်တာလည်း ဒီပြည်သူတွေပါပဲ။ အဓိကက နိုင်ငံမှာနေတဲ့ နိုင်ငံသားတွေက နိုင်ငံ သူ နိုင်ငံသားတွေရဲ့ အကျိုးနဲ့ မသက်ဆိုင်ဘူးဆိုရင်၊ စီမံမှုတွေ လျော့နည်းနေတယ် ဆိုရင် ဆန္ဒထုတ်ဖော်ပြီးတော့ မိမိရဲ့ လွတ်လပ်တဲ့ အမြင်တွေကို ချပြရမှာဖြစ်ပါတယ်”ဟု ပြောဆိုသည်။

မိမိတို့လို အမျိုးသားရေး လှုပ်ရှားသူများကို အစွန်းရောက် မျိုးချစ်များဟု ခေါ်ဆိုနေခြင်းနှင့် ပတ်သက်ပြီး မိမိတို့တွင်ရော ထိုသို့ မိမိတို့ဆန္ဒကို ထုတ်ဖော်ခွင့် မရှိတော့ဘူးလား၊ အမျိုးချစ်သူများကိုရော ချစ်ခွင့်မရတော့ဘူးလား၊ နိုင်ငံတကာစံနှုန်း ဆိုသည့်အရာများနှင့် ပြောကြားနေခြင်းတွင် မြန်မာနိုင်ငံအနေဖြင့် အလုပ်သမားများတွင်ရော လုပ်ခလစာနှင့် အခွင့်အရေး များက နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီပြီလားဟု မေးမြန်းရမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အမေရိကန် အောက်လွှတ်တော်အမတ်က ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများအရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရမှ တာဝန် မယူနိုင်ရင် အဆိုပါနေရာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်းပေးသင့်ကြောင်း မကြာသေးခင်က ပြောကြားချက်သည် တိုင်းပြည်၏ အချုပ်အချာ အာဏာကို ထိပါးခြင်းဖြစ်သည်ဟုလည်း ဦးစိုးဝင်းက ဧရာဝတီသို့ ပြောသည်။

ထိုပွဲကို အမျိုးသားရေး လှုပ်ရှားသူများ နှင့် ၎င်းတို့၏ နောက်လိုက်များ အပါအဝင် လူဦးရေ ၆၀၀ ကျော် တက်ရောက်ခဲ့ပြီး သံဃာတော် အပါး ၅၀ ခန့်လည်း ပါဝင်ခဲ့သည်ကို တွေ့မြင်ရသည်။

သို့ရာတွင် သံဃာတော်များထံ ဧရာဝတီ သတင်းဌာနက မှတ်ချက်ပြုပေးရန် မေးမြန်းခဲ့သော်လည်း မည်သည့် သံဃာ တော် ကမျှ မဖြေကြားခဲ့ပေ။

ထို့ပြင် အဆိုပါပွဲသို့ တက်ရောက်ခဲ့သူ ၂၀ ခန့်ကိုလည်း မည်သည့်အတွက်ကြောင့် တက်ရောက်ခြင်း ဖြစ်သည်ဟု မှတ်ချက် ပြုပေးရန် မေးမြန်းရာတွင် ၎င်းတို့က မည်သည့်အကြောင်း တစုံတရာမှ မပြောဘဲ မှတ်ချက်ပြုရန် ငြင်းဆန် ခဲ့ကြသည်။

အဆိုပါပွဲတွင် ဟောပြောခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ၏ ကြည့်မြင်တိုင် မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ကြည်ကြည်မာက“ကနေ့ တနိုင်ငံလုံးမှာ အချုပ်အချာနဲ့ ကိုယ့်ပိုင်တဲ့မြေကို ထိပါး စော်ကားတာ၊ အခွန်ကိစ္စတွေ၊ ကလေးသူငယ် အခွင့်အရေးတွေ၊ ကျန်းမာရေး၊ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်း တွေ အားလုံးက အဆင်မပြေမှုတွေနဲ့ ခံစားနေကြရတယ်။ ဒါ့ကြောင့် အစိုးရသိအောင်လို့ နေ့စဉ် ဆန္ဒ ထုတ်ဖော် တောင်း ဆို နေကြရတာ”ဟု ပြောသည်။

ထို့ပြင် အဆိုပါပွဲတွင် ယခုဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲများ ကျင်းပနေခဲ့ရာတွင် တခြားဘာသာဝင်များနှင့် တန်းတူ မိမိတို့သံဃာတော်များကို ထိုင်ခိုင်းနေခြင်း၊ တန်းတူဆက်ဆံ ခံရခြင်းများကိုလည်း ကန့်ကွက်ရှုတ်ချကြောင်းကို စင်ပေါ်သို့ တက်ရောက် ဟောပြောခဲ့သည့် အမျိုးသားရေး လှုပ်ရှားသူ တဦး ဖြစ်သည့် မအေးမြင့်မော်ကလည်း ပြောဆိုသည်။

ရွှေဝါရောင် ဆရာတော် ဥူးစန္ဒာသီရိကမူ ထိုသို့ အမျိုးသားရေး လှုပ်ရှားနေသူများ၏ လုပ်ဆောင်မှုများသည် ယခုနောက်ပိုင်း တွင် လူထုက ရွေးချယ် တင်မြှောက်လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ၏ လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် ကြိုးစားနေချိန်တွင် တစုံတခု အကောင်အထည် ပေါ်လာမည့်အရေးကို ပျက်သုဉ်း သွားစေရန် လုပ်ဆောင်မှုများသာ ဖြစ်သည်ဟု မိန့်ကြားသည်။

ဘာသာရေး၊ လူမျိုးရေးများကို ဝါဒမှိုင်းတိုက်ပြီး ရဟန်းသံဃာ တချို့နှင့် လူပုဂ္ဂိုလ်တချို့ကို နောက်ကွယ်မှ အာဏာရှင် စနစ်ကို လိုလားပြီး သူတို့၏ ရပ်တည်မှု၊ သူတို့၏ ပြောရေးဆိုခွင့်၊ လုပ်ဆောင်ခွင့်များ မပျောက်ကွယ်ရေး အတွက် ကြိုးကိုင် နေသည့် လုပ်ရပ်များက တဖြည်းဖြည်းနှင့် ထင်ထင်ရှားရှား ပေါ်လွင်လာပြီဟု ဆရာတော်က ဆက်မိန့်သည်။

ဥူးစန္ဒာသီရိက“အဲ့ဒီလူတွေရဲ့ လုပ်ရပ်တွေကို ပြန်ကြည့်ရင် အာဏာရှင်စနစ်ကို တည်ရှိလာအောင်၊ ပြန် အသက် ဝင်လာ အောင် လုပ်နေတဲ့ဟာ သိသာတယ်။ အဲ့ဒါကြောင့် ပြည်သူရော၊ ဦးပဉ္စင်းတို့ ရွှေဝါရောင် သံဃာတော်တွေကရော ဆန့်ကျင် နေတာ။ နောက်ပြီး ဘုန်းကြီးတချို့ကို ဖမ်းဝရမ်း ထုတ်တယ်ဆိုတာ တရားတယ်လို့ ထင်တယ်။ ဖမ်းဝရမ်း ထုတ်ခံရတဲ့ သူတွေရဲ့ အပြောကို ကြည့်လိုက်ရင် အဲ့ဒီလိုဘုန်းကြီးတွေ ဖြစ်နေတာ မြင်တွေ့ရမှာပဲ”ဟုလည်း မိန့်ဆိုသည်။

တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကလည်း မည်သည့် အဖွဲ့အစည်းမဆို ဥပဒေ၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိရမည် ဖြစ်ပြီး ပြည်သူအများ ရွေးချယ် တင်မြှောက်ထားသည့် အစိုးရအပေါ် ပြုတ်ကျအောင်၊ အကြည်ညိုပျက်အောင် မည်သူမဆို ဟောပြော၊ စည်းရုံး၊ လှုပ်ရှား နေမည်ဆိုလျှင် ထိုကိစ္စသည် ဥပဒေအတိုင်း အရေးယူခံရမည် ဖြစ်ကြောင်း ပြောသည်။

“အခုတော့ နိုင်ငံတော်အစိုးရကို အကြည်ညို ပျက်လောက်အောင် ပြောဆိုနေသေးတဲ့ အဆင့်ပဲရှိသေးတာ။ ဒါတောင် ဥပဒေ အရ အကြည်ညိုပျက်စေမှုနဲ့ အရေးယူလို့ရနေပြီ။ တဆင့်တက်ပြီး လက်တွေ့ လှုပ်ရှားမှုတွေပါ ပါလာရင် ဒါ နိုင်ငံတော် သစ္စာဖောက်မှု၊ နိုင်ငံတော် ပုန်ကန်မှုဖြစ်လာမယ်။ အခုက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ လက်ရှိ အစိုးရရဲ့ တဖက်အုပ်စုတွေက သူ့လူကိုယ်လူ ဆွဲသလို လုပ်လာတာ။ သူတို့ပြောနေတာတွေ ကြည့်လိုက်တာနဲ့ သူခိုးက လူ ပြန်ဟစ်နေတာ”ဟုလည်း ပြည်ထောင်စု ရှေ့နေများနှင့် ဥပဒေ အထောက်အကူပြု အဖွဲ့၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးကြီးမြင့် က ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading