ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ် အမျက်တောင်ရွာတွင် ဇူလိုင်လ ၅ ရက်နေ့ မွန်း လွဲပိုင်းက နေအိမ်တချို့ မီးရှို့ခံ၍ ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှေုာင်နေရကြောင်း ဒေသခံ များက ပြောသည်။
ဒေသခံ ရွာသားများ အဆိုအရ အမျက်တောင်ရွာ၏ မြောက်ဘက်တွင် တည်ရှိသည့် ဇီးခေါင်းရွာ အနီး တွင် တိုက်ပွဲ ဖြစ်သံများကို ကြားရပြီးနောက် တပ်မတော် စစ်ကြောင်းက ၎င်းတို့၏ ရွာဘက်သို့ ဆင်းလာကာ နေအိမ်များကို မီးရှို့သွားခြင်း ဖြစ်ကြောင်း ပြောသည်။
အမျက်တောင် ကျေးရွာနေ ဦးဘမောင်က “ လမ်းမှာ သူတို့ ( တပ်မတော် ) စိတ်ထိခိုက်မှု ဖြစ်အောင် ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ ကျနော်တို့လည်း မသိဘူး။ ရွာကို လာအတည်းက လှမ်းပစ်ပြီး ဝင်လာကြ တာ ။ အိမ်တချို့ကို မီးရှို့ သွားတာပါ ” ဟု ဧရာဝတီသို့ ပြောသည်။
အမျက်တောင်ကျေးရွာနှင့် ဇီးခေါင်းရွာမှာ ၂ မိုင်နီးပါးကွာဝေးပြီး အမျက်တောင်ကျေးရွာသားများသည် တပ်မတော် စစ်ကြောင်း ရွာဘက်သို့ ဆင်းလာသည်ကို မြင်ကတည်းက ဗုံးခိုကျင်းတွင် ဝင်ပုန်းသူများ ရှိသူလို တချို့ကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးသွားသူများ ရှိကြောင်း ကျေးရွာသားများက ပြောသည်။
နေအိမ် ၁၁ လုံး မီးရှုံ့ခံရခြင်း ဖြစ်ပြီး ကျေးရွာအနောက်ဘက်မှ နေအိမ် ၈ လုံးနှင့် ဘုန်းကြီးကျောင်း ၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိသည့် နေအိမ် ၃ လုံးတို့ ဖြစ်ကြောင်းလည်း ကျေးရွာသား များက ပြောသည်။
ဦးမောင်သိန်းဟန်ဆိုသည့် ကျေးရွာသား တဦး၏ လယ်တဲကိုလည်း မီးရှို့သွားခဲ့ကြောင်း ကျေးရွာသား များက ပြောကြားသည်။
အမျက်တောင်ကျေးရွာသူ ဒေါ်မမေက “တပ်မတော်သားတွေ လာအတည်းက လူတွေက ပြေးသွား ကြပြီး ၊ ကျမကတော့ ဗုံးတွင်းထဲမှာ ဝင်နေတယ်။ တချို့ကလည်း ကျောက်ရန်ဘက်ကို ထွက်ပြေး ကြတယ်။ ဘုန်းကြီးကျောင်းကို ထွက်ပြေးတာလည်း ရှိပါတယ်။ သူတို့(တပ်) ပြန်သွားတဲ့အခါ ကျမတို့ သွားကြည့်တော့ အိမ်တွေ မီးလောင်ကျွမ်းနေပါတယ်။ ရွာကို လက်နက်ကြီး ကျလို့ မီးလောင်တာ မဟုတ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်သားများ မီးရှိုသည် ဆိုသည့် ပြောဆိုချက်နှင့် ပတ်သက်၍ တွေ့မြင်သူများ ရှိပါသလားဟု ဧရာဝတီမှ မေးမြန်း ရာ ထွက်ပြေးပုန်းခိုနေရသည့်အတွက် အနီးကပ်မမြင်ရသော်လည်း အဝေးမှ မြင်ရကြောင်း ကျေးရွာသွားများက ဆိုသည်။
အဆိုပါ အမျက်တောင် ကျေးရွာ မီးရှိုခဲ့ရသည်ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီမှ ရသေ့တောင် မြို့နယ် အုပ်ချုပ် ရေးမှူး ဦးကျော်မင်းထွန်းအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အဆိုပါ ရသေ့တောင်မြို့နယ် အမျက် တောင်ကျေးရွာ အနီးတွင် နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေသည့် တပ်မတော် စစ်ကြောင်းများ မရှိ သလို တိုက်ပွဲဖြစ်ပွားမှုလည်း မရှိကြောင်း ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ မနေ့က ကျနော်တို့ နယ်မြေရှင်းလင်းရေး အဖွဲ့တွေ အဲဒီ အမျက်တောင် နားမှာ တိုက်ပွဲ ဖြစ်တာ လည်း မရှိဘူး။ အမျက်တောင်ဆိုတာ ရေစိုးချောင်းနဲ့ ကပ်ရပ်ပဲ ၊ ချောင်း ခြားတယ်။ မနေ့က ကျနော်တို့ တိုက်ပွဲဖြစ်တဲ့ နေရာတွေက အမျက်တောင်ရဲ့ ဟို မြောက်ဘက် ၇ မိုင် ၈ မိုင်လောက် ဝေးတဲ့ အလယ်ချောင်း ရွာပြင်နားမှာ တိုက်ပွဲဖြစ် တာ ရှိတယ်။ အခု အမျက်တောင်ကို မီးရှို့တယ်။ ဘာညာဆိုတာ ဘယ်သူတွေ့က တွေ့ပြီးတော့ မီးရှို့လဲဆိုတာ မသိဘူး ။ AA က မီးရှို့ချင် လည်း ရှို့သွားမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်စစ်ကြောင်းက ရွာထဲသို့ ဝင်ရောက် မီးရှို့သွားသည်ကို ကျေးရွာသား တချို့က လှမ်း မြင်သူများ ရှိသည်ဆို သည့် ကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဧရာဝတီမှ မေးမြန်းရာတွင် “ အဲဒါကတော့ သက်သေ အထောက် အထား ဘာရှိလို့လဲ ။ ကျနော်တို့ တပ်တွေက မနေ့က အဲဒီအနားမှာလည်း မရှိဘူး ။ မနေ့က တိုက်ပွဲဖြစ်တာ က စောစော က ကျနော်ပြောတဲ့ အလယ်ချောင်းရွာပြင်နားမှာပဲ ဖြစ်ခဲ့တာ ရှိတယ်” ဟု ပြောသည်။
တပ်မတော်က တိုက်ပွဲဖြစ်ပွားသည်ဆိုသော အလယ်ချောင်းကျေးရွာမှာ ဘူသီးတောင် မြို့နယ်အတွင်း တည်ရှိပြီး စစ်ဘေး ရှောင် စခန်းတွင် ရောက်ရှိနေသည့် အလယ်ချောင်း ရွာသား ကိုကျော်ကျော်နိုင် ကတော့ ၎င်းတို့ ရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားသံများ ကြားရပြီး ရွာထဲမှာလည်း မီးခိုးများ ထွက်ပေါ် သည်ကို မြင်တွေ့ရကြောင်း ပြောသည်။
ကိုကျော်ကျော်နိုင်က “ ရွာမှာ ဘာဖြစ်လဲဆိုတာ ကျနော်လည်း မသိဘူး ၊ ရွာမှာက လူတွေလည်း မရှိတော့ အဆက် အသွယ်လည်း မရဘူး၊ ကျနော်တို့လည်း သွား မကြည့်ရဲဘူး၊ မီးခိုးထွက်တာတော့ လှမ်းမြင်ရတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
AA သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ ယမန်နေ့က ရခိုင်ပြည်နယ်အတွင်း ဘူးသီး တောင် ၊ ရသေ့တောင် ၊ ကျောက်တော် ၊ ပလက်ဝ စသည့် မြို့နယ် ၄ မြို့နယ် အတွင်း တပ်မတော်နှင့် AA တို့ နေရာ ၈ နေရာတွင် နှစ်ဘက် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ သည် ဟုဆိုသည်။
“ မနေ့က ကျနော်တို့ မြို့နယ် ၄ မြို့နယ်မှာ ၈ နေရာ တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ ရသေ့တောင်မြို့နယ် ဇီးခေါင်းရွာ တောင်ဘက် ၁ ကီလိုမီတာ အကွာလောက်မှာ တိုက်ပွဲ ဖြစ်တာ ရှိတယ်။ အဲဒီမှာ သူတို့ ဘက်က ၆ ယောက် ကျဆုံးတာ ရှိတယ်။ အမျက်တောင်နားမှာတော့ တိုက်ပွဲဖြစ်တာ မရှိဘူး ၊ အဲဒီမှာ သူတို့ဘက်က ကျဆုံး တာတွေ့ရှိတော့ အပြန်မှာ ရွာကို ဝင်ပြီး မီးရှို့သွားတာပါ ” ဟု ဧရာဝတီသို့ ပြောသည်။
ရသေ့တောင်မဲဆန္ဒနယ်မှ အမျိုးသားလွှွတ်တော်ကိုယ်စားလှယ် ဦးခင်မောင် လတ်ကတော့ ၎င်း အမျက်တောင် ကျေးရွာ တွင် နေအိမ် ၁၁ လုံး မီးရှို့ခံရသည့် ဖြစ်စဉ်ကို ကျေးရွာသားများ၏ သတင်း ပို့ချက်အရ သိရှိရပြီး ယင်းဖြစ်စဉ်အား မကြာမီ ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး တွင် မေးခွန်းများ မေးမြန်း ဖြစ်သွာမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
နေအိမ် မီးရှို့ခံလိုက်ရသူများမှာ ဒေါ်ခင်သန်းနု ၊ ဦးကျော်ညွန့်လှ ၊ ဦးထွန်း ကျော်လှ ၊ ဦးစောလှမောင် ၊ ဦးခင်မောင် ၊ ဦးအောင်နိုင် ၊ ဦးမောင်စောနု ၊ ဦးစောမောင် ၊ ဒေါ်သန်းနု ၊ဒေါ် အေးမြနု ၊ ဦးဝင်ကျော် တို့ ၏ နေအိမ်များ ဖြစ်ကြောင်း လည်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဆိုသည်။
ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လက်ရှိအချိန်တွင် ၎င်း ကျေးရွာမှ ကျေးရွာ သားများမှာ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေး ရကြကြောင်းလည်း သိရသည်။
You May Also Like These Stories:
ရသေ့တောင် ကျောက်တန်းဖြစ်စဉ် လူ့အခွင့်အရေး ကော်မရှင် သွားရောက် စစ်ဆေး
သွေးထွက်များလာနေသော ရခိုင်စစ်ပွဲ
မင်းပြားက လက်နက်ကြီး ကျမှန်ပေါက်ကွဲမှု ၅ ဦးသေဆုံး