ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပေါက်တူးတောင် ကျေးရွာတွင် ဇူလိုင်လ ၅ ရက်နေ့ ည ၈ နာရီ အချိန်ခန့်က ကျေးရွာသား ၂ ဦးကို အမည်မသိ လက်နက်ကိုင် ၃ ဦးက နေအိမ်ထဲသို့ ဝင်ရောက် ပစ်သတ်သွားကြောင်း သတင်း ရရှိသည်။
ပစ်သတ်ခံရသည့် ကျေးရွာသား ၂ ဦးမှာ အသက် ၆၀ အရွယ် ဦးမောင်ဘကျန်နှင့် သားမက်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် ကိုဆန်းဝင်းထွန်းတို့ ဖြစ်ကြောင်း ဒေသခံများက ပြောပြသည်။
မြေပုံ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက“တနေ့က ည ၈ နာရီလောက်မှာ လူ ၃ ယောက် အိမ်ထဲဝင်လာပြီးတော့ ၂ ယောက်က အိပ်ပေါ်တက်ပြီး မီးဖိုချောင်မှာ ထမင်းစားဖို့ လုပ်နေတဲ့ ကိုမောင်ဘကျန်ကို အရင်ဆုံး ပစ်တယ်လို့ ပြောတယ်။ နောက် သူ့သားမက် အခန်းထဲက ထွက်လာတော့ သူ့ကိုလည်း ပစ်သတ်သွားတယ် လို့တော့ သိရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုပစ်ခတ်မှု ဖြစ်သည့်အချိန်တွင် မိသားစုဝင်များလည်း ရှိကြောင်း၊ ကျေးရွာသားများမှာ သေနတ်ပစ်ခတ်သံများကို ကြား သော်လည်း တဦးတယောက်မှ ထွက်မကြည့်ရဲဘဲ မနက်မိုးလင်းမှသာ သွားရောက် ကြည့်ရှုခဲ့ကြောင်း ဒေသခံ ကျေးရွာ သားများက ပြောပြသည်။
ဖြစ်စဉ် အသေးစိတ်ကို သိရှိနိုင်ရန် ဧရာဝတီက မြေပုံမြို့နယ် ရဲတပ်ဖွဲ့နှင့် နယ်မြေခံ ကန်းထောင်းကြီး ရဲစခန်းကို ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းကတော့ ဖြစ်စဉ်ကို အတည်ပြုပြီး လက်ရှိအချိန်၌ သက်ဆိုင်ရာ ရဲစခန်း တွင် အမှုဖွင့်လှစ်ကာ တရားခံအား ဖမ်းဆီးရမိနိုင်ရေး အတွက် ရှာဖွေ စုံစမ်းလျက် ရှိကြောင်း ပြောသည်။
ရဲမှူးကြီး ကြည်လင်းက“ဖြစ်စဉ်ကတော့ မှန်တယ်။ တရားခံက သေနတ်နဲ့ ပစ်တာဖြစ်တဲ့အတွက် သေနတ်ကိုင်တဲ့ အဖွဲ့ အစည်းတွေ ဖြစ်မှာပေါ့။ လောလောဆယ် တရားခံတော့ မိတာ မရှိသေးဘူး။ ကျနော်တို့ကတော့ တရားခံကို ဖမ်းဆီးရမိ နိုင်ရေးအတွက် စုံစမ်းနေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသည့် ပေါက်တူးတောင် ကျေးရွာသား ၂ ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားပြီး ယင်းနေရာ တွင် ကျည်ဆန်ခွံ ၆ ခုကိုလည်း သိမ်းဆည်း ရမိကြောင်း ရဲမှူးကြီး ကြည်လင်းက ဆက်လက်ပြောကြားသည်။
ယခု လုပ်ကြံ သတ်ဖြတ်ခံရသည့် ပေါက်တူး တောင်ရွာသား ၂ ဦး၏ အလောင်းများကို ယမန့်နေ့က ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲ ဆေးစစ်ချက်များကို ရယူပြီး ကမ်းထောင်းကြီး သုသာန်တွင် သဂြိုဟ် လိုက် ကြောင်း လည်း သိရသည်။
ပေါက်တူးတောင် ကျေးရွာတွင် အခြေချ နေထိုင်သူများဖြစ်ကာ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များကြောင့် သတ်ဖြတ်သွားခြင်း လား၊ မည်သည့် အကြောင်းကြောင့် သတ်ဖြတ်သွားကို မသိရှိကြောင်း ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်ကလည်း ကမ်းထောင်း ကြီးကျေးရွာနေ အလယ်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး တဦးဖြစ်သူ ဦးသန်းမောင်ချေမှာ နေအိမ်အတွင်း တီဗီ ထိုင်ကြည့်နေစဉ် အမည်မသိ သေနတ်သမားတဦး၏ ပစ်ခတ်မှုကြောင့် သေဆုံး သွားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ကျေးရွာတချို့တွင် ယခုကဲ့သို့ သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်များ ခပ်စိတ်စိတ် ဖြစ်ပွား နေပြီး သတ်ဖြတ်ခံရသည့် အကြောင်းရင်းများနှင့် သတ်ဖြတ်သွားသည့် တရားခံများကို လက်ရှိ အချိန်အထိ ဖော်ထုတ် ဖမ်းဆီး နိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သော မတ်လ ၅ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် သရက်တပင်ကျေး ရွာတွင် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်သူ အသက် ၄၇ နှစ်အရွယ် ဦးဘစောမှာ ရွာအနီး ကားလမ်းမ ဘေးတွင် ဆောက်လုပ်ထားသော ၎င်း၏ ဆိုင်ခန်းထဲ ရှိနေစဉ် ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
မင်းပြားမြို့နယ် သာယာကုန်း ကျေးရွာအုပ်စု အတွင်း ရာအိမ်မှူး အဖွဲ့ဝင် တဦးဖြစ်သူ အသက် ၅၀ ကျော်အရွယ် ဦးမောင်ကျော်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းက အမည်မသိ သေနတ်သမား၏ ပစ်သတ်ခြင်းခံရပြီး သေဆုံး သွားခဲ့သည်။
ဇန်နဝါရီလ ၂၂ ရက် ည ၉ နာရီ ကျော်အချိန်ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာသား ဦးမောင်အေးသိန်း ၅၆ နှစ်မှာ အမည်မသိ သေနတ်သမား၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း မြေပုံမြို့နယ် ကြာအင်းတောင် ကျေးရွာတွင် နေထိုင်သည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီမှ ဗဟိုကော်မတီဝင် တဦးဖြစ်သည့် ဦးခင်သန်းမောင်မှာ နေအိမ်တွင် တဦးတည်း တီဗီ ထိုင်ကြည့် နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။
ဆက်စပ်ဖတ်ရှုရန်
မြေပုံမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး နေအိမ်အတွင်း ဝင်ရောက် ပစ်သတ်ခံရ