လူအများစိတ်ဝင်စားနေသည့် အသက် ၃ နှစ်မပြည့်သေးသော မိန်းကလေးငယ် လိင်အကြမ်းဖက်ခံရမှု အတွက် “အမှန်တရား ရရှိရန် အမှန်တကယ် ကျူးလွန်သူ မည်သူကိုမဆို ပူးပေါင်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း” Wisdom Hill ကျောင်း အုပ်ချုပ်ရေး အဖွဲ့က ယခုလ ၇ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါလိင်အကြမ်းဖက်ခံရမှု တရားမျှတမှုရရှိရေး အတွက် ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင်သာမက နယ်မြို့များတွင်ပါ ပြည်သူ လူထုက လမ်းပေါ်ထွက်၍ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်နေလျှက်ရှိပြီး Wisdom Hill ကျောင်းဘက်ကလည်း ယခုကဲ့သို့ သဘောထား ထုတ်ပြန်လာခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်ထဲတွင် “မိဘပြည်သူများနည်းတူ ကျနော်များ အနေဖြင့်လည်း အမှုမှန်ပေါ်ပေါက်စေရေး သမီးလေး အတွက် မျှတသော အမှန်တရား ရရှိရေးကိုသာ အလွန်သည်းထန်စွာ လိုလားကြောင်းကို လေးစားစွာ ထပ်မံတင်ပြလိုပါသည်” ဟု ပါရှိသည်။
Wisdom Hill ကျောင်းဘက်မှ အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေရေး အတွက် လိုအပ်သော ကူညီမှုများ ပေးရန် အမြဲ အဆင်သင့် ရှိနေခဲ့ သော်လည်း ဝတ္တရားပျက်ကွက်ခဲ့ရသည့်အတွက် သမီးလေး (ဗစ်တိုရီးယား) ကို အနူးအညွှတ်တောင်းပန်းကြောင်းလည်း ပါရှိသည်။
အခင်းစတင်ဖြစ်ပွားကြောင်း သိရှိချိန်မှစ၍ ကျောင်းဘက်မှ အစစ်အဆေးခံရမည်သူများအားလုံးသည် တကြိမ်တခါမှ ပျက်ကွက်ခဲ့ခြင်း မရှိကြောင်း တရားခံ အစစ်အမှန် ပေါ်ပေါက်စေရေးအတွက် သမီးလေးနှင့် မိသားစုများကို တွေဆုံ၍ လိုအပ်သည်များကို ပူးပေါင်း လုပ်ဆောင်ရန်လည်း ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း ကျောင်းဘက်မှ မိဘများအား မလျော်ကန်သောနည်းဖြင့် အမှုမှားယွင်းစေရန် လုပ်ဆောင်နေသည်ဟု ကာယကံရှင် မိသားစုများဘက်မှ အထင်မြင် လွဲသွားစေသည့် ဝေဖန်မှုများ ထွက်ပေါ်လာမည်ကို စိုးရိမ်ခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အမှုမှန် (တရားခံ အစစ်ဖြစ်သူ) ဖော်ထုတ်ရေး လုပ်ငန်းစဉ်လွဲချော် တိမ်းဆောင်းမှုများ ဖြစ်မည်စိုးရိမ်၍ ချက်ချင်း မဆက်သွယ်ဖြစ်ကြောင်းလည်း အကြောင်းပြချက်ပေးထားသည်။
ထို့အတူ “တရားခံ အစစ်မှ သတင်းအချက်အလက်များကို ကြားမှ ဖြတ်ယူ၍ အမြတ်ထုတ်သွားနိုင်မှုများ၊ မလိုလားအပ်သော လုပ်ငန်း ကြန့်ကြာမှုများ မဖြစ်ပေါ်စေရေးဆိုသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကန့်သတ်ချက်များ ရှိလာသည့် အတွက် ထပ်မံ မဆက်သွယ်နိုင်ခဲ့သော်လည်း နေ့စဉ်စိတ်ထိခိုက်ကြေကွဲနေရပါသည်” ဟုလည်း ဆိုထားသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် အဆိုပါ ကျောင်း သူ ကလေးငယ်မှာ မေလ ၁၇ ရက်နေ့က လိင်အကြမ်းဖက်ခံရမှုဖြင့် ထိုကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့် ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လိင်အကြမ်းဖက် ခံရမှုဖြစ်စဉ်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပိုးဖြူဆိုသည့် အကောင့်ပိုင်ရှင်ထံမှ စတင်ပျံ့နှံ့ လာပြီး နောက် သတင်းမီဒီယာများမှတဆင့် လူအများ စိတ်ဝင်စားမှု မြင့်တက်ခဲ့ရာ မှုခင်း တပ်ဖွဲ့(CID) ၏ စစ်ဆေး ချက်အရ ကျူးလွန်သူမှာ Wisdom Hill ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေးမှူး၏ကား ယာဉ်မောင်း အောင်ကြီးဖြစ်ပြီး ၎င်းကို ဇူလှိုင် ၄ ရက် နေ့က တရားစွဲတင်ခဲ့သည်။
CID ဒုရဲချူပ် အောင်နိုင်သူက အဆိုပါ ပုဂ္ဂလိကကျောင်းသို့ ကျောင်းအုပ်ချုပ်ရေးမှူး၏ ကား ဒရိုင်ဘာက မေလ ၁၆ ရက်နေ့ ညနေပိုင်း ကျောင်းအဆောက်အဦ အတွင်းမှာဘဲ ကျူးလွန်ခဲ့သည်ဟု သံသယရှိသဖြင့် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း မီဒီယာများကို ပြောဆိုထား သည်။
Wisdom Hill မူကြိုကျောင်းသည် လက်ရှိတွင် ခွင့်ပြုချက် မရဘဲဖွင့်လှစ်ထားရှိသည့် အပြင် ကျောင်းတွင် ထိုသို့ လိင်အကြမ်းဖက် မှုဆိုင်ရာ ကိစ္စဖြစ်ပွားခဲ့သည့် အတွက် အဆိုပါကျောင်းကို ခွင့်ပြုချက် ပိတ်သိမ်းမည် ဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောဆိုသည်။
နေပြည်တော်ကောင်စီ နယ်မြေ အတွင်း ဇူလိုင် ၁ ရက်နေ့အထိ ပုဂ္ဂလိက မူကြိုကျောင်းနှင့် နေ့ကလေးထိန်းကျောင်း ၂၅ ကျောင်း တည်ထောင်ခွင့်ပြုမိန့် ပေးထားပြီးဖြစ်ကြောင်း၊ အချက်အလက် မပြည့်စုံသည့်အတွက် ပိတ်ထားသည့် ကျောင်း မှာ ၁၀ ကျောင်းရှိပြီး အဆိုပါ ကျောင်းတွင် လတ်တလော နာမည်ကြီးနေသည့် Wisdom Hill မူကြိုကျောင်းလည်း ပါဝင်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန ထံမှလည်း သိရသည်။
You may also like these stories:
ပြန်လွှတ်လိုက်သည့် Wisidom Hill အမှု သံသယတရားခံ ရက်ပိုင်းအတွင်း ပြန်အဖမ်းခံရ
ပုဂ္ဂလိက ကျောင်း၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရသည့် ကလေးအမှု CID စစ်နေ
Wisdom Hill ကျောင်းကို အရေးယူမည်ဟု သမ္မတရုံး ပြော