မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ တရားမဝင်ရွှေ့ပြောင်းလုပ်သားများ ပို့ဆောင်ပေးနေသော လူကုန်ကူးဂိုဏ်းကို ဖြိုခွင်းခဲ့ရာ မြန်မာ ၈ ဦးနှင့် ထိုင်းနှစ်ဦးတို့ကို တနင်္လာနေ့၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲက ပြောသည်။
မြန်မာအလုပ်သမားများသည် ထိုင်းအမျိုးသမီးတဦးမောင်းနှင်လာသော ဗင်ကားနောက်ခန်းတွင် ပုန်းအောင်း လိုက်ပါလာခြင်းဖြစ်သည်။ အခြားထိုင်း ၁ ဦးကို အမျိုးသမီးလူကုန်ကူးမှုဖြင့် ရဲက သံသယရှိနေသည်။
၎င်းတို့ လိုက်ပါလာသည့် မော်တော်ယာဉ်ကို ဆန်ခလပြည်နယ်၊ ရက်တန်နာဖန်ခရိုင်ရှိ အဝေးပြေးလမ်းတွင် ရပ်တန့်ရန် လူကုန်ကူးနှိမ်နင်းရေးအရာရှိတဦးက အမိန့်ပေးခဲ့သည်။
ရဲ၏အဆိုအရ ယာဉ်မောင်းက ၎င်းမော်တော်ယာဉ်ကို ဖန်င ပြည်နယ်၊ တကွာပါ မှ တရားမဝင်လုပ်သားများ ခေါ်ဆောင်လာရန် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်သားများကို ဆန်ခလပြည်နယ်၊ ဆင်ဂါနခွန် ခရိုင်အထိ ပို့ဆောင်ရန် ဖြစ်ကြောင်း၊ ပို့ဆောင်ပေးခအဖြစ် တဦးလျှင် ဘတ် ၁၁၀၀ ရရှိကြောင်း သိရသည်။ အဆိုပါလုပ်သားများသည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့နယ်မှဖြစ်ပြီး ရနောင်းပြည်နယ်ကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြောင်း ရဲက ပြောသည်။
ယင်းကဲ့သို့ ရွှေ့ပြောင်းလုပ်သား လူကုန်ကူးမှုပေါင်း ၁၀ ကြိမ်ခန့်ရှိပြီဟု ထိုင်း ၂ ဦးက ထွက်ဆိုသည်။
ယခင်က လူကုန်ကူးမှုများကို နှိမ်နင်းခဲ့သော်လည်း ထိုင်းနှင့်အိမ်နီးချင်း မလေးရှားနိုင်ငံတွင် စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းတို့တွင် လိုအပ်ချက်များလာသဖြင့် တရားမဝင်လူကုန်ကူးမှုမှာ ပြီးခဲ့သည့် ၆ လကျော်က ဖြစ်ပွားမှုနှုန်း ပြန်လည်များပြားလာခဲ့ကြောင်း အမည်မဖော်လိုသူ လုံခြုံရေးအရာရှိတဦး၏အဆိုအရ သိရသည်။
လူကုန်ကူးခံရသူအများစုသည် မြန်မာလုပ်သားများဖြစ်ကြပြီး မြန်မာနိုင်ငံမှ မွတ်စလင်များလည်း တခါတရံ ပါဝင်တတ်ကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောကြားသည်။
“မြန်မာ လုပ်သားတဦးကို ခေါ်ဆောင်ပေးရင် ဘတ် ၁ သောင်းကျသင့်ပြီးတော့ ရိုဟင်ဂျာတဦးဆိုရင် ဘတ်ငွေ ၆ သောင်း ကုန်ကျပါတယ်” ဟု ယင်းအရာရှိက ရှင်းပြသည်။
You may also like these stories:
လူကုန်ကူးခံရသည့် မြန်မာ ၆၂ ဦးကို ထိုင်းအစိုးရ လွှဲပြောင်း
အစ်မအရင်းက တရုတ်ပြည်ကို ရောင်းစားတာ ခံခဲ့ရတဲ့ အမျိုးသမီး
မြန်မာအပါအဝင် ရောင်းစားခံ အမျိုးသမီး ၁၁၀၀ကျော် တရုတ်ရဲတပ်ဖွဲ့ ကယ်တင်နိုင်ခဲ့
ထိုင်းမြန်မာပူးပေါင်းပြီးဗီဇာအတုပြုလုပ်သူများကို အရေးယူမည်