ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံ ယဉ်ကျေးမှု ဒေသအတွက် ခရီးသွား မြှင့်တင်ရေး၊ ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းမှုများကို ဟန်ချက်ညီအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန၏ ဒု ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ဧရာဝတီသို့ ပြောသည်။
ခရီးသွား မြှင့်တင်ရေးကို ဦးစားပေး လုပ်ဆောင်ပါက ယဉ်ကျေးမှု အမွေအနှစ်များနှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မည် ဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ဦးစားပေး လုပ်ဆောင်ပါ ကလည်း ခရီးသွားမြှင့်တင်ရေးကို ထိခိုက်မည် ဖြစ်သောကြောင့် ယင်းအချက်များကို ဟန်ချက်ညီရန် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးအောင်အေးဟန်က ဆက်လက်၍“ဝန်ကြီးဌာန အနေနဲ့က ရေရှည်ခရီးသွား ကဏ္ဍဖွံ့ဖြိုးရေးနဲ့ ရေရှည်တည်တံ့ ခိုင်မြဲ စေမယ့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကြိုတင် ပြင်ဆင် ဆောင် ရွက်ထားတာတွေ ရှိပါတယ်”ဟု ပြောဆိုသည်။
ထို့ပြင် တချို့နိုင်ငံများတွင် ခရီးသွား အများအပြား ဝင်ရောက်မှုကြောင့် ယဉ်ကျေးမှု အမွေအနှစ်များ နှင့် သဘာဝ ပတ် ဝန်းကျင် ထိခိုက်ပျက်စီးရသည့် အခြေအနေများ ရှိခဲ့ခြင်းကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများ၊ ဒေသခံ ပြည်သူများကို အသိပညာပေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွား လာရေး ဝန်ကြီးဌာနက သိရသည်။
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးသက်လွင်တိုးက“အခုက ယူနက်စကို ဝင်သွားပြီ ဖြစ်တဲ့ အတွက် ပြည်တွင်း ခရီးသွားပဲ ဖြစ်ဖြစ်၊ တရုတ်ခရီးသွားတွေပဲ ဖြစ်ဖြစ်ကို ပိုပြီး စနစ်တကျဖြစ်အောင် လုပ်ဖို့ လိုပြီ။ ပေါ်လစီ ချမှတ်တဲ့ သူတွေရော လုပ်ငန်းရှင်တွေရော အားလုံး ညီညွတ်ဖို့ လိုတာပေါ့”ဟု ဆိုသည်။
၎င်းက ဆက်လက်ပြီး“၁၅ နှစ် နောက်ပိုင်းမှာ ဟိုတယ်တွေ ရွှေ့ရမယ် ဆိုတဲ့ ကိစ္စကိုလည်း ဘယ်လို အကောင် အထည် ဖော်မလဲ ဆိုတာ ပိတ်ကားပေါ်မှာ ဆက်ကြည့်ရမှာပေါ့။ ရေရှည်တည်တံ့ဖို့ အတွက် ဒါတွေကို စနစ်တကျ လုပ်ဖို့ လိုအပ်တာပေါ့။ အခုတမျိုးထုတ်လိုက် တော်ကြာတမျိုးထုတ်လိုက် အဲဒီလိုမျိုးတွေ လုပ်လို့မရတော့ဘူး”ဟု လည်း ပြောဆိုသည်။
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် တရုတ် အပါအဝင် အာရှနိုင်ငံ တချို့ကို ဆိုက်ရောက် ဗီဇာ ခွင့်ပြုခဲ့ပြီး နောက်ပိုင်း တရုတ်ခရီးသွားများသည် ယခုနှစ်ပိုင်းတွင် အများအပြား ဝင်ရောက်လာလျက် ရှိကာ ပုဂံဒေသသည် တရုတ် ခရီးသွား အများဆုံး လာရောက် လည်ပတ်ကြသည့် ဒေသတခု ဖြစ်သည်။
Gracious Bagan ဟိုတယ် လုပ်ငန်းရှင် ဦးမိုးဝေယံမြင့်က“အခုဆိုရင်လည်း အရှေ့ဖိတ်ခေါ်တဲ့ မူဝါဒအရ တရုတ် ခရီး သွားတွေ အများကြီး ဝင်လာတယ်။ ဒါပေမယ့် ပုဂံမှာ သန့်စင်ခန်းလို ဆိုင်းဘုတ်တောင် တရုတ်လို မရှိဘူး။ ပြီးတော့ တရုတ်စကားပြန် ဧည့်လမ်းညွှန် လုံလုံလောက်လောက် မရှိဘူး။ သတိပေး ဆိုင်းဘုတ်တွေမှာ တရုတ်စာနဲ့ မရှိတော့ သူတို့က ဆူဆူညံညံ စကားပြောတာတွေ နေချင်သလို နေတဲ့ ကိစ္စတွေဖြစ်လာရော။ ဒါက ကြိုတင် ပြင်ဆင်ထားမှု မရှိတဲ့ ကိစ္စပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် လက်ရှိအချိန်တွင် ပုဂံယဉ်ကျေးမှု ဒေသအတွင်း၌ ဟိုတယ် အသစ်တည်ဆောက်မှုများ လုပ်ဆောင်လျက် ရှိပြီး ယင်းကိစ္စများကို မည်သို့ ထိန်းချုပ်မည့် ကိစ္စများအပြင် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ဒေသတခုအတွက် အစိုးရ၏ ကြို တင် ပြင်ဆင်မှုများကို ထင်သာမြင်သာအောင် မတွေ့ရှိရသေးကြောင်း ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် ပုဂံဒေသတွင် တရားမဝင် ဟိုတယ် တည်ဆောက်မှုများ၊ ခရီးသွားများ၏ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ် မှု များနှင့် စေတီပုထိုးများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြန်လည်ပြင်ဆင်မှု စသည့် ကိစ္စများ အပါအဝင် ဝန်ကြီးဌာန အနေ ဖြင့် တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရန် လိုအပ်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။
မြန်မာ့ ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ် ဒေသတခု ဖြစ်သည့် ပုဂံ ယဉ်ကျေးမှုဇုန်ကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် (World Heritage List) အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)က အဇာဘိုင်ဂျန် နိုင်ငံ ဘာကူးမြို့တွင် ကျင်းပသော ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ အစည်းအဝေး၌ အသိအမှတ်ပြုခဲ့သည်။
ပုဂံရှေးဟောင်း အမွေအနှစ် ယဉ်ကျေးမှုဇုန်အား ကမ္ဘာ့အမွေအနှစ် အသိအမှတ်ပြုခံရန် အတွက် ပြင်ဆင်ထားမှု အခြေ အနေများကို UNESCO ၏ အကြံပေးအဖွဲ့ ဖြစ်သည့် International Council on Monuments and Sites (ICOMOS) မှ ကျွမ်းကျင် ပညာရှင်အဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်တွင် လာရောက် စစ်ဆေးပြီးနောက် သတ်မှတ်ထား သည့် Critera၊ Outstanding Universal Value တို့နှင့် ကိုက်ညီမှု ရှိကြောင်း ထောက်ခံချက်ပေးခဲ့ခြင်း ဖြစ်သည်။
ပုဂံယဉ်ကျေးမှု ဒေသသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နေရာဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ပျူမြို့ဟောင်း ၃ မြို့ဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စသည့် မြို့များကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ် အသိအမှတ်ပြုခဲ့သည်။
မြန်မာနိုင်ငံခရီးသွား မြှင့်တင်ရေး လုပ်ငန်းရှင်အသင်း၏ အကြံပေး ဦးဖြိုးဝေရာဇာက“ပုဂံဒေသက ရသင့်တာက ကြာ ပြီ။ ပုဂံရဲ့ ကောင်းမွန်တဲ့ အချက်အလက်တွေနဲ့ ထိုက်တန်တဲ့ ကမ္ဘာ့အမွေအနှစ် ဒေသဖြစ်သင့်တာက နှစ်ပေါင်းများစွာ နောက်ကျနေပြီ။ ကျနော့်အမြင်ကတော့ ကမ္ဘာက သတ်မှတ်ပေးသည် ဖြစ်ဖြစ် မသတ်မှတ်ပေးသည် ဖြစ်ဖြစ် ပုဂံက မြန်မာမှာ ရှိပေမယ့်လည်း လူသားအားလုံး ပိုင်ဆိုင်တဲ့ အရာတခုပါ။ အရေးကြီးတာက ဒီအရာကို ရေရှည်တည်တံ့ အောင် ထိန်းသိမ်း ဖို့က အကုန်လုံးမှာ တာဝန်ရှိပါတယ်”ဟု ပြောဆိုသည်။
ပုဂံဒေသတွင် ရှေးဟောင်း စေတီပုထိုးများနှင့် အဆောက်အအုံပေါင်း ၃၅၀၀ ကျော်ရှိပြီး ထိုစာရင်းထဲမှ ပုဂံ ဘုရားပေါင်း ၄၀ ကျော်၏ ပရဝုဏ်အတွင်း၌ ဟိုတယ်များ ကျူးကျော် ဆောက်လုပ်ထားကြကြောင်း သိရသည်။
ယခု ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဒေသအဖြစ် သတ်မှတ်ခံရပြီဖြစ်ခြင်းကြောင့် ပုဂံဒေသသို့ အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများမှ ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်ပြီး ဟိုတယ်အခန်း လိုအပ်ချက်များသည် လာမည့် နှစ်များတွင် အခန်းပေါင်း ၅၀၀၀ ခန့် လိုအပ်လာမည် ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ပုဂံဒေသို့ ခရီးသွားများ ပိုမိုလွယ်ကူစွာ လာရောက်နိုင်ရန်အတွက် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ညောင်ဦး လေဆိပ်များကို ပြည်ပ လေကြောင်းလိုင်းများ တိုက်ရိုက်ပျံသန်းနိုင်ရန် ပြင်ဆင်ဆောင်ရွက်မှုများ လိုအပ် မည် ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုသည်။
You May Also Like This Story:
ပုဂံ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ပြီ