Wisdom Hill မူကြိုကျောင်းတက်နေသော အသက် ၃ နှစ်မပြည့်သေးသည့် မိန်းကလေးလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ တရားရုံး၏ ဆုံးဖြတ်ချက်မှာ ပြည်သူများ စိတ်ချမ်းသာရမည်ဟု ကတိပေးကြောင်း ဒက္ခိဏ ခရိုင်တရား ရုံးမှ ဒုတိယ ခရိုင်တ ရားသူကြီး ဦးညိုဌေးက ဆိုသည်။
ယခုဖြစ်ပွားခဲ့သည့် အမှုမှာ တနိုင်ငံလုံးမှ စိတ်ဝင်စားနေသည့် အမှုဖြစ်ကြောင်း၊ တရားရုံးအနေဖြင့်လည်း ယင်းအမှုကို စီရင်သည့် အခါ တွင် ဥပဒေ လုပ်ထုံး လုပ်နည်းနှင့် အညီ စီရင်ဆောင်ရွက်သွားမည် ဖြစ်ပြီး နောက်ဆုံး ဆုံးဖြတ်ချက် အပေါ်တွင် ပြည်သူများ လိုချင်နေ သည့် မှန်ကန် တိကျသည့် အဖြေကို ထုတ်သွားမည် ဖြစ်ကြောင်း ဦးညိုဌေးက ဆိုသည်။
ဦးညိုဌေးက “ကျနော်တို့ကလည်း အမှန်တရားဖော်ထုတ်ပြီးတော့ ပြည်သူလိုလားတဲ့ တရားရုံးစနစ်လည်း ကျနော်တို့ အကောင်အထည် ဖော်နေတာပါ။ အဲ့ဒီတော့ စိတ်ချမ်းသာရမယ့် တရားရုံးရဲ့ဆောင်ရွက်ချက်တွေ၊ စိတ်ချမ်းချမ်းသာသာမြင်တွေ့ရလိမ့်မယ်လို့ ကျနော် ရဲရဲကြီးကတိပေးပါတယ်” ဟုမီဒီယာများကို ပြောသည်။
ထိုသို့ တရားရုံး အနေဖြင့် တရားစီရင်ရေးတွင် မှန်မှန်ကန်ကန် ဆုံးဖြတ်မည်ဟု ဆိုရာတွင် တရားရုံး အနေဖြင့် ထိုအမှုနှင့် ပတ်သက် သည့် သတင်း အချက်လက်များကို သိရှိထားရန် လိုအပ်ကြောင်း၊ သက်သေများ၊ ထောက်အထားများ မှန်မှန်ကန်ကန် ပြနိုင်ရန် လိုအပ် ကြောင်း၊ ယုတ္တိရှိသည့် သက်သေများ ပြနိုင်ပါက ပြည်သူများ ကျေနပ်မည် ဖြစ်ကြောင်း အမျိုးသမီးနှင့် ကလေး သူငယ်များဆိုင်ရာ အခွင့်အရေးလှုပ်ရှားသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ဧရာဝတီသို့ ပြောသည်။
ယင်းအမှုနှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောင့်ကျမှုမရှိဘဲ တရားရုံး၏ ဆုံးဖြတ်ချက်အဖြေကို စောင့်ကြည့်ကြရန်၊ ယင်း အမှုနှင့် ပက်သက်ပြီး တရားရုံးသို့ မည်သူကမှ ဖိအားပေးခြင်းမရှိကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူနား လည်လက်ခံပြီး ယုံကြည်ကိုးစား လာစေရန်အတွက် အမှန်တရားကို ဖော်ထုတ်ရန်စိတ်ဆန္ဒရှိနေကြောင်း ဦးညိုဌေးက ဆိုသည်။
ဒက္ခိဏခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် အနေဖြင့် ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်ဆောင် စစ်ဆေးမည် ဖြစ်ပြီး တရားခွင်အတွင်း စိတ်ဝင်စားသည့် ပြည်သူများ လာရောက်နားထောင်နိုင်ကြောင်း၊ ပွင့်လင်းမြင်သာစွာ စစ်ဆေးသွားမည် ဖြစ်ကြောင်း ခရိုင်တရားရုံးမှ သိရသည်။
ယင်းအမှုနှင့် ပတ်သက်ပြီး တရားရုံးအနေဖြင့် ဖိအားတစုံတရာမရှိကြောင်း၊ ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် တရားရင် စီရင် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း၊ ပြည်သူများတရားရုံးများကို ယုံကြည်ကိုးစား လက်ခံလာအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးညိုဌေးက ဆိုသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် အဆိုပါ ကျောင်း သူ ကလေးငယ်မှာ မေလ ၁၇ ရက်နေ့က လိင်အကြမ်းဖက်ခံရမှုဖြင့် ထိုကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့် ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လိင်အကြမ်းဖက် ခံရမှုဖြစ်စဉ်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပိုးဖြူဆိုသည့် အကောင့်ပိုင်ရှင်ထံမှ စတင်ပျံ့နှံ့ လာပြီး နောက် သတင်းမီဒီယာများမှတဆင့် လူအများ စိတ်ဝင်စားမှု မြင့်တက်ခဲ့ရာ မှုခင်း တပ်ဖွဲ့(CID) ၏ စစ်ဆေး ချက်အရ Wisdom Hill ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေးမှူး၏ကား မောင်းသူ အောင်ကြီးဖြစ်ပြီး ၎င်းကို ဇူလှိုင် ၄ ရက် နေ့က တရားစွဲတင်ခဲ့သည်။
ထိုကိစ္စ စတင်ဖြစ်ပွားချိန်က ကျောင်းဘက်မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့်နေက အဆိုပါ ဖြစ်စဉ်မှာ ကျောင်းတွင် ဖြစ်ပွားခဲ့ ခြင်း လုံးဝ မရှိကြောင်း၊ အာမခံကြောင်း Wisdom Hill မှ ဒုတိယ ကျောင်းအုပ် ဒေါ်ခိုင်သဇင်က သတင်းထောက်များကို ဖြေကြားထားသည်။
တလကျော်ကြာမြင့်လာပြီး ယနေ့အထိ တရားခံ အစစ်ကို ဖော်ထုတ်နိုင်ခြင်း မရှိသည့်အတွက် လူမှုကွန်ရက် စာမျက်နှာတွင် တရက် ထက် တရက် ဝေဖန်မှုများ မြင့်တက်နေပြီး နိုင်ငံတဝှမ်းရှိ နာမည်ကြီး အနုပညာရှင်များ အပါအဝင် Facebook အသုံးပြုသူ အများစုမှာ ကလေးငယ်၏ ဘက်မှ ရပ်တည်၍ ပရိုဖိုင်ပုံများတွင် Justice For Victoria ( ဗစ်တိုးရီးရားအတွက် တရားမျှတမှု) ဟူသော အမည်ပါ ပုံများကို ပြောင်းလဲလာသည်အထိ ဖိအားပေးလာနေခဲ့သည်။
တနိုင်ငံလုံးတွင် ၂၀၁၇ ခုနှစ်တွင် မုဒိမ်းမှုပေါင်း ၁၄၀၅ မှု ဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၈၉၇ မှုဖြစ်ပွားခဲ့ပြီး၊ ရာခိုင်နှုန်းအားဖြင့် ၆၄.၈၄ ရာနှုန်း၊ ၂၀၁၈ ခုနှစ်တွင် မုဒိမ်းမှုပေါင်း ၁၅၈၃ မှု ဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၁၀၂၈ ဖြစ်ပွားခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၆၄.၉၃ ရာနှုန်း ဖြစ်ပွားခဲ့ပြီး၊ ၂၀၁၉ ခုနှစ် ဇွန်လ အထိ မုဒိမ်းမှုပေါင်း ၆၁၉ မှုတွင်သက်ငယ် မုဒိမ်းမှု ၄၁၉ မှု ဖြစ်ပွားခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၆၇.၆၈ ရာ နှုန်းဖြစ်ပွားခဲ့သဖြင့်သက်ငယ်မုဒိမ်းမှု အရေအတွက်များ မြင့်တက်လာသည်ကို အစိုးရမှ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ ဖိအားပေးမှုများ အပြင် သက်ငယ်မုဒိမ်းကျူးလွန်သူ အစစ်မှန်ဖော်ထုတ်ပေးရေး၊ တရားမျှတမှု ရရှိရေးတို့ အတွက် တောင်ဆို ဆန္ဒပြပွဲများကို ရန်ကုန်၊ မန္တလေး နှင့် ပြည် မြို့ကြီးများတွင် ပြုလုပ်ခဲ့ကြပြီး နေပြည်တော်တွင်လည်း ဇူလိုင် ၁၃ ရက်နေ့တွင် ဆန္ဒပြပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
You May Also Like These Stories:
ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ရေး ပူးပေါင်းမည်ဟု Wisdom Hill ကျောင်းကတိပြု
Wisdom Hill အမှု အပေါ် သူတို့ အမြင်
Wisdom Hill ကျောင်းကို အရေးယူမည်ဟု သမ္မတရုံး ပြော
Wisdom Hill အမှု သံသယ တရားခံ၏ မိခင်နှင့် တွေ့ဆုံခြင်း
ဗစ်တိုးရီးယားများစွာတို့အတွက် တရားမျှတမှု တောင်းဆိုခြင်း