သတင်း

ကျိုက်မရောမြို့နယ် NLD ပြန်ကြားရေးကို KNU ဖမ်းဆီးသွား

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြန်ကြားရေးအဖွဲ့ဝင် စောကောင်းမြတ်ကို ကရင်အမျိုးသား အစည်းအရုံး (KNU) က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရှိသည်။

စောကောင်းမြတ်သည် ယခင်က KNU ၏ ကျုံဒိုးမြို့နယ် ဥက္ကဋ္ဌဟောင်း ဖြစ်ခဲ့ဖူးပြီး KNU တပ်မဟာ (၆) လက်အောက်ခံ တပ်ဖွဲ့များက ဇူလိုင် ၅ ရက်နေ့က ကျုံကွယ်ကျေးရွာတွင် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းသိရသည်။

ယင်းသို့ ဖမ်းဆီးချိန်တွင် ကရင်ပြည် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့် တပ်မတော် တပ်ဖွဲ့ဝင်များလည်း ရှိနေကြောင်း ကျိုက်မရောမြို့နယ် NLD ပြန်ကြားရေးတာဝန်ခံ ဦးထွန်းထွန်းဦးက ဧရာဝတီသို့ ပြောသည်။

ဦးထွန်းထွန်းဦး က “စစ်တပ်အရှေ့မှာတင်ကို လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းသွားတာ ပြည်သူတယောက်က ဘာအကာကွယ်မှ မရဘဲ ခံလိုက်ရတယ်ဆိုတော့ ကျနော်တို့ တရားဥပဒေ စိုးမိုးရေးကို တော်တော်လေးကို လုပ်ယူရမယ်” ဟု ဆိုသည်။

ဦးကောင်းမြတ်သည် KNU အဖွဲ့၏ ကျုံဒိုးမြို့နယ် ဥက္ကဋ္ဌ အဖြစ်မှ အနားယူခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် NLD ပါတီသို့ ဝင်ရောက်လာကာ ကျုံကွယ်ကျေးရွာ၏ NLD အတွင်းရေးမှူး ဖြစ်ခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ်တွင် ကျိုက်မရောမြို့နယ် NLD ပါတီပြန်ကြားရေးအဖွဲ့ဝင်ဖြစ်ခဲ့ကြောင်း ဦးထွန်းထွန်းဦးက ရှင်းပြသည်။

ယခုဖြစ်စဉ်ကြောင့် စောကောင်းမြတ်၏ မိသားစုဝင်အချို့မှာ စိုးရိမ်နေပြီး ကျေးရွာတွင် မနေထိုင်ရဲဘဲ ဖြစ်နေသည်ဟု ဆိုသည်။

စောကောင်းမြတ် အဖမ်းခံရမှုအပေါ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအား မေးမြန်းခဲ့ရာ “ပါတီကိစ္စ ပါတီကလုပ်မယ်၊ အစိုးရကိစ္စ အစိုးရလုပ်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဦးစောကောင်းမြတ် မိသားစုနှင့် ကျုံကွယ်ကျေးရွာမှ ရွာသား ၂ ဦးအကြား မြေယာပြဿနာဖြင့် အငြင်းပွားမှု ရှိကြောင်း ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးစောကောင်းမြတ်က မြေယာပိုင်ဆိုင်မှု အငြင်းပွားကိစ္စကို ဖြေရှင်းပေးရန် နိုင်ငံတော် သမ္မတထံ မေ ၂၄ ရက်နေ့က တိုင်ကြားခဲ့ပြီး မိတ္တူများကို ကာကွယ်ရေး ဝန်ကြီးဌာန စစ်ထောက်ချုပ်ရုံး အပါဝင် ဌာနပေါင်း ၂၀ ကျော်ထံ ပေးပို့ထားသည်ဟု တိုင်ကြားစာရသိရသည်။

ထိုသို့ တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး တပ်မတော်အရာရှိပါသော အဖွဲ့နှင့် ကျုံကွယ်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် လာရောက်ဖြေရှင်းမှုအပြီး အဖမ်းခံလိုက်ရခြင်း ဖြစ်ကြောင်း မျက်မြင်များက ပြောသည်။

စောကောင်းမြတ်ကို ဖမ်းဆီးခဲ့ခြင်းမှာ ထိုမြေကိစ္စ အငြင်းပွားမှုကြောင့် ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အငြင်းပွားမှု ဖြစ်နေသောမြေမှာ စောကောင်းမြတ် မိသားစုဘက်တွင် အစိုးရက ထုတ်ထားပေးသော မြေပိုင်ဆိုင်မှု အထောက်အထားများရှိနေပြီး ကျုံကွယ်ရွာသား ၂ ဦးဘက်တွင်တော့ KNU ဘက်က ထုတ်ထားပေးသည့် မြေပိုင်ဆိုင်မှု အထောက်အထားရှိနေကြောင်း စုံစမ်းသိရှိရသည်။

စောကောင်းမြတ်ကို KNU ဖမ်းဆီးမှုအပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံ အကြောင်းကြား ထားပြီးဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။

ထိုကဲ့သို့ ဖမ်းဆီးမှုနှင့် ပတ်သက်၍ KNU တပ်ဖွဲ့အနေဖြင့် အသေအခြာ အလေးနက်ထား ဆုံးဖြတ်စေလိုကြောင်းလည်း စောအောင်မြင့်ခိုင်က ပြောသည်။

ထိုကိစ္စအပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးထံ ဧရာဝတီ က သွားရောက်မေးမြန်းခဲ့ရာ တွေ့ဆုံခွင့်မရခဲ့ပေ။

စောကောင်းမြတ် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မည်သည့်အတွက်ကြောင့် ဖမ်းဆီးရသည်ကို သိရှိနိုင်ရန် KNU အဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူများထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။
သို့သော်လည်း စောကောင်းမြတ်မှာ KNU ကျုံဒိုးမြို့နယ် ဥက္ကဋ္ဌဟောင်း တာဝန်ယူခဲ့စဉ်က မြေယာမသမာမှုများ ပြုလုပ်ခဲ့သည်ဆိုသည့် တိုင်ကြားမှုများကြောင့် KNU တရားရုံး၏ ဖမ်းဝရမ်းဖြင့် လာရောက်ဖမ်းခဲ့ခြင်းဖြစ်ကြောင်းလည်း သတင်းထွက်ပေါ်လျက်ရှိနေသည်။

မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ၏ အရပ်သား ကိုယ်စားလှယ် နော်ဆာထူး က စောကောင်းမြတ်အား ဖမ်းဆီးသွားသည့် အကြောင်း အရင်းကို သိရှိနိုင်ရန် KNU ထံ ဆက်သွယ်ထားကြောင်း ဧရာဝတီသို့ ပြောသည်။

KNU ဘက်မှလည်း အကြောင်းကြားပေးမည်ကို ပြောဆိုထားသဖြင့် အခြေအနေ သိရှိရပြီးပါက KNU တပ်ဖွဲ့နှင့် အဖမ်းခံရသူ မိသားစုအကြား ကြားဝင်ညှိနှိုင်းပေးရန် လုပ်ဆောင်သွားမည်ဟုလည်း ပြောသည်။

နောက်ဆာထူး က “ပြည်သူတယောက် ဒီလိုဖြစ်တဲ့အပေါ်မှာ ကျမတို့မှာလည်း တာဝန်ရှိတယ်ပေါ့နော်၊ ဒီလို အပစ်ခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့အခါမှာ ကျမအနေနဲ့ သတ်ဆိုင်ရာအဖွဲ့အစည်းကို ချိတ်ဆက်ပြီးတော့ ဘာကြောင့် ဖမ်းသွားသလဲဆိုတာ သေခြာစုံစမ်းပေးပါ၊ တဖက်က မိသားစုတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်ပေါ့၊ အဲ့လိုမျိုးတော့ ချိတ်ဆက်ထားပါတယ်၊ ကျမနဲ့ ချိတ်ဆက်ထားတဲ့ သက်ဆိုင်သူကတော့ အခုတဲ့ထိတော့ ပြန်ပြီးတော့ အဆက်သွယ်တော့ မလုပ်သေးဘူး”ဟု ဆိုသည်။

KNU သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ ခုနှစ်က အခြားသော လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် အတူ လက်မှတ်ရေးထိုးခဲ့သော အဖွဲ့ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading