ရခိုင်ပြည်နယ် မြောက်ပိုင်း မွတ်စလင်များ နေထိုင်ရာ ဒေသကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်းပေးရန် အမေရိကန် လွှတ်တော်အမတ်၏ ပြောဆိုချက်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ပြင်းထန်စွာ ဝေဖန် ရှုတ်ချကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာ The Daily Star က ဆိုသည်။
ယမန်နေ့ ညနေ ၄နာရီက သူ၏ နေအိမ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ် သည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက “တနိုင်ငံချင်းစီက အချုပ်အခြာ အာဏာကိုယ်စီနဲ့ပါ။ ဘာရယ်ကြောင့်များ ရခိုင် ပြည်နယ်ကို ကျမတို့နဲ့ တွဲဖို့ သူတို့ လိုလားနေတာလဲမသိ” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မြန်မာပိုင်နယ်ဖြစ်သည့် ရခိုင်မြောက်ပိုင်းကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပေးသင့်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရသည် မွတ်စလင်များကို လိုလားသည့် အတွက် ဖြစ်ကြောင်း အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှ အာရှ ပစိဖိတ်ရေးရာ ကော်မတီခွဲ ဥက္ကဋ္ဌ ဘရက်ရှာမင်းက အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ ကြားနာမှုတခုတွင် ဇွန်လ ၁၃ ရက်နေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။
.“မြန်မာဟာ ကျမတို့အိမ်နီးချင်းပါ။ ပြီးတော့ ကျမက လူသားချင်းစာနာမှုအနေနဲ့ မွတ်စလင်တွေကို ခိုလှုံခွင့်ပေးထားပါတယ်။ အမေရိကန်လွှတ်တော်အမတ်က ဒီလို အဆိုတင်ပြီးတော့ သူ့ရဲ့ မှားယွင်း မှုကို ထုတ်ပြတာပါ” ဟု ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဆိုသည်။
ထို့အပြင် “မြန်မာက ဒီဝန်ထုပ်ဝန်ပိုးကို ကျမတို့ဆီ လာပုံထားပေမယ့် ကျမက ဘယ်လိုတင်းမာမှုမျိုးမှ မပါဘဲနဲ့ မြန်မာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းထားပါတယ်” ဟုလည်း သူက ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာပိုင်နယ်ကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပေးရန် လက်လွတ်စပယ်ပြောဆိုသည့် အမေရိကန် အောက်လွှတ် တော် နိုင်ငံခြားရေးရာ ကော်မတီ အာရှ ပစိဖိတ်ရေးရာ ကော်မတီခွဲ ဥက္ကဋ္ဌ ဘရက်ရှာမင်းက သူ၏ ပြောဆိုချက် အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် အာရုံစိုက်ရန်လည်း တိုက်တွန်းထားကြောင်း အမေရိကန် မီဒီယာ များ၏ ရေးသားချက်ကို ကိုးကား၍ အီကောနောမစ်တိုင်းမ် တွင် ရေးသားဖော်ပြသည်။
အဆိုပါ ဘရက်ရှာမင်း၏ ပြောကြားချက်နှင့် ပတ်သက်၍ အမေရိကန် အစိုးရကို ကန့်ကွက်ရန် စဉ်းစားနေကြောင်း၊ အဘယ်ကြောင့်ဆိုသော် အမေရိကန် ပြည်ထောင်စုတွင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဟူ၍ နှစ်ပိုင်းရှိရာ ရခိုင်အရေး အပေါ် အမြင်ချင်းမတူကြကြောင်း၊ မြန်မာအစိုးရအနေဖြင့် အမေရိကန် လွှတ်တော်ကို တိုက်ရိုက် ကန့်ကွက် မရ ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ဧရာဝတီသို့ ပြောဆိုထားသည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ဇူလိုင်လ ၁ ရက်နေ့က တရုတ်ပြည်သို့ ၅ ရက်ကြာ သွားရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်နေသည့် မွတ်စလင်များကို မြန်မာနိုင်ငံသို့ ပြန်ပို့ပေးရေး တရုတ်အနေဖြင့် ကြားဝင် ပေးရန် ပြောသည်။
“တရုတ်က မြန်မာနဲ့ နီးစပ်မှုရှိပြီးသားပါ။ အခုလိုအခြေနေမျိုးမှာလည်း တရုတ်က ဘင်္ဂါလီပြန်ပို့ပေးရေးကိစ္စ မြန်မာကို သူပြောပေးမယ်လို့ အာမခံထားပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။
ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ဇူလိုင်လ ၂ရက်နေ့ ဒါလီယန်းမြို့တွင် ကျင်းပသည် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက် ရောက်ခဲ့ပြီး တရုတ်ဝန်ကြီးချုပ် လီကာချန်း၊ သမ္မတ ရှီကျင်ဖျင်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။
You may also like these stories:
ဒုက္ခသည် ထောက်ပံ့ငွေ အလွဲသုံးစား ဖြစ်နိုင်ချေကို ဘင်္ဂလားဒေ့ရှ် စုံစမ်းနေ
ဒုက္ခသည် မြန်မာသို့ ပြန်ပို့ရေး အမေရိကန်-ဘင်္ဂလားဒေ့ရှ် ဆွေးနွေး
ဒုက္ခသည် ထပ်မံ လက်မခံနိုင်တော့ကြောင်း လုံခြုံရေးကောင်စီကို ဘင်္ဂလားဒေ့ရှ်ပြေ