တရားဝင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်များတွင် အနုတ်လက္ခဏာပြနေသည့် ကရင် အမျိုးသား အစည်းအရုံး (KNU)နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC) အဖွဲ့တို့ အကြား ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံမှုကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးတွင်ပြုလုပ်ခဲ့ပြီး ထိုဆွေးနွေးပွဲတွင် KNU မှ ပါဝင်နေကြ ထိပ်သီး ကိုယ်စားလှယ် အချို့ မတွေ့ရဘဲ “အလွတ်သဘောဆွေးနွေးပွဲ” အမည်ခံ၍ ဆွေးနွေးခဲ့ကြသည်။
ယနေ့ဆွေးနွေးပွဲတွင် ကြားကာလဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်ရေး အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လမ်းကြောင်း ၄ ကြောင်းဖြင့် သွားနိုင်ရေး ဆွေးနွေးဖြစ်ခဲ့ကြောင်း ကိုယ်တိုင် တက်ရောက် ခဲ့သည့် သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး က သတင်းမီဒီယာများကို ရှင်းပြသည်။
ဦးဇော်ဌေး က “အထူးသဖြင့် NCA မှာပါတဲ့ ကြားကာလကိစ္စရပ်တွေပေါ့၊ အဲကိစ္စတွေဟာ အရင်းတုန်းက JICM (၅) ကြိမ်မြောက် အစည်းအဝေးမှာလည်း ဒါတွေ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ထားတာတွေ ရှိတယ်၊ အဲ့မှာ နှစ်ဦးနှစ်ဖက် ဘယ်လို သွားမလဲဆိုတာကို ဆွေးနွေးတာဖြစ်တယ်။ ပြီးတော့ အစိုးရဖက်ကတော့ ပြီးခဲ့တဲ့ UPDJC အတွင်းရေးမှူးများအဖွဲ့ အစည်းအဝေးမှာ အစိုးရဖက်က လမ်းကြောင်း ၄ ခုပေါ့။ တပြိုင်တည်းသွားဖို့ အဆိုပြုထားတာရှိတယ်။ အဲဒါကို ပြန်ရှင်းပြခဲ့တယ်” ဟု ပြောသည်။
ဆွေးနွေးပွဲကို ဦးဆောင် တက်ရောက်ခဲ့သော KNU တွဲဘက်အထွေထွေ အတွင်းရေးမှူး (၁) ပဒိုစောဆဲပွယ် (ခ) စောစတိဗ်ကတော့ KNU မှ မိမိတို့အား ပြောရေးဆိုခွင့် မပြုထားခြင်းကြောင့် မပြောနိုင်ကြောင်းနှင့် အစိုးရဘက်ကိုသာ မေးမြန်းရန် မီဒီယာများသို့ ပြောသည်။
သို့သော်လည်း KNU ၏ တရားဝင် လူမှုကွန်ရက်မှာတော့ “ဆွေးနွေးရာတွင် NCA အခန်း (၆) တွင် ပါဝင်သော ကြားကာလ ဆိုင်ရာ အယူအဆ၊ အမြင်သဘောထားများကို ဆွေးနွေးညှိနှိုင်းကြပြီး၊ ယုံကြည်မှု တည်ဆောက်ရေး အားကောင်းလာစေရန် အလို့ငှာ ဆောင်ရန်-ရှောင်ရန် အချက်များကိုလည်း ဆွေးနွေးခဲ့ကြတဲ့အပြင် လာမယ့် သြဂုတ်လမှာ ပြန်လည် တွေ့ဆုံကြဖို့လည်း လျာထားပါတယ်” ဟု ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
အစိုးရဘက်က NCA အဓိပ္ပာယ်ဖွင့်ဆိုမှု ကွဲပြားနေခြင်းနှင့် လုံခြုံရေးကိစ္စများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ဖက်ဒရယ်အခြေခံမူများ ရယူနိုင်ရေး၊ ၂၀၂၀ မတိုင်ခင်နှင့် ၂၀၂၀ အလွန်ကာလတွင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို ဘယ်လို သွားမလဲဆိုသည့် ကိစ္စများ၊ NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များ၏ ဒေသ တွင်းရှိ ဒေသခံများ ငြိမ်းချမ်းရေးအကျိုးကျေးဇူးများ ခံစားနိုင်ရေး အကောင်အထည်ဖော်ရေး ကိစ္စများ စသည့် လမ်းကြောင်း ၄ ကြောင်းကို ဖော်ဆောင်ရန် ကြိုးပမ်းနေခြင်းအပေါ် အစိုးရဘက်က ရှင်းပြခဲ့ကြောင်း သိရသည်။
ဦးဇော်ဌေး က “အဓိက KNU ဘက်ကလည်း ကြားကာလနဲ့ပတ်သက်လို့ NCA အရ ဖြစ်ပေါ်လာတဲ့ ဆောင်ရွက်မယ့် အကောင် အထည်ဖော်ရမယ့် အပိုင်းတွေ ဆွေးနွေးတယ်၊ ကျနော်တို့ နှစ်ဖက်စလုံးကတော့ KNU ရဲ့ သဘောထား အစိုးရရဲ့ သဘောထားတွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်။ သဘောထား စုစည်းချက်တွေ ၅ ချက်လောက် ရပါတယ်။ နောက်ဆုံးအချက်ကတော့ ဘာလဲဆိုတော့ ဒီအဖွဲ့ ၂ ဖွဲ့ကို လာမယ့် သြဂုတ်လ အတွင်းမှာ ပြန်တွေ့မယ်။ အခု အစိုးရဘက်က ကမ်းလှမ်းချက်တွေ ပေးလိုက်တယ်၊ ကမ်းလှမ်းချက် အသေးစိတ် တော့ မပြောနိုင်သေးဘူး” ဟု ပြောသည်။
KNU သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ တက်ရောက်နေခြင်းကို ယာယီ ရပ်ဆိုင်းကြောင်းနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲများကနေ အဖြေရှာသွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက ထုတ်ပြန်ခဲ့သည်။
ထို့နောက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ KNU နှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့များ ရန်ကုန်နှင့် ထိုင်းနိုင်ငံ ချင်းမိုင် တို့တွင် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှု ၆ ကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် နေပြည်တော် တကြိမ် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြကာ ယခုလ ၉ ရက်မှာတော့ ၈ ကြိမ် မြောက် အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။
ယနေ့ ဆွေးနွေးပွဲတွင် KNU ဘက်မှ တွဲဘက်အထွေထွေ အတွင်းရေးမှူး (၁) ပဒိုစောဆဲပွယ် (ခ) စောစတိဗ် ၊ နော်ဒါးဒါး (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)၊ စောအယ်လလူရွှေဦး (ကျန်းမာရေးနှင့် ကယ်ဆယ်ရေးတာဝန်ခံ)၊ စောနေသဘလေး (လယ်ယာကဏ္ဍတာဝန်ခံ)၊ မန်းဘထွန်း (သစ်တောဌာနတာဝန်ခံ)၊ နော်မေဦးတို့ တက်ရောက်ခဲ့ကြောင်း KNU ဘက်က ထုတ်ပြန်ခဲ့သည်။
အစိုးရဘက်ကတော့ သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ငြိမ်းချမ်းရေး ကော်မရှင် (PC) အကြံပေး ဦးလှမောင်ရွှေ၊ ဦးမိုးဇော်၊ ဦးကျော်လင်းတို့ တက်ရောက်ခဲ့ကြသည်။
You May Also Like These Stories:
ကျိုက်မရောမြို့နယ် NLD ပြန်ကြားရေးကို KNU ဖမ်းဆီးသွား
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က KNU ဘာကြောင့် နုတ်ထွက်ချင်သလဲ