အိမ်ရှင် ဒေါ်သိင်္ဂီစု၏ ဆွဲကြိုးကို သေဆုံးသူ မကရင်မက ခိုးယူဖူးကြောင်း တင်သွင်းသည့် စာရွက်စာတမ်း သက်သေ အပါအဝင် သက်သေခံ တချို့ကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် တောင်ပိုင်းခရိုင် တရားရုံးက လက်မခံဘဲ ပယ်ချလိုက်သည်။
လူသတ်မှုဖြင့် စွဲချက်တင်ခံထားရသည့် မကရင်မ၏ အိမ်ရှင်ဖြစ်သူ တပ်မတော် အရာရှိ ဇနီး ဒေါ်သိင်္ဂီစုကို ရန်ကုန် တောင်ပိုင်း ခရိုင် တရားရုံးတွင် ယနေ့ ရုံးထုတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
လားရှိုး ရဲစခန်းတွင် မကရင်မ ဆွဲကြိုးခိုးယူသည်ဟု တိုင်ကြားထားသည့် စာရွက်စာတမ်းတွင် အစိုးရရုံး အမှတ်အသား မပါရှိသဖြင့် အထောက်အထား အဖြစ် လက်မခံကြောင်း အစိုးရ ရှေ့နေက ကန့်ကွက်ခဲ့ပြီး တရားရုံးက အဆိုပါ အထောက် အထားကို ပယ်ချခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် မကရင်မ ခိုးယူသည် ဟုဆိုသည့် ဆွဲကြိုးဓာတ်ပုံ၊ ဒေါ်သိင်္ဂီစု၏ မိသားစုဝင်များနှင့် အတူ ခရီးသွားရင်း ရထား ပေါ်တွင် ရိုက်ထားသည့် ဓာတ်ပုံများ၊ ကစားကွင်းသို့ သွားရောက်ခဲ့သည့် ဓာတ်ပုံများနှင့် လစာ၂ လစာ ကြိုတင် ထုတ်ယူ မှု အတွက် မကရင်မ၏ သားဖြစ်သူ လက်မှတ်ထိုးသည့် စာရွက်များကိုလည်း တရားရုံးက သက်သေ အဖြစ် လက်မခံဘဲ ပယ်ချခဲ့သည်။
တရားလို ရှေ့နေ ဒေါ်စန်းစန်းမြင့်က“သူတင်ပြတဲ့ သက်သေ အထောက်အထားတွေ ကျတော့လည်း သက်သေခံ ဥပဒေ နဲ့ မညီညွတ်တာတွေ ရှိတဲ့အတွက် တချို့ကို ပယ်လိုက်တာပါ”ဟု ပြောသည်။
ဆက်လက်ပြီး ဒေါ်စန်းစန်းမြင့်က“သူကတော့ အသေးစိတ် တင်ပြချင်တာပေါ့နော်။ ဒါကတရားခံရဲ့သဘာဝပါပဲ။ ဒါပေ မယ့် တချို့ကိစ္စတွေမှာတော့ ကျယ်ပြန့်ပြီးတော့ ဘေးရောက်လွန်း အားကြီးသွားတယ်။ အမှုနဲ့ နည်းနည်း အလှမ်းဝေး သွားတဲ့ ကိစ္စမျိုးတွေ ရှိတဲ့အတွက် တရားသူကြီးက သတိပေးလိုက်တာပါ”ဟုလည်း ပြောဆိုသည်။
သို့သော် သေဆုံးသူ မကရင်မ သွားလိုသည့် နေရာများ ဖြစ်သည့် ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ ငွေဆောင် စသည့် ခရီးများသို့ လိုက်လံ ပို့ဆောင်ပေးခဲ့သည် ဟုဆိုသည့် အထောက်အထား မှတ်တမ်း ဓာတ်ပုံ ၃ ပုံ တင်ပြရာ တရားရုံးက လက်ခံ ခဲ့သည်။
ထို့ပြင် လူသတ်မှုဖြင့် စွဲချက်တင်ခံထားရသည့် ဒေါ်သိင်္ဂီစုသည် ၎င်းအနေဖြင့် အိမ်အကူ မကရင်မကို နှိပ်စက်ခဲ့ခြင်း မရှိ ကြောင်းနှင့် မိသားစုကဲ့သို့သာ ဆက်ဆံခဲ့ကြောင်း ယနေ့ ရုံးချိန်းတွင် ပြောဆိုခဲ့သည်။
ယနေ့ရုံးချိန်းကို အစစ်ဆေးခံရသည့် ဒေါ်သိင်္ဂီစု စိတ်လှုပ်ရှားနေမှုကြောင့် ဟုဆိုကာ ၎င်း၏ ရှေ့နေက ရုံးချိန်းရက် ထပ်မံ ရွှေ့ဆိုင်း ချိန်းဆိုခဲ့ရာ တရားရုံးက လက်ခံခဲ့သည်။
အိမ်အကူ မကရင်မ သေဆုံးမှုတွင် အိမ်ရှင် ဒေါ်သိင်္ဂီစုကို ထောင်ဒဏ် တသက်တကျွန်း အထိ အပြစ်ပေးနိုင်သည့် လူသတ် မှု ပုဒ်မ ၃၀၂ (၂) ဖြင့် ယခုနှစ် ဇန်နဝါရီလ၂၃ ရက်တွင် စွဲချက် တင်ထားခြင်း ဖြစ်သည်။
ပုဒ်မ ၃၀၂ (၂) သည် လူသတ်မှု ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ် တသက်တကျွန်း ဖြစ်စေ ၁၀ နှစ် အထိ အလုပ်ကြမ်း နှင့် ထောင်ဒဏ် ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
သေဆုံးသူ အိမ်အကူ မကရင်မသည် ဒေါ်သိင်္ဂီစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ယမန်နှစ်က တွံတေး မြို့နယ် ခတ္ထိယကျေးရွာ အုပ်စု၊ အုပ္ဖိုလ် ကျေးရွာရှိ ၎င်းနေအိမ်သို့ တပ်မတော် အရာရှိ၏ ဇနီး၊ ဥပဒေ အရာရှိလည်း ဖြစ်သည့် ဒေါ်သိင်္ဂီစု က လာရောက် ပို့ဆောင်ခဲ့ပြီးနောက် ၁ နာရီခန့် အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
အိမ်အကူ မကရင်မသည် ဝမ်းဗိုက် ဒဏ်ရာကြောင့် အူပေါက် သေဆုံးခြင်း ဖြစ်ကြောင်း တရားရုံးတွင် တွံတေးမြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် သက်သေ ထွက်ဆိုထားသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လတွင် စတင် ဖြစ်ပေါ်ခဲ့သည့် ယခု အမှုတွင် တရားလိုပြ သက်သေ ၂၈ ဦးနှင့် ပြန်ခေါ် သက် သေ ၉ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။
ထို့ပြင် တရားခံပြ သက်သေ အဖြစ် ၁၈ ဦး တင်သွင်းထားကြောင်း သိရသည်။
You May Also Like These Stories:
အိမ်အကူ မကရင်မ သေဆုံးမှု သံသယတရားခံ ဒေါ်သိင်္ဂီစုကို စတင် စစ်ဆေး
အိမ်အကူ မကရင်မ အမှု ရုပ်သိမ်းလွှာ တရားရုံးသို့ မရောက်၍ အမိန့်ချမှတ်ရန် မရှိဟု ဆို