ပန်းချီဆရာကြီး ဦးသက်ညွန့် အသက်(၉၄)နှစ်သည် ယနေ့ နံနက်ပိုင်းက လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည်။
ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် သားဖြစ်သူ ကိုမင်းကိုနိုင် အပါအဝင် သားသမီး ၅ ဦး ကျန်ရစ်ခဲ့ပြီး၊ ဆရာကြီး ဦးသက်ညွှန့်၏ ဈာပန ကို ဇူလိုင် ၁၃ ရက်(စနေနေ့) ညနေ ၄နာရီတွင် ရေဝေးသုဿန်တွင် သဂြိုလ်မည်ဖြစ်သည်။
၁၃နှစ်သား အရွယ်ကတည်းက စတင် ပန်းချီဆွဲခဲ့ပြီး မကွယ်လွန်မီ အချိန်အထိ နေ့စဉ် ပန်းချီဆွဲရင်းသာ အချိန်ကုန်လေ့ရှိ ပြီး၊ ဆီဆေး၊ ရေဆေးတို့ကို အဆွဲများကာ ခဲပန်းချီကိုလည်း ရံဖန်ရံခါတွင် ဆွဲတတ်ကြောင်း သိရသည်။
ဆရာကြီးဦးသက်ညွန့်သည် ပန်းချီဆရာကြီးဦးသုခ ဖောင်ဒေးရှင်း၏ နာယကတဦး ဖြစ်သကဲ့သို့ New Treasure Art Gallery တွင်လည်း စတင်တည်ထောင်သည့် ၁၉၉၀ခုနစ်မှ စ၍ အဖွဲ့ဝင် တဦးဖြစ်ခဲ့သည်။
New Treasure Art Galleryကို ဆရာကြီး ဦးသုခ၊ ဆရာကြီးဦးလွန်းကြွယ်၊ ဦးသက်ညွန့်စသည့် ဆရာကြီးများအပါအဝင် ပန်းချီဆရာ ၁၀၀ခန့် ဖြင့်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ဆရာကြီး ဦးသက်ညွန် ကွယ်လွန်ခြင်းနှင့်ပတ်သက်ပြီး ပန်းချီဆရာ ဦးဇော်ဝင်းဖေက “ကျနော်တို့က အနုပညာမှာ အစား ထိုး မရသလို ဒီဘက်က သူတို့ ဖြတ်သန်းခဲ့တဲ့ ဘဝတွေ အတွေ့အကြုံတွေ အနုပညာနဲ့ ပတ်သက်တဲ့ သိသင့်သိ ထိုက်တာ တွေ မှတ်သားခဲ့တာ၊ နောက်ဆောင်ဖို့ ရှောင်ဖို့တွေ စတဲ့ အရာတွေ နောက်မျိုးဆက်တွေ အတွက် ကြားနာဖို့ ဆုံးရှုံးရတယ် လို့ ပြောလို့ရတယ်”ဟု ပြောသည်။
New Treasure Art Gallery တွင် ဆရာကြီး ဦးသုခအပါအဝင် သက်ကြီးပန်းချီဆရာ ၃ဦးရှိရာမှ နှစ်ဦးကွယ်လွန်သွားပြီဖြစ် သည့်အတွက် ဆရာကြီး ဦးလွန်းကြွယ်တဦးသာ ကျန်ရှိတော့သည်။
ပန်းချီဆရာကြီး ဦးသက်ညွန် ကွယ်လွန်ရခြင်းက ပန်းချီနှင့်အနုပညာတွင်သာ ဆုံးရှုံးရသည်မဟုတ်ပဲ ၎င်း၏ အတွေ့အကြုံ နှင့် ရှေးပန်းချီဆရာများ၏ ရပ်တည်မှု အခြေအနများ၊ ပန်းချီ ဆေးစပ်ပုံစပ်နည်းများ၊ ရှေးဟောင်းနှောင်းဖြစ်များကို ပြောပြ ပေးသည့် ဆရာကြီးတယောက်ဖြစ်သည့်အတွက် အတွေ့အကြုံ၊ ဗဟုသုတပိုင်းပါ ဆုံးရှုံးရခြင်းဖြစ်ကြောင်း ဦးဇော်ဝင်းဖေက ဆက်ပြောသည်။
ဆရာကြီး၏ ငယ်ဘဝအကြောင်းနှင့် ပတ်သက်ပြီး ၎င်းက “ဆရာကြီးက ၁၃၊ ၁၄နှစ်သားလောက်က တည်းက ပန်းချီစ ဆွဲတာလို့ ဆရာကြီးပြောပြလို့ ကျနော်တို့ သိရတာ။ အဲတော့ ဆရာကြီးအကြောင်းပြောရမယ် ဆိုရင်တော့ သူငယ်စဉ် ဘဝကနေ အခုဆုံးတဲ့ အချိန်အထိ ပန်းချီဆွဲ နေခဲ့တာ ဖြစ်တယ်”ဟု ဆက်ပြောသည်။
တကိုယ်တော် ပန်းချီပြပွဲပေါင်း ၉ပွဲပြသခဲ့ပြီး၊ အုပ်စုပြပွဲနှင့် ဆရာကြီး ဦးသုခအမှတ်တရပြပွဲများအပါအဝင် ပြပွဲပေါင်း တရာခန့် ရှိကြောင်း သိရသည်။ ထို့အပြင် New Treasure Art Galleryက နှစ်စဉ်ပြုလုပ်သည့် သက်ကြီးပန်းချီဆရာကြီး ကန်တော့ပွဲ၌ ကန်တော့ခံ ဆရာကြီးတဦးလည်း ဖြစ်သည်။