တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လုပ်ငန်းစဉ်ထဲသို့ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ပါဝင်လာရေး အတွက် အဆိုပြုချက် တခုကို နှစ်ဘက် ဆွေးနွေး နေကြကြောင်း သိရသည်။
ယင်းအဆိုပြုချက်ကို UWSA က ရေးဆွဲ အဆိုပြုထားခြင်း ဖြစ်ပြီး နှစ်ဖက် ဆွေးနွေးနေကြောင်း သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ဦးဇော်ဌေးက “အဲအဆိုပြုချက်ကို ကျနော်တို့ လူကြီးတွေ ဆီက အတည်ပြုချက်ရရင် “ဝ” ဖက်ကို ကျနော်တို့ ပြန်ပေးမယ်။ ပြန်ပေးပြီးလို့ အဲလမ်းကြောင်းအတိုင်း ကျနော်တို့ ဆွေးနွေးပြီးရင်တော့ NCA လမ်းကြောင်းပေါ့ နော်။ အဲဒါကို ရောက်ဖို့ ကျနော်တို့က မျှော်မှန်းတယ်” ဟု ပြောသည်။
UWSA သည် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့များအနက် လူအင်အားနှင့် စစ်လက်နက် အင်အား အတောင့်တင်းဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး အစိုးရနှင့် တပ်မတော်ဘက်က NCA တွင် တခြားသော လက်နက်ကိုင် အဖွဲ့များနည်းတူ ပါဝင် လက်မှတ်ထိုးရန် တိုက်တွန်းထားသည်။
UWSA ကလည်း NCA လက်မှတ်ထိုးရာတွင် နိုင်ငံရေး အာမခံချက်တခု ရယူနိုင်ရေးအတွက် ၎င်းတို့ ဖြစ်စေလိုသော အခြေအနေများနှင့် ပတ်သက်ပြီး အဆိုပြုချက် မူကြမ်းတခုကို ရေးဆွဲ၍ အစိုးရနှင့် တပ်မတော် ထိပ်သီး ခေါင်းဆောင်များထံ တင်ပြထားပြီး ယင်းအဆိုပြုချက် အပေါ် နှစ်ဖက် အပြန်အလှန် ဆွေးနွေးနေကြခြင်း ဖြစ်ကြောင်း သိရသည်။
UWSA ၏ အဆိုပြုချက်တွင် မည်သည့် အရေးကိစ္စများ ပါဝင်သည် ဆိုသည့်အပေါ်ဖွင့်ပြော၍ မရသေးကြောင်းနှင့် အစိုးရထိပ်သီး ခေါင်းဆောင်များသို့ တင်ပြထားချက်အား ခေါင်းဆောင်များက ပြန်လည် အဆိုပြု လာမည့်အပေါ် နှစ်ဖက် ဆွေးနွေးကြရဦးမည် ဖြစ်ကြောင်း သိရသည်။
ဦးဇော်ဌေး က “အသေးစိတ်တော့ ကျနော်တို့ ပြောဖို့ မရှိဘူး။ NCA သွားနိုင်ဖို့အတွက် ပရိုပိုဇယ်တခု အဲဒါကို ကျနော်တို့က ပြန်လည်အဆိုပြုချက် ပရိုပိုဇယ်အနေနဲ့ ပြန် ပေးမယ်။ ပြန်ပေးပြီးရင် ကျနော်တို့ ပြန်တွေ့မယ်၊ ပြန်တွေ့ပြီး ဆွေးနွေးမှာပေါ့နော် ကျနော်တို့ “ဝ”နဲ့ကတော့”ဟု ပြောသည်။
UWSA ၏ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်း ကလည်း “အဲဒါ ဌာနချုပ်က တိုက်ရိုက် ဆက်သွယ်ပြီး လုပ်တာ။ အဆိုပြုချက် မူကြမ်း တခုကို အစိုးရဆီကို ပို့ပြီးတော့ ညှိနှိုင်းနေတယ်ဆိုတာတော့ ဟုတ်တယ်။ ဘယ်လို အချက်အလတ်တွေ ပါလဲဆိုတာတော့ ကျနော်တို့ ဆက်ဆံ ရေးအရာရှိတွေလည်း မသိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
UWSA သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေး တက်ရောက်ခဲ့စဉ်က NCA ကို ပြင်ဆင်ခွင့်ရှိကြောင်းနှင့် မကြိုက်ပါက နှုတ်ထွက်ခွင့် ရှိကြောင်း အစိုးရ နှင့် တပ်မတော်ဘက်က တရားဝင်စာဖြင့် ထုတ်ပြန်ကြေညာလျှင် NCA ထိုးရေး စဉ်းစားမည်ဟု တင်ပြထားဖူးသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြီးခဲ့သည့် ဧပြီ ၁၇ ရက်က UWSA ကျင်းပခဲ့ သော ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့် အခမ်းအနားတွင် UWSA ကို NCA လက်မှတ်ထိုးရန် သဝဏ်လွှာပေးပို့ တိုက် တွန်းထားသည်။
၎င်းက “NCA တွင် ပါဝင် လက်မှတ်ရေးထိုးပြီးသည့် နောက်တွင်လည်း NCA က လွှမ်းခြုံခြင်းမရှိသော ကိစ္စရပ်များ ရှိလာပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတော်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်၍ သဘောတူညီမှု ရယူနိုင်ကြောင်းလည်း အလေးအနက်ထား အသိပေးလိုပါသည်”ဟု UWSA သို့ ပေးပို့သော သဝဏ်လွှာထဲတွင် ပြောထားသည်။
UWSA သည် ဧပြီ ၁၇ ရက်က ၎င်းတို့ ထိန်းချုပ်ထားသော ပန်ဆန်း(ပန်ခမ်း)မြို့မှာ ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့် အခမ်းအနားကို ကျင်းပခဲ့ပြီး စစ်သည်အင်အား ၇၆၀၀ ဝန်းကျင်နှင့်အတူ လေယာဉ်ပစ် စက်သေနတ်များ၊ ဒုံး တပ်ဆင်ထားသော မောင်းသူမဲ့ လေယာဉ်များ၊ အမြောက်တပ်များ၊ လက်နက်ကြီးတပ်များ၊ သစ်လွင် တောက်ပ နေသော စက်နှိုက်ပါနှင့် လက်နက်ငယ်များ ခင်းကျင်း ပြသသွားခဲ့သည်။
အဆိုပါ စစ်ရေးပြခြင်းကို တပ်မတော်ဘက်က “ဝ” အဖွဲ့သည် စင်ပြိုင်အစိုးရ တရပ်ဖြစ်နေသလို စင်ပြိုင် တပ်မတော် တရပ်ပုံစံ ဖြစ်နေကြောင်း၊ ထိုစစ်ရေးပြ အခမ်းအနားကို ငြိမ်းချမ်းရေး လိုချင်သည့်အတွက် သည်းခံနေရကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ဇွန် ၂ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။
လက်ရှိတွင် UWSA သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ၂၀၁၁ ခုနှစ်က လက်မှတ်ရေးထိုးထားပြီး NCA လက်မှတ်ထိုးနိုင်ရေး အစိုးရ၊ တပ်မတော်နှင့် UWSA ခေါင်းဆောင် များကြား ဆွေးနွေး ညှိနှိုင်းနေကြကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးရာတွင် UWSA သည် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) ကို ဦးဆောင်၍ ကြိုးပမ်းနေသည်။
FPNCC တွင် UWSA ၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် – မိုင်းလား တပ်ဖွဲ့ (NDAA) ၊ ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP/SSA ) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ရက္ခိုင် စစ်တပ် (AA)တို့ ပါဝင်ကြသည်။
ဆက်စပ်ဖတ်ရှူရန် – ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် UWSA အဖွဲ့ အဆိုပြုချက် ရေးဆွဲနေ