သတင်း

သက္ကမိုးညို ကို ရဲတပ်ဖွဲ့ တရားစွဲဆိုမှု၊ ကျပ်သိန်း ၁၀၀ အာမခံဖြင့် ပြန်လွှတ်

ဗစ်တိုးရီးယားဖြစ်စဉ်တွင် အမှုမှန်ပေါ်ပေါက်ရေး Facebook မှ အစဉ်တစိုက် ရေးသားဖော်ပြခဲ့သည့် သက္က မိုးညို အကောင့် ပိုင်ရှင် ဒေါက်တာ ဝင်းကိုကိုသိန်းကို ရဲတပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းက ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကျပ် သိန်း ၁၀၀ အာမခံဖြင့် ပြန်လွှတ်လိုက်သည်။

သက္ကမိုးညိုဆိုသည့် အကောင့်ပိုင်ရှင် ဒေါက်တာ ဝင်းကိုကိုသိန်းမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီ းဌာနမှ ဒု ညွှန်ကြားရေးမှူး တဦးဖြစ်ပြီး၊ ၎င်းအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စား ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်က အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၄ (ဃ) ဖြင့် တရားလိုပြုလုပ်ပြီး တိုင်ကြားခဲ့ခြင်းသည်။

ပျဉ်းမနားမြို့မ ရဲစခန်းမှ ဒုရဲမှူး အောင်နိုင်ဦးက “ဗစ်တိုးရီးယား အဓမ္မပြုကျင့် ခံရတာနဲ့ ပတ်သက်ပြီး အကောင့်ကနေ စာတင်တာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလောက်တဲ့ အသုံးအနှုန်းလေးတွေ ပါတဲ့အတွက် သူ့ကို ကျနော်တို့က အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၄ (ဃ) နဲ့ အရေးယူ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်” ဟု မီဒီယာများကို ပြောသည်။

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာတွင် ရဲတပ်ဖွဲ့၏ လုပ်ဆောင်များ ရေးသားဖော်ပြရာ၌ ဆေးစစ် ချက်တွင် ဆေးစာ ပျောက်ဆုံးသည့် ကိစ္စ၊ မှုခင်း တပ်ဖွဲ့ (CID) ၏ စစ်ဆေး ဆောင်ရွက်ချက်များမှာ လုပ်မှား၊ ကိုင်မှားများ ရှိနေကြောင်း ယုံကြည်မှု အားနည်းအောင် ရေးသား ဖော်ပြသည့် အတွက် ဖမ်းဆီး တရားစွဲရခြင်း ဖြစ်ကြောင်း အဆိုပါ ရဲ အရာရှိက ရှင်းပြသည်။

ယနေ့ စစ်ဆေးမှု အပြီး သက္ကမိုးညို(ဒေါက်တာဝင်းကိုကိုသိန်း)က ““သူရဲ့ သဘောတရားက ထောင်ချတာ ရှိတယ်၊ ဒဏ်ငွေ ရိုက်တာ ရှိတယ်။ ဒဏ်ငွေက သိန်း ၅၀ ကနေ ၁၀၀ ဆိုတော့ သိန်း ၁၀၀ အာမခံနဲ့ ပြန်လွှတ်လိုက်တာပါ” သတင်းထောက် များကို ပြောသည်။

လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည့် အချက်အလက်များသည် သက်သေ အထောက်အထား ပြနိုင်သည့် အတွက် ရေးခဲ့သည့် စာများသာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ အမှုဖွင့်ခံရခြင်း နှင့် ပတ်သက်၍  နောက်ဆုတ်သွားမည် မဟုတ်ဘဲ ရှေ့ဆက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄ (ဃ) တွင် အဖွဲ့အစည်း တခုခု သို့မဟုတ် လူပုဂ္ဂိုလ် တဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန် ဖြစ်စေ သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်း ပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ် ထားသည့် သတင်း အချက်အလက်ကို ဖြန့်ချီခြင်းတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဥပဒေနှင့် ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ငွေဒဏ် ကျပ် သိန်း ၅၀ မှ သိန်း ၁၀၀ အထိ ချမှတ်နိုင်သည့် အပြင် ထောင်ဒဏ် အနည်းဆုံး ၁ နှစ်မှ အများဆုံး ၃ နှစ် အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မလည်း ဖြစ်သည်။

မေလ အတွင်းက နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် အသက် ၂ နှစ်ကျော်အရွယ် ဗစ်တိုးရီးယား ဆိုသည့် ကလေးငယ်မှာ လိင်အကြမ်းဖက်ခံရမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

You may also like these stories:

Wisdom Hill အမူ ဆုံးဖြတ်ချက် ပြည်သူ စိတ်ချမ်းသာစေရမည်ဟု တရားသူကြီးပြော

သမီးလေးအတွက် ကျနော့်မှာ တာဝန်ရှိတယ်လို့ ဆိုတဲ့ Wisdom Hill ကျောင်းအုပ် ဦးပညာ

ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ရေး ပူးပေါင်းမည်ဟု Wisdom Hill ကျောင်းကတိပြု

Wisdom Hill အမှု အပေါ် သူတို့ အမြင်

Loading