မန္တလေးနန်းတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်အား ရှေးဟောင်း သမိုင်းဝင်နေရာ (Historical Park) အဖြစ် ဆောင် ရွက်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာများ လက်ခံရရှိနေပြီ ဖြစ်ကြောင်း သိရသည်။
မြနန်းစံကျော် ရွှေနန်းတော်ကို Historical Park အဖြစ် ဖော်ဆောင်ရန် စိတ်ဝင်စားမှု ဖော်ပြခြင်း အဆိုပြုလွှာ (Expression of Interest- EOI)အား ပြီးခဲ့သည့် ဇွန် ၁၇ ရက်မှ စတင် ခေါ်ယူခဲ့ပြီး ဇူလိုင်လ ပထမပတ် အထိ လျှောက်ထားမှု ၇ ခု ရှိခဲ့ပြီ ဖြစ်ကာ ဇူလိုင် ၂၂ ရက်တွင် လျှောက်လွှာပိတ်မည် ဖြစ်ကြောင်း မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။
ရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်းရေး ကဏ္ဍတွင်လည်း တာဝန်ယူထားသော ဝန်ကြီး ဦးမြတ်သူက “နန်းတွင်း အဆောက်အအုံတွေ ထိန်းသိမ်းဖို့နဲ့ နန်းတွင်း ပတ်ဝန်းကျင် သာယာလှပအောင် လုပ်ဖို့ EOI ခေါ်တာ ဖြစ်တယ်။ တင်ဒါ အောင်သွားတဲ့သူက ရှေး/သု (ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန)က စီမံခန့်ခွဲခွင့် အတိုင်း လုပ်ငန်းတွေကို လုပ်ရမယ်” ဟု ပြောသည်။
အဆိုပြုလွှာ ခေါ်ယူမှုတွင် မန္တလေးရှိ မြနန်းစံကျော် ရွှေနန်းတော်အား Historical Park အဖြစ် လည်းကောင်း၊ တံတား ဦး မြို့နယ်ရှိ အင်းဝ ဒေသအား Archaeological Park အဖြစ် လည်းကောင်း ဆောင်ရွက်ရန် ဖြစ်ပြီး ရှေးဟောင်း အဆောက်အအုံများ ပြင်ဆင် ထိန်းသိမ်းခြင်းနှင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ အတွက် ပိုကောင်းသော ဝန်ဆောင်မှု များ ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
Historical Park ဖော်ဆောင်ရန်အတွက် အနှေးယာဉ် သွားလမ်းများ၊ လူသွားလမ်းများ ဖောက်လုပ်ခြင်း၊ အဆင့်မြှင့် တင်ခြင်း၊ Landscaping နှင့် နားနေရန် နေရာများ ပြုလုပ်ခြင်း၊ သတင်း အချက်အလက် စင်တာ ဆိုင်းဘုတ် မြေပုံ လမ်းညွှန်များ ပြုလုပ်ခြင်း၊ စားသောက်ဆိုင်၊ အမှတ်တရ ပစ္စည်းဆိုင်များ ဖွင့်လှစ်ခြင်းတို့ ပါဝင်သည်။
ထို့ပြင် ဧည့်သည်များ လှည့်လည် ကြည့်ရှုနိုင်ရန် ဝန်ဆောင်မှု ပေးခြင်း၊ ရိုးရာ ယာဉ်များ၊ ဘထ္ထရီသုံး ယာဉ်များနှင့် အနှေးယာဉ် အမျိုးမျိုး ဌားရမ်း ဝန်ဆောင်မှု ပေးခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းများ အတွက် အခကြေးငွေ ကောက်ခံခြင်း တို့ကို လုပ်ဆောင်နိုင်သည့် မည်သည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီမဆို လျှောက်ထားနိုင်ကြောင်း အဆိုပြုလွှာခေါ်ယူ ရာတွင် ဖော်ပြထားသည်။
EOI အဆိုပြုလွှာ လျှောက်ထားရန် ပြင်ဆင်နေသည့် ကုန်းဘောင်ဆက် မောင်နှမများ အဖွဲ့မှ ကိုထိပ်တင်အောင်က “နန်းတော်ကြီးက အရမ်းပျက်စီး နေပြီ။ အစိုးရ အနေနဲ့လည်း ပြုပြင်ထိန်းသိမ်းဖို့ ဘတ်ဂျက် အခက်အခဲ ရှိတယ်။ ဒါ ကြောင့် EOI ခေါ်တယ်လို့ မြင်တယ်။ နန်းတော်ကြီးကို လေလံအောင်သွားတဲ့သူက ပြုပြင်ရေးမှာ နန်းဓလေ့နဲ့ မကိုက် ညီတာတွေ မဖြစ်စေချင်တဲ့အတွက် ဝင်လျှောက်ဖို့ စီစဉ်တာ ဖြစ်ပေမယ့် နန်းတော်က တပ် ဧရိယာထဲမှာ ပါနေတဲ့ အတွက် တချို့ကိစ္စတွေမှာ ညှိရမှာတွေ အများကြီး ရှိတယ်လို့ မြင်တယ်” ဟု ဧရာဝတီကို ပြောသည်။
မြနန်းစံကျော် ရွှေနန်းတော်ကျောင်းအား ပြုပြင်ထိန်းသိမ်းပြီး ပြည်တွင်းပြည်ပ ခရီးသွားများအား ပြသကာ ဝင်ငွေ ရှာနိုင်ပါက စီးပွားရေးအရ အလားအလာ ကောင်းနိုင်သော်လည်း လက်ရှိ နန်းတော်အတွင်း၌ ဗုံးဒဏ်မခံရဘဲ ကုန်း ဘောင်ခေတ် လက်ရာအတိုင်း ယနေ့အထိ ကျန်ရှိနေသည့် အဆောက်အအုံ အများစုသည် ပျက်စီးယိုယွင်းနေပြီး မဖြစ်မနေ ပြုပြင်ရန် လိုအပ်နေသည်ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ EOI အဆိုပြုတင်သွင်းလာမှုများ အပေါ် ပြန်လည် စိစစ်ကာ တင်ဒါ ထပ်မံခေါ်ယူမည် ဖြစ်ကြောင်း မန္တလေး တိုင်း အစိုးရ အဖွဲ့က သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
မန္တလေး နန်းတော် ယဉ်ကျေးမှုနယ်မြေ ပုဂ္ဂလိက လုပ်ငန်းရှင်များကို လွှဲမည်
မန္တလေး နန်းတော် သီပေါမင်း အနွယ်တော်များ ပြန်ပြုပြင်ချင်
မြနန်းစံကျော်ရဲ့ ရှေ့ရေး အလားအလာ