သတင်း

ဟံသာဝတီ လေဆိပ် စီမံကိန်း လာမည့်နှစ်တွင် စတင် နိုင်ဖွယ်ရှိဟု ဆို

Want create site? Find Free WordPress Themes and plugins.

ဂျပန်-မြန်မာ ပူးပေါင်း အကောင်အထည် ဖော်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းကို လာမည့် ၂၀၂၀ တွင် စတင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အော်ပရေတာ အဖြစ် လုပ်ကိုင်နေသော Yangon Aerodrome (YACL) ကုမ္ပဏီနှင့် ဂျပန်နိုင်ငံ၏ ပို့ဆောင်ရေး ဆိုင်ရာ ဌာန ဒုဝန်ကြီး အဖွဲ့ တို့ကြား ဆွေးနွေးမှုများသည် ၅ ကြိမ်ခန့်အထိ ရှိထားပြီ ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍“အခြေခံကျတဲ့ အချက်တွေ နှစ်ဖက် ဆွေးနွေးမှုတွေ သဘောတူညီမှုရပြီဆိုရင် စာချုပ်ချုပ်မယ့် ဘက်ကို ဦးတည်သွားမယ် ဆိုတော့ ၂၀၂၀ ပထမ သုံးလပတ်လောက်မှ စာချုပ်ချုပ်နိုင်လိမ့်မယ်”ဟု ဆိုသည်။

လတ်တလောတွင် ဂျပန် အစိုးရဘက်က ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းကို ဂျပန်ကုမ္ပဏီများက ဆောက် လုပ်ခွင့်နှင့် လေဆိပ် အော်ပရေတာ လုပ်ကိုင်ခွင့်ရပါက စီမံကိန်း ကုန်ကျစရိတ် အားလုံးကို တရားဝင် ဖွံ့ဖြိုးမှု ချေးငွေ (ODA) ထုတ်ချေးပေးမည်ဟု ကမ်းလှမ်းမှုများ ရှိကြောင်း သိရသည်။

ဦးရဲထွဋ်အောင်က“အရင်တုန်းက ဆိုရင် တင်ဒါအောင်ထားတဲ့ ကုမ္ပဏီက ဂျပန် ကုမ္ပဏီတခုပါတဲ့ အတွက် ဂျပန်က ODA Loan ကို ၅၀ ရာခိုင်နှုန်းပေးမယ် ဆိုပြီး ပြောခဲ့တယ်။ ဂျပန်ကုမ္ပဏီကပဲ ဆောက်လုပ်ရေးရော အော်ပရေးရှင်း လုပ်နိုင်မယ် ဆိုရင် ၁၀၀ ရာခိုင်နှုန်း အထိ ချေးငွေပေးမယ်ပေါ့။ အဲဒါကလည်း အစိုးရက ဆပ်ရမှာ မဟုတ်ဘူး။ သူ့ကုမ္ပဏီကပဲ ပြန်ဆပ် ရမှာ”ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်များတွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်း တည်ဆောက်ရေး အတွက် တင်ဒါခေါ်ယူမှု နှစ်ကြိမ် အထိ ရှိခဲ့ပြီး ပထမအကြိမ်တွင် ကိုရီးယား ကုမ္ပဏီက ဆောက်လုပ်ခွင့် ရရှိခဲ့သော်လည်း ကုမ္ပဏီသည် သတ်မှတ် ကာလ အတွင်း ထည့်ဝင်ရမည့် ရင်းနှီးမြှုပ်နှံမှုပမာဏကို မထည့်ဝင်နိုင်သည့် အတွက် စာချုပ် ပျက်ပြယ်ခဲ့သည်။

ယင်းနောက်တွင် ဂျပန်၊ စင်ကာပူ ကုမ္ပဏီများ ပူးပေါင်းထားသော JGC-Yangnam-Changi Airport International Consortium က တင်ဒါ အောင်မြင်ခဲ့ပြီး မူဘောင် သဘောတူညီမှုများ အထိ လက်မှတ် ရေထိုးနိုင်ခဲ့သော်လည်း ညှိနှိုင်းမှု အဆင်မပြေမှုများကြောင့် ထပ်မံ ပျက်ပြယ်ခဲ့သည်။

စာချုပ်များ ပျယ်ပြယ်မှုတွင် ဟံသာဝတီ လေဆိပ် တည်ဆောက်ပြီးစီးပါက အဆိုပါ လေဆိပ်တွင်သာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း အားလုံး ဆင်းသက်ရန် အစီအစဉ်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အော်ပရေတာ ကုမ္ပဏီက ကန့်ကွက်မှုများနှင့် လေဆိပ်နှင့် ရန်ကုန်မြို့ကြား လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာများ ညှိနှိုင်းမှု အဆင်မပြေခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

မြို့ပြဖွံ့ဖြိုးမှု စီမံကိန်း ပညာရှင် ဒေါက်တာ ကျော်လတ်က“နိုင်ငံက တိုးတက်ပြီး လေကြောင်းလိုင်းများလာရင် အခု မင်္ဂလာ ဒုံလေဆိပ်ထက် ကြီးတဲ့ လေဆိပ် လိုလာမှာပေါ့။ လေဆိပ်ကြီးကြီးတခုက လိုလာပြီ။ ဟံသာဝတီလေဆိပ် လုပ်မယ် ဆို တာ ကလည်း ကောင်းပါတယ်။ ဒါပေမယ့် ရန်ကုန်အပြင် ပြည်တို့ဘာတို့ ဘက်ကလည်း လာဖို့ လွယ်ကူအောင် လမ်းတွေ လုပ်ပေး ဖို့ လိုမယ်”ဟု ဆိုသည်။

၎င်းက ဆက်လက်၍“တချို့နိုင်ငံတွေ ဆိုရင် ငါးမိနစ် တစီးလောက်ကို ဆင်းနေတာကို အဲဒီလိုမျိုး လက်ခံနိုင်ဖို့က ရန်ကုန် လေဆိပ်က တိုးချဲ့လို့ မရတော့ဘူးလေ”ဟု ပြောသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် လက်ရှိတိုးချဲ့ထားသည့် အနေအထားအရ တနှစ်လျှင် ခရီးသည် ၁၀ သန်း ကျော် အထိ ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ နှစ်စဉ်ခရီးသည် တိုးတက်မှု အခြေ အနေ မျှော်မှန်းချက် အရ ယင်းပမာဏသည် လေးနှစ်မှ ငါးနှစ် အတွင်း ကျော်လွန်သွားနိုင်ကြောင်း သိရသည်။

ရန်ကုန်လေဆိပ်သည်လည်း ထပ်မံတိုးချဲ့နိုင်တော့မည် မဟုတ်သည့်အတွက် လာမည့်နှစ်များ၌ မြန်မာနိုင်ငံတွင် ခရီးသည် အများအပြားကို လက်ခံနိုင်မည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်တခုသည် အမှန်တကယ် လိုအပ်လာမည် ဖြစ်ကြောင်း သိရ သည်။

ယင်းအတွက်ကြောင့် အစိုးရ အနေဖြင့် စီမံကိန်း တခုလုံး အပြည့်အဝ ပြီးစီးပါက တနှစ်လျှင် ခရီးသည် သန်း ၃၀ ကျော် အထိ ဝန်ဆောင်မှု ပေးနိုင်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းကို ဗဟာဗျူဟာ ရေးဆွဲကာ အကောင် အထည်ဖော်နေခြင်း ဖြစ်သည်။

စီးပွားရေး ပညာရှင် ဦးလှမောင်က“သူတို့က ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံပြီး လုပ်မယ်ဆိုရင် အစိုးရအတွက်တောင် ပို ကောင်းတယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှုများတဲ့ စီမံကိန်းကြီးတွေက အရင်းကျေ ကာလတင် နှစ်ရှည်လေ။ အစိုးရ အဲဒီလိုစီမံကိန်း မျိုးမှာ သွားထည့်ရင် တခြားကဏ္ဍမှာ သုံးလို့ရမယ့် ငွေတွေ သွားမြုပ်နေမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက“တချို့ကတော့ မြင်မှာပေါ့။ ကိုယ်က ဘာရမှာလဲပေါ့။ ကိုယ်က လေဆိပ်ကြီးရမှာလေ။ ပြီးတော့ တဖြည်းဖြည်း တိုးတက်လာတဲ့ အခြေအနေကြီးတခု ရမှာလေ”ဟုလည်း ပြောဆိုသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်း တည်ဆောက်မှု ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ မှ ၂ ဘီလီယံ အထိ ရှိနိုင်ပြီး ပဲခူးတိုင်း ဒေသကြီးရှိ အစိုးရပိုင်မြေဧက ၉၀၀၀ ကျော်ပေါ်တွင် အကောင် အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါလေဆိပ်အသစ် နှင့်  ရန်ကုန်မြို့တို့ ချိတ်ဆက်နိုင်ရန်အတွက် လမ်းပန်း ဆက်သွယ်ရေး စီမံကိန်းများ တည်ဆောက် ရန် အတွက်လည်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဌာန တို့ ကလည်း စီစဉ်ဆောင်ရွက်လျက် ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading