၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစွာ ကျင်းပ သွားမည် ဖြစ်ပြီး ရလဒ်မှာလည်း မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒနှင့် တထပ်တည်း ကျစေရမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ယမန်နေ့တွင် ပြောသည်။
ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ဇူလိုင်လ ၁၀ ရက်က ပြုလုပ်သည့် UEC နှင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ နိုင်ငံရေး ပါတီများ၊ ရွေးကောက်ပွဲ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံ ဆွေးနွေးပွဲတွင် UEC အဖွဲ့ဝင် ဧရာဝတီ တိုင်းဒေသကြီး တာဝန်ခံ ဦးသန်းအောင်က ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဦးသန်းအောင်က“ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ အတွက် လွတ်လပ်ရ မယ်။ တရားမျှတရမယ်။ ပွင့်လင်းမြင်သာမှု ရှိရမယ်။ အများယုံကြည် လက်ခံရမယ်။ ရွေးကောက်ပွဲ ရလဒ်ဟာ ပြည်သူ တွေ ရဲ့ဆန္ဒနဲ့ တထပ်တည်း ကျရမယ် ဆိုတဲ့ စံ ၅ ရပ်နဲ့ အညီ စီမံချက်များ ရေးဆွဲ ဆောင်ရွက်လျက် ရှိပါတယ်”ဟု အခမ်းအနားတွင် ပြောဆိုသည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၅၂ သန်း ရှိသည့် အနက် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၅ သန်း ရှိခဲ့ကြောင်း၊ လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်မည့် လူငယ်ပေါင်း ၅ သန်းကျော် ရှိနေ သဖြင့် မဲပေးပိုင်ခွင့် ရှိသူပေါင်း သန်း ၄၀ ခန့် ရှိလာမည် ဖြစ်ကြောင်းလည်း UEC က ပြောသည်။
ကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင်က“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ၂၀၁၉ ခုနှစ်ကို မဲစာရင်း ကောက်ယူတဲ့နှစ် အဖြစ် သတ်မှတ်ပြီး၂၀၁၉ ခုနှစ် ဇွန်လကနေစ စီမံချက်ရေးဆွဲ ဆောင်ရွက်လျက် ရှိပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ မဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေဖို့ အတွက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အခြေခံ မဲစာရင်းမှာ မဲပေးပိုင်ခွင့် ရှိသူတိုင်း ပါဝင်ဖို့အတွက် ပါတီ အဖွဲ့အစည်းအသီးသီးနဲ့ လူမှုရေးအဖွဲ့ အသီးသီး ကလည်း ကူညီ ဆောင်ရွက်စေလိုပါတယ်”ဟု ပြောသည်။
အခြေခံမဲစာရင်း ကောက်ယူရေး စီမံချက် အရ လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံ မဲစာရင်းပြုစုခြင်း၊ ပြောင်းလဲနေသည့် အခြေခံ လူဦးရေစာရင်းနှင့် မဲဆန္ဒရှင်စာရင်းကို လစဉ်ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်း ခြင်းနှင့် အခြေခံမဲစာရင်းများကို ကပ်ထား ကြေညာခြင်းစသည့် လုပ်ငန်းစဉ်များကို စနစ်တကျ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲအား လွတ်လပ်မျှတစွာ ကျင်းပသွားမည်ဟု ကော်မရှင်၏ ပြောဆိုချက် အပေါ် ကြိုဆိုကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့ ပါတီ ဥက္ကဋ္ဌ ဦးသီဟက ပြောသည်။
“ကော်မရှင် အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပသွားမယ် ဆိုတဲ့ အချက်တွေကို သေချာ လုပ်မယ်ဆို ကြိုဆိုပါတယ်။ ဒါ့အပြင် ကော်မရှင်ဟာ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဘယ်ပါတီကိုမှ မျက်နှာသာမပေးဘဲ ကိုယ်စားလှယ်လောင်းအားလုံးကို တန်းတူဆက်ဆံခဲ့တယ်။ အဲဒီ အစဉ် အလာ ကောင်းကို ကော်မရှင် အနေနဲ့ ၂၀၂၀ မှာ ဆက်ထိန်းထားဖို့ လိုအပ်ပါတယ်”ဟု ဦးသီဟက ပြောသည်။
ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဧရာဝတီတိုင်း အတွင်းရှိ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက မသန်စွမ်းသူများ အဆင်ပြေစွာ မဲထည့်နိုင်ရေး စီစဉ်ပေး ရန်၊ အသက် ၁၈ နှစ်ပြည့်သည့် မဲဆန္ဒရှင်များကို ရွေးကောက်ပွဲ အမီ နိုင်ငံသား မှတ်ပုံတင်များ ပြုလုပ်ပေးရေး၊ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများ အနေဖြင့် တပ်နယ် မဲရုံများအား အဆင်ပြေစွာ သွားရောက် လေ့လာ နိုင်ရေး ဆောင်ရွက် ပေးရန် အချက်များ တင်ပြခဲ့ရာ ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကော်မရှင် တာဝန် ရှိသူ ဦးသန်းအောင်က ပြန်လည် ဖြေကြားခဲ့သည်။
ပုသိမ်မြို့အခြေစိုက် မြစ်ဝကျွန်းပေါ် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့ ဒါရိုက်တာ ဦးထွန်းရွှေက“ကော်မရှင် က ကျနော်တို့ အရပ်ဘက် အဖွဲ့အစည်းတွေကို ဝိုင်းဝန်း ကူညီပေးပါလို့တော့ ပြောတယ်။ ဘယ်အပိုင်း ကဏ္ဍက ကူပေးရ မလဲ ဆိုတာ တိတိကျကျ ပြောမသွားဘူး။ ကျနော်တို့ ပါဝင် ကူညီပေးရမယ့် အခန်းကဏ္ဍကို တိတိ ကျကျ သတ်မှတ်ပြီး ဆောင်ရွက်မှသာ ထိရောက်လိမ့်မယ်။ မဟုတ်ရင် ပြည်ထောင်စု ကော်မရှင်က ကူဖို့ပြောလို့ ကျနော်တို့က ဝင်ကူ၊ အောက် ခြေက ကော်မရှင် အဖွဲ့ခွဲတွေက ကျနော်တို့ကို အသိအမှတ်မပြု၊ လက်မခံတာမျိုးတွေ ဖြစ်လာနိုင်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၌ မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီပေါင်း ၉၈ ပါတီရှိပြီး ပါတီ ဆက်လက် ရပ်တည်နိုင်ရေး အတွက် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ယင်းပါတီ အားလုံး မဲဆန္ဒနယ် အနည်းဆုံး ၃ ခုတွင် မဖြစ်မနေ ပါဝင် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။
You May Also Like These Stories:
၂၀၂၀ မဲစာရင်း ပထမမူကြမ်း သုံးလအတွင်း ပြုစုသွားမည်
ကြံ့ခိုင်ရေး ဦးဆောင်သော ၂၆ ပါတီ တွေ့ဆုံခွင့် တောင်းမှု ရွေးကောက်ပွဲ ကော်မရှင် လက်မခံ
သမ္မတနှင့် အတိုင်ပင်ခံတို့ လက်ရှိ နိုင်ငံရေး ရာထူးဖြင့် ပါတီ စည်းရုံးရေး လုပ်နိုင်ဟု ကော်မရှင် ပြော