သတင်း

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲ အကြို လှုပ်ရှားမှုများ တနှစ်ပတ်လုံး လုပ်မည်

Want create site? Find Free WordPress Themes and plugins.

၂၀၂၀ ခုနှစ် ဒီဇင်ဘာတွင် ကျရောက်တော့မည့် ရန်ကုန်တက္ကသိုလ် နှစ်တရာပြည့် ပွဲတော်ကြီးကို ထိုနှစ် ဒီဇင်ဘာ တလလုံး ကျင်းပသွားမည် ဖြစ်ပြီး အကြိုလှုပ်ရှားမှုအနေဖြင့် တနှစ်ပတ်လုံးပြုလုပ်သွားမည်ဟု ယမန်နေ့က ပြုလုပ်သည့် ရာပြည့်သဘင် အခမ်းအနားကျင်းပရေး ကော်မတီက ဆုံးဖြတ်သည်။

ရာပြည့်သဘင် အခမ်းအနား ကျင်းပရေး ကော်မတီ၏ ပထမဆုံး အကြိမ် အစည်းအဝေးတွင် ဥက္ကဋ္ဌ နိုင်ငံ တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်မှာ နှစ်တရာပြည့်မယ်ဆိုရင် အခုနှစ် ဒီဇင်ဘာ ၁ ရက် ကတည်းက စပြီးတော့ ရာပြည့် အခမ်းအနားတွေကို တဆင့်ပြီး တဆင့်လုပ်သွားဖို့ ဆိုပြီး ရည်ရွယ်ချက် ရှိပါတယ်”ဟု ပြောကြားသည်။

အကြို လှုပ်ရှားမှုများအဖြစ် ကျောင်းသား၊ ကျောင်းသူဟောင်းများ တွေ့ဆုံဆွေးနွေးပွဲများ၊ ဘာသာရပ် အသီးသီးမှ အငြိမ်း စား ဆရာ၊ ဆရာမ ကြီးများ အာစရိယပူဇော်ပွဲများ၊ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ မိတ်ဆုံ ညစာစားပွဲနှင့် ဂီတဖျော် ဖြေပွဲများ၊ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ထုတ်ဝေသည့် သုတေ သန စာတမ်းများ၊ စာစောင်၊ စာအုပ် များ၊ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းများ၊ သမိုင်းဝင် စာအုပ်စာတမ်း ပြပွဲများ၊ ရန်ကုန်တက္ကသိုလ် သမိုင်း ပြုစု ထုတ်ဝေခြင်း၊ အထိမ်းအမှတ် စာစောင်များ ထုတ်ဝေခြင်း၊ လက်ကမ်း စာစောင် များထုတ်ဝေခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် မျိုးချစ် စိတ် ဓာတ် ရှင်သန်ထက်မြက်ရေးဆိုင်ရာ ပညာပေး စာတမ်း များ ရေးသား ပြုစုခြင်း၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ဆိုင်ရာ ပညာပေးစာတမ်းများ ပြုစု ထုတ်ဝေခြင်း ပါဝင်သည်။

ရန်ကုန်တက္ကသိုလ် စိန်ရတုတွင် ထုတ်ဝေသည့် အမှတ်တရ တံဆိပ်ခေါင်း

ထိုအပြင် ပြင်ပ ပညာရှင်များ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ဟောပြောပွဲများ၊ အဆောင်အလိုက် ဟောပြောပွဲများ၊ အဆောင်ကျောင်းသား၊ ကျောင်းသူ ဟောင်းများ၏ တွေ့ဆုံဆွေးနွေးပွဲများ၊ ကျောင်းသား ကျောင်းသူများ တီထွင်ထားသည့် သိပ္ပံ ပစ္စည်းများ၊ အိုင်တီ ပစ္စည်းများနှင့် ပရောဂျက်များအား ပြသခြင်း၊ ပြည်တွင်းပြည်ပ ပညာရှင်များ၏ အိုင်တီ နည်းပညာ ဆိုင်ရာ အသိပညာပေးဟောပြော ပွဲများ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ၊ ခေတ်အလိုက် ဝတ်စား ဆင် ယင်မှုပြိုင်ပွဲများ၊ တက္ကသိုလ်နှင့် သက်ဆိုင် သော ရှေးဟောင်းရုပ်ရှင်များပြသခြင်း၊ ပျော်ပွဲ ရွှင်ပွဲ ဈေးရောင်းပွဲများ၊ ပဒေသာ ကပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဟု သိရသည်။

ထိုအစည်းအဝေးနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက “မနေ့က အစည်း အဝေးက ပထမဆုံး အစည်းအဝေးပဲ။ အဲဒီမှာတော့ လုပ်သင့်လုပ်ထိုက်တာ လုပ်ဖို့ လမ်းညွန်သွားတယ်။ အသေးစိတ်က တော်တော် စည်းဝေးရဦးမယ်”ဟု ဧရာဝတီသို့ ပြောသည်။

ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲ ကျင်းပနိုင်ရေးအတွက် ယခုအခါ တက္ကသိုလ်ဝင်းအတွင်း ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၏ ပါမောက္ခ ဌာနမှူး ဒေါက်တာ အောင်မြင့်ဦးကလည်း အတည်ပြု ပြောကြား သည်။

“မနေ့က ဖွဲ့တဲ့ အဖွဲ့အစည်းက အလုပ်အမှုဆောင် အဖွဲ့ ၁၇ဖွဲ့ရှိတယ်။ သမိုင်းပြုစုရေးအဖွဲ့၊ ပြခန်းအဖွဲ့တို့၊ ပျော်ပွဲရွင်ပွဲနှင့် ဖျော်ဖြေရေးအဖွဲ့၊ အားကစားပွဲ၊ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ၊ သုတေသနစာတမ်းဖတ်ပွဲ၊ ဘာသာရပ်ဆိုင်ရာ ဟော ပြောပွဲ၊ ဘာသာရပ် ဆိုင်ရာ စာအုပ်စာတမ်း ပေးဝေရေး အဖွဲ့တို့ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲ၊ ပြန်ကြားရေးနဲ့ သတင်း ထုတ်ပြန်ရေး အဖွဲ့တို့ တောက်လျှောက် လုပ်သွားမယ်။ ရက်အတိအကျနဲ့ လုပ်မှာတော့မဟုတ်ဘူး။ ဌာနအလိုက် ညှိနှိုင်းပြီး လုပ်ကြမှာဖြစ်တယ်။ အခု တက္ကသိုလ်ဝင်းအတွင်းမှာ ပြင်ဆင်မွမ်းမံမှုတွေ စလုပ်နေပါပြီ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တက္ကသိုလ် ရာပြည့် ပွဲတော်ကြီးသည် ရန်ကုန်တက္ကသိုလ် တာဝန်ရှိသူများနှင့် သာသက်ဆိုင်သည့် ပွဲမဟုတ်ကြောင်းနှင့် မြန်မာ တမျိုးသားလုံး၊ မြန်မာ့ ပညာရေး လောကတခုလုံးနှင့် သက်ဆိုင်သည့် အထိမ်း အမှတ်အခမ်းအနား တခုလည်း ဖြစ်ကြောင်း ဦးစီးကော်မတီ ဒုဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆိုသည်။

ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် စတင်ပေါက်ဖွားလာရာ လာမည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ရက်တွင် နှစ်ပေါင်း (၁၀ဝ) ပြည့်မြောက်ပြီဖြစ်သည်။

ရွှေရတုသဘင်ကို ၁၉၇၉၀ ခုနှစ်တွင် လည်ကောင်း၊ စိန်ရတုသဘင်ကို ၁၉၉၅ခုနှစ်တွင် လည်ကောင်း နှစ်ကြိမ်တိုင် ကျင်းပနိုင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ပျက်စီးသွားသည့် ရန်ကုန်တက္ကသိုလ် ရုံးတိုက်

စစ်ကြိုခေတ်နှင့် လွတ်လပ်ရေးရပြီးစ ကာလများတွင် ရန်ကုန်တက္ကသိုလ်သည် ပညာရည်အားဖြင့် အရှေ့ တောင် အာရှတွင် အကောင်းဆုံးဖြစ်ခဲ့ပြီး အာရှအဆင့်တွင် ထိပ်တန်းကရပ်တည်နိုင်ခဲ့သဖြင့် ရန်ကုန်တက္ကသိုလ်သို့ အခြားအာရှနိုင်ငံများမှ ကျောင်းသူ၊ ကျောင်းသားများ လာရောက်ပညာ ဆည်းပူးခဲ့ကြသည်။

ထို့အတွက် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၎င်းအနေဖြင့် ရန်ကုန်တက္ကသိုလ်ကို ယနေ့အချိန်အခါတွင် ကမ္ဘာပေါ်၌ အကောင်း ဆုံး တက္ကသိုလ်တစ်ခု ပြန်လည်ဖြစ်လာစေရန် မျှော်မှန်းထားသည်ဟု ဆိုသည်။

ရန်ကုန်တက္ကသိုလ်သည် သမိုင်းအစဉ်အလာ ကြီးမားသော တက္ကသိုလ်ကြီးဖြစ်ပြီး၊ လွတ်လပ်ရေး ကြိုးပမ်းမှုကဏ္ဍတွင် တစိတ်တပိုင်း ဆက်စပ်နေသည်။

၁၉၂၀ ခုနှစ် စက်တင်ဘာလတွင် ယူနီဗာစတီ အက်ဥပဒေကို အတည်ပြုခဲ့ပြီး၊ ဒီဇင်ဘာ ၁ရက်နေ့တွင် ထိုဥပဒေနှင့် အညီ ရန်ကုန်ကောလိပ်အား တက္ကသိုလ်အဖြစ် ဖွင့်လှစ်တော့မည်ဟု ကြေညာလိုက်သည့်အခါ ကျောင်းသားကြီး ၁၁ ဦးက ဦးဆောင်၍ ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်မှ ကျောင်းသား ၄၀၀ ခန့်က စတင် သပိတ်မှောက်ခဲ့သည်။

ထို့နောက် ရန်ကုန်မြို့ရှိ အထက်တန်း ကျောင်းသူ ကျောင်းသားများလည်း ပါဝင်လာရာ သပိတ်မှောက် ကောင်စီကို ကျောင်းသားကြီး ၁၅ဦးဖြင့် ထပ်မံဖြည့်ဆည်းခဲ့ရာ တိုးချဲ့ဖွဲ့စည်းခဲ့ပြီး၊ ထိုသို့ ကျောင်းသားသပိတ်ကို အကြောင်းပြု၍ အမျိုးသားကျောင်းများ၊ အမျိုးသား ကောလိပ်များ ပေါ်ပေါက်လာခဲ့သည်။

ထို့ကြောင့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် ရန်ကုန် တက္ကသိုလ်၏ သမိုင်းကိုလည်းခွဲခြား၍ မရနိုင်ပါဟု ဒုသမ္မတဦးမြင့်ဆွေက ထိုကော်မတီ အစည်းအဝေးတွင်ပြောသည်။

လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ရန်ကုန်တက္ကသိုလ်သည် ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့သော အာဇာနည် ခေါင်းဆောင် ကောင်းများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း တိုင်းကျိုးပြည်ပြု ခေါင်းဆောင်များနှင့် ပညာတတ်လူငယ်များ စွာမွေးထုတ်ပေးနိုင်ခဲ့ သကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ကဲ့သို့ ကမ္ဘာ့လူသား အကျိုးပြုခေါင်းဆောင်များကိုပါ မွေးထုတ်ပေးနိုင်ခဲ့သည်။

ဆက်စပ်ဖတ်ရှု့ရန်

တခါတုန်းက တက္ကသိုလ်မောင်မယ် ရွေးပွဲ

ဘွဲ့ကြိုကျောင်းသားများ ရန်ကုန်တက္ကသိုလ် ပြန်လက်ခံ

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

ရန်ကုန် တက္ကသိုလ်နဲ့ တက္ကသိုလ်များ အားလုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတော့မယ် 

ရန်ကုန် တက္ကသိုလ် ပြန်လည် ဝေစည်တော့မလား

Did you find apk for android? You can find new Free Android Games and apps.
Loading