သယံဇာတ ကဏ္ဍ အကျိုးအမြတ်များ တိုင်းနှင့်ပြည်နယ် ခွဲဝေသုံးစွဲရေး လက်ရှိ မဖြစ်နိုင်သေးဟု ဆို
သဘာဝ သယံဇာတ ကဏ္ဍမှ ရရှိသည့် အကျိုးအမြတ် ဝင်ငွေများကို တိုင်းနှင့်ပြည်နယ် အလိုက် ခွဲဝေသုံးစွဲရန် လတ် တလောတွင် မဖြစ်နိုင်သေးကြောင်း ပြည်ထောင်စု သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မှ ဒုတိယ ဝန်ကြီး ဦးရဲမြင့်ဆွေက ပြောသည်။
ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံ တွင်းထွက် သယံဇာတ တူးဖော် ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး (MEITI) သစ်တော ကဏ္ဍ ပထမ အကြိမ် နှင့် ဒုတိယအကြိမ် အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနား၌ ၎င်းက ပြောကြားခြင်း ဖြစ်သည်။
လက်ရှိ သစ်တောကဏ္ဍနှင့် ပတ်သက်ပြီး နိုင်ငံတော်က ရရှိသည့်ဝင်ငွေသည် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း ဖြစ်သည့် မြန်မာ့ သစ်လုပ်ငန်းမှ ဝင်ငွေများက ၉၉ ရာခိုင်နှုန်းရှိပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနမှရရှိသည့် ဝင်ငွေက ဝါးအပါအဝင် တခြား သစ်တောထွက် ပစ္စည်းများမှ ရရှိသည့် ဝင်ငွေများသာ ဖြစ်သည့် အတွက် များစွာ နည်းပါးနေကြောင်း အဆိုပါ အစီရင်ခံစာအရသိရသည်။
မြန်မာ့ သစ်လုပ်ငန်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့မှ ရရှိသည့် ဝင်ငွေသည် ၂၀၁၄ – ၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၆၉ဝ,ဝဝဝ ကျော်ရှိခဲ့ပြီး ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် သန်း ပေါင်း ၇၁ဝ,ဝဝဝ ကျော်ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
မြန်မာနိုင်ငံတွင် ယခုလို သဘာဝ သယံဇာတမှ ရရှိသည့် အကျိုးအမြတ်များကို ရန်ပုံငွေထူထောင်၍ တိုင်းနှင့်ပြည်နယ် အလိုက် အညီအမျှ ခွဲဝေသုံးစွဲရေးသည် ကောင်းမွန်သော လုပ်ရပ်ဖြစ်သော်လည်း လက်ရှိ အနေအထားများအရ နိုင်ငံရေး ပြုပြင်ပြောင်းလဲချိန်၊ ၂၀၀၈ ဖွဲ့စည်းပုံသာမက ငြိမ်းချမ်းရေး ဖြစ်စဉ်များ၊ ဖယ်ဒရယ် ဒီမိုကရေစီ ထူထောင်ရေး များနှင့် တိုတ်ရိုက် သက်ဆိုင်နေသည့် အတွက် တဆင့်ပြီးတဆင့် ပြုလုပ်ရမည့် အစီအစဉ်ဖြစ်ကြောင်း၊ ယခုအချိန်တွင် အကောင်အထည် ဖော်မည်ဆိုလျှင် ပိုမိုရှုတ်ထွေးသွားနိုင်ကြောင်း ဒုဝန်ကြီး ဦးရဲမြင့်ဆွေက ဆက်ပြောသည်။
ဦးရဲမြင့်ဆွေက“ကချင်ပြည်နယ်က ကျောက်စိမ်း ထွက်တယ်။ အဲ့ဒီကရတဲ့ ပိုက်ဆံတွေက ကချင်နဲ့ပဲ ဆိုင်လား။ ဧရာဝတီ တိုင်းက ငါးခြောက် ထွက်တယ်။ ကချင်ကို မပို့ရဘူးလား။ သယံဇာတနဲ့ ပတ်သက်တဲ့ ရန်ပုံငွေထူထောင်တာ သင့်တော်ပါတယ်။ အခုက လှေကားတထစ် တက်ဖို့ ပြင်နေတုန်းအချိန် ဖြစ်နေတယ်။ ဖယ်ဒရယ်စနစ်ကို သွားလာပြီ ဆိုရင်တော့ ဒီရန်ပုံငွေ ထူထောင်တာမျိုးက ဖြစ်လာမယ်လို့ ယုံကြည်တယ်။ အခုက အချိန်စောနေသေးတယ်။ သယံ ဇာတ ခွဲဝေမှု၊ လုပ်ပိုင်ခွင့်အာဏာ ခွဲဝေမှုတွေမှာ ပြည်နယ်နဲ့တိုင်း၊ ပြည်ထောင်စု အစိုးရတွေ ဘယ်လိုခွဲခြမ်းမယ်ဆိုတာ ခွဲခြမ်းပြီးမှ ဒီလိုရန် ပုံငွေတွေကို စီမံနိုင်မှာဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။
အဆိုပါပွဲတွင် ထိုသို့ သယံဇာတ အကျိုးအမြတ်များ ရန်ပုံငွေ ထူထောင် ခွဲဝေရန် အစီအစဉ် ရှိမရှိကို တိုင်းရင်းသား လူမျိုးများ ရေးရာ စင်တာမှ တာဝန်ရှိသူ တဦးက မေးမြန်းခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ် အစိုးရအလိုက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေအခံဥပဒေ အရ လုပ်ပိုင်ခွင့် ပေးခဲ့သည့် အနေအထားတွင် သစ်တောကဏ္ဍ၌ အရည်အသွေး နောက်ဆုံးအဆင့် သစ်များကိုသာ တိုင်းနှင့် ပြည်နယ် အစိုးရ များက စီမံခွင့်ရပြီး သစ် အရည်အသွေးကောင်းများကို ပြည်ထောင်စု အဆင့်က တိုတ်ရိုက် ကိုင်တွယ်နေသည့် အနေ အထားမျိုး ဖြစ်သည်ဟုလည်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။
MEITI နှင့် ပတ်သက်ပြီး ပါဝင်ခဲ့သော အရပ်ဘက် အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန် ယူမှု၊ တာဝန်ခံမှု ဆိုင်ရာ အရပ်ဘက် မဟာမိတ် အဖွဲ့(MATA) မှ ဒေါ်မိုးမိုးထွန်းကလည်း စစ်ကိုင်းတိုင်းသည် လက်ရှိ အစီရင် ခံစာအရ မြန်မာတနိုင်ငံလုံးတွင် သယံဇာတ အစုံထွက်ရှိနေသည့် နေရာဖြစ်သည့်အပြင် သစ်တောထွက် ပစ္စည်းများနှင့် ပတ်သက်ပြီး ပထမတန်းစား ကျွန်းနှင့် သစ်မာ ထွက်ရှိမှု ပထမ နေရာတွင် ရှိနေကြောင်း၊ သို့ရာတွင် ပြည်ထောင်စု အဆင့်တွင် ရန်ကုန်ကို ဗဟိုပြုပြီး ကုမ္ပဏီများစွာက အခြေစိုက်နေသည့်အတွက် သစ်တောထွက်ရှိမှု နည်းပါးသော်လည်း အဆိုပါကဏ္ဍမှ ရရှိသည့် ဝင်ငွေသည် ရန်ကုန်သာလျှင် အမြင့်ဆုံးအဆင့်တွင် ဖြစ်နေသည်ဟု ပြောဆိုသည်။
လက်ရှိ အနေအထားအရ သယံဇတ ခွဲဝေရေးနှင့် သစ်တောကဏ္ဍမှ အကျိုးအမြတ်များ ပွင့်လင်းမြင်သာရေးသည် မြန်မာ နိုင်ငံ၏ စီးပွားရေး ကဏ္ဍများတွင်သာမက နိုင်ငံရေးကဏ္ဍများ အထိပါ သက်ရောက်နေသည့် ကိစ္စရပ်များဖြစ် သည် ဟု သူက ဆိုသည်။
ဒေါ်မိုးမိုးထွန်းက“ဒါဟာ ဖယ်ဒရယ်စနစ်ကို သွားတယ်ဆိုရင်တောင် ဘယ်လိုလဲဆိုတာ စဉ်းစားစရာဖြစ်တယ်။ သေချာ တာက ဘယ်လောက်ပဲ ဖယ်ဒရယ်စနစ်ကို ပြောပြော နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေကို မပြုပြင်ဘူးဆိုရင် ဖယ်ဒရယ် စနစ်ကို သွားလို့မရဘူး။ လာသမျှ ရင်းနှီးမြှုပ်နှံမှုတွေက နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေနဲ့ သွားချိတ်နေရတယ်။ ဒါက လည်း ၁၉၈၉ ခုနှစ်ပြဌာန်းထားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရပဲ။ အဲ့ဒီတော့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေကို ဘယ်လို အရင်ဖြေလျှော့မလဲ ဆိုတာ စဉ်းစားသင့်တယ်။ ဒါမှ ဖယ်ဒရယ်စနစ်ကို ဘယ်လိုသွားရမလဲကို ဆက်စဉ်းစား လို့ရမှာ။ တခုနဲ့တခုက ချိတ်ဆက်နေတာကိုး”ဟုလည်း ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် လူထုအုံကြွမှု အရေးအခင်း ဖြစ်ပွားပြီးနောက် တက်လာသည့် တပ်မတော်စိုးရ လက် ထက် တွင် တိုင်းပြည်၏ စီးပွားရေးကဏ္ဍများကို ချုပ်ကိုင်ရန် အတွက် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၃၂ ခုကို တည်ထောင် ခဲ့ကြောင်း သိရသည်။
ထိုလုပ်ငန်းများတွင် မြန်မာ့သစ်လုပ်ငန်းလည်း တခု အပါအဝင်ဖြစ်သည်။
မြန်မာ့ သစ်လုပ်ငန်း အနေဖြင့် သစ်တောဝန်ကြီးဌာနက စနစ်တကျ သတ်မှတ်ကာ ခုတ်ယူခွင့်ရှိသည့် သစ်များကို အကောက်ရိုက်ခြင်း (သစ်ပင်များတွင် ခုတ်လဲခွင့်ပြုသည့် တံဆိပ်များ ရိုက်နှိပ်ခြင်း) နှင့် ထိုစာရင်းများကို နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းသို့ ထုတ်ယူ ရောင်းချခွင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သို့ရာတွင် မြန်မာ့ သစ်လုပ်ငန်းသည် ထိုကဲ့သို့ လုပ်ဆောင်ရမည်ကို ကိုယ်တိုင်မပြုလုပ်ဘဲ ပုဂ္ဂလိက ကုမ္ပဏီများကို ငှားရမ်းကာ ခုတ်လှဲ၊ ထုတ်ယူရေး လုပ်ငန်းစဉ်များကို ပြုလုပ်စေခိုင်းခဲ့သည်ဟု ဆိုသည်။
ထိုသို့ ပြုလုပ်ရာတွင် MEITI အစီရင်ခံစာ၌ မည်ကဲ့သို့ ခုတ်ယူ၊ ထုတ်လုပ်ရေး လုပ်ငန်းစဉ်များကို မည်သည့် နှုန်းထား များဖြင့် ခိုင်းစေခဲ့သည့် အချက်အား ထင်ရှားစွာ မတွေ့ရသဖြင့် အရပ်ဘက် အဖွဲ့အစည်းများက ပြောဆိုဝေဖန်ခဲ့ကြ သည်။
မြန်မာနိုင်ငံ သစ်တောကဏ္ဍတွင် မြန်မာ့ သစ်လုပ်ငန်းအနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများကို ကန်ထရိုက်စနစ်ဖြင့် ပေးခြင်း တွင် မည်ကဲ့သို့ ဆောင်ရွက်သည်၊ မည်ကဲ့သို့ လုပ်ခနှုန်းထားများ ပေးချေခဲ့သည်ကို ပွင့်လင်းစွာ မတွေ့ရှိရသည့် အတွက် နိုင်ငံတော် ဘဏ္ဍာ များစွာ နစ်နာ ဆုံးရှုံးရနိုင်သည့် အနေအထားမျိုး ဖြစ်သည်ဟု ပြောဆို ဝေဖန်ကြခြင်း ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်နေရခြင်းသည် မိမိတို့ မြန်မာ့ သစ်လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာ ကုမ္ပဏီများကို ဝန်ဆောင်ခအဖြစ် ငွေကြေးသာ ပေးချေခြင်း ဖြစ်ကြောင်း၊ ငွေကြေးအစား သစ်ထုတ်ခွင့်များ ပေးအပ်ခြင်း မဟုတ်ကြောင်း မြန်မာ့ သစ် လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးညီညီထွန်းက အဆိုပါ MEITI ထုတ်ပြန်ပွဲတွင် ဧရာဝတီ ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြား ခဲ့သည်။
မြန်မာ့ သစ်လုပ်ငန်း အနေဖြင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်သည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ မိမိတို့ လုပ်ကိုင်ရမည့် အရာများကို မလုပ်ဘဲ ကုမ္ပဏီများကို ခုတ်လှဲထုတ်လုပ်ခွင့် ပေးလိုက်ခြင်းတွင် ပြဿနာများစွာရှိပြီး သစ်တော ပြုန်းတီးမှု၏ အကြောင်းအရင်းများတွင်လည်း တခုအပါအဝင် ဖြစ်စေသည်ဟု အဆိုပါပွဲသို့ တက်ရောက် လာသော အရပ်ဘက်အဖွဲ့များမှ တချို့က ဧရာဝတီသို့ မှတ်ချက်ပြု ပြောဆိုသည်။
ယနေ့ MEITI အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု၊ တာဝန် ယူ၊ တာဝန်ခံမှုနှင့်အတူ နိုင်ငံတကာ EITI စံချိန်စံညွှန်းများနှင့်အညီ ဆက်လက် အကောင်အထည်ဖော်ရန် အတွက် အစိုးရ ဌာန၊ နိုင်ငံတကာ EITI အဖွဲ့အစည်းများ၊ ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းများမှ စုပေါင်းကာ ဆက်လက် ဆွေးနွေး၍ လာမည့် တတိယအကြိမ် အစီရင်ခံစာ ထုတ်ပြန်နိုင်ရေး အတွက် မူဝါဒများ ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
သယံဇာတ ထုတ်ယူသည့် နိုင်ငံပိုင် လုပ်ငန်းများ ပြုပြင် ပြောင်းလဲရေး ဆွေးနွေး
ရန်ကုန်တိုင်း မုတ္တမပင်လယ်ကွေ့ တလျှောက် ဒီရေတောများ ပြုပြင်ထိန်းသိမ်းသွားမည်