တပ်မတော်၏ အမှတ် ၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး)နှင့် အမှတ် ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူး နေရာများ အပါအဝင် ထိပ်ပိုင်း ရာထူးနေရာ တချို့ အပြောင်းအလဲ ပြုလုပ်ကြောင်း သိရသည်။
ပဋိပက္ခ ဖြစ်နေသည့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး ပါဝင်သည့် အမှတ် ၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန်ကို ယူထားသည့် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းကို တပ်မတော် စစ်ဆေးရေး အရာရှိချုပ် အဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ပြီး၊ ၎င်း၏ နေရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် အား ခန့်အပ်လိုက်ကြောင်း တပ်မတော် အဆင့်မြင့် အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
“ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းက အရင်က စစ်ဆေးရေး အရာရှိချုပ်က ပြောင်းလာတာ၊ အခုလည်း စစ် ဆေးရေး အရာရှိချုပ်ပဲ ပြန်လုပ်တာပေါ့။ အခု ကစထ ၃ ကို ရောက်လာတာက ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်။ အခုမှ ပြောင်းတာပါ”ဟု ၎င်းက ရှင်းပြသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်မှာ ယခင်က အမှတ် ၆ စစ်ဆင်ရေး အထူး အဖွဲ့ မှူး(ကစထမှူး) အဖြစ် တာဝန်ယူခဲ့ပြီး ယခုအခါ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက အစားထိုး တာဝန်ယူမည်ဟု သိရသည်။
လက်ရှိ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် တာဝန်ယူထားသူ ဒုတိယ ဗိုလ် ချုပ်ကြီး မင်းနောင်မှာလည်း အမှတ် ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန် ပြောင်းလဲ ထမ်းဆောင်မည်ဖြစ်ပြီး၊ ယခင် အမှတ် ၅ စစ်ဆင် ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းမှာ စစ်ရေးချုပ် ဖြစ်လာကြောင်း တပ်မတော်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရ သည်။
လက်ရှိ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦးမှာ အနားယူတော့မည်ဟုလည်း ဆိုသည်။
ကစထမှူးများ အပြောင်းအလဲ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ တပ်မတော် အရာရှိတဦးက“ရခိုင်က အရေးကြီးလို့ မဟုတ်ဘူး။ တပ်မတော်ရဲ့ ထုံးစံကတော့ တိုင်းမှူးတွေရော၊ ကစထမှူးတွေရောက နယ်မြေ ကျွမ်းကျင်အောင် အလှည့်ကျ တာဝန် ထမ်းဆောင်တာတွေ ရှိတယ်။ ဒါတွေက တပ်မတော်ရဲ့ ပုံမှန် Schedule တခုပါ”ဟု ပြောသည်။
စစ်ရေးချုပ် ဖြစ်လာသည့် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းသည် ကစထ (၅)တွင် တာဝန်မထမ်းဆောင်မီ ရန်ကုန် တိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ကို ထမ်းဆောင်ခဲ့ သူတဦး ဖြစ်ပြီး စစ်ဆင်ရေး အထူးအဖွဲ့ မှူးများထဲတွင် အသက်အငယ်ဆုံး ဖြစ်ကြောင်း သိရသည်။
အမှတ် ၆ စစ်ဆင်ရေး အထူးအဖွဲ့ မှူး တာဝန်ယူမည့် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် စစ်ဦးစီး အရာရှိချုပ် (ကြည်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကဲ့သို့ တပ်မတော်တွင် ရာထူး အတက်မြန်သူ တဦး ဖြစ်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲ ရေးမှူး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ)၊ ကာကွယ်ရေး ဦးစီးချုပ် (လေ)တို့ ပြီးလျှင် ကစထမှူးများသည် တပ်မတော်တွင် တာဝန်အရှိဆုံးသူများ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလကလည်း တပ်မတော်မှ ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် အနောက်မြောက်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်တို့ကို နေရာချင်း လဲလှယ်လိုက်ခဲ့သေးသည်။
ထိုစဉ်က စစ်ရေးလိုအပ်ချက်အရ တိုက်ရိုက်နေရာ ပြောင်းလိုက်ခြင်း ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ မှ ဗိုလ်မှူးချုပ် ဇော် မင်းထွန်းက သတင်းထောက်များကို ပြောဆိုခဲ့သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင် စစ်တိုင်းမှူးများကို မကြာခဏ ပြောင်းလဲ တာ ဝန်ပေးမှုများ ရှိပြီး တချို့ သော တိုင်းမှူးများမှာလည်း စစ်ရေး လိုအပ်ချက်နှင့် အဂတိ လိုက်စားမှုများ ကြောင့် အရေးယူခံရသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။
၂၀၁၈ ခုနှစ်၊ ဧပြီလကလည်း တပ်မတော်၏ စစ်တိုင်းမှူးအဆင့် ရာထူးနေရာ ၉ ခုကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရာထူး ခန့်ချုပ်ရုံး၏ ညွှန်ကြားချက်ဖြင့် နေရာ အပြောင်းအလဲများ တရားဝင် ပြုလုပ်လိုက်ခဲ့သေးသည်။
You May Also Like These Stories:
AA ခေါင်းဆောင်များကို ဖမ်း၊ မဖမ်း အစိုးရကိုသာ မေးရန် တပ်မတော် ပြော
အစိုးရ၊ တပ်မတော်နှင့် RCSS တို့ ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးမည်
လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ချိုးဖောက်၍ တပ်မတော်က တရားစွဲဆိုမှု ၃၀ အထိ ရှိလာဟုဆို