ကျား၊ မ တန်းတူညီမျှရေး အပါအဝင် အမျိုးသမီး မျိုးဆက်ပွား ကျန်းမာရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးတို့ကို အဓိကထား ဆောင်ရွက်သွားမည်ဟု ဒုသမ္မတ ဦးမြင့်ဆွေက ပြောသည်။
ဒုသမ္မတ က“အဓိက ဆောင်ရွက်ရမယ့် ကဏ္ဍတွေကတော့ မျိုးဆက်ပွားကျန်းမာရေး၊ အမျိုးသမီးများရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးနဲ့ ကျား၊ မ တန်းတူညီမျှမှု ရရှိရေးတို့ပဲ ဖြစ်ပါတယ်” ဟု ဇူလိုင်လ ၁၁ ရက်တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့လူဦး ရေနေ့ အထိမ်းအမှတ် အခမ်းအနား အဖွင့် မိန့်ခွန်းတွင် ပြောကြားသည်။
မျိုးဆက်ပွား ကျန်းမာရေး၊ အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ကျား၊မ တန်းတူညီမျှမှု ရရှိရေး ကဏ္ဍများ အကောင် အထည်ဖော်ရာတွင် လိုအပ်သည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေသစ်များ ပေါ်ပေါက်လာစေရန်နှင့် ရှိပြီးသား ဥပဒေများ ကိုလည်း လက်ရှိ အခြေနေနှင့် လိုက်လျောညီထွေ ဖြစ်အောင် ပြင်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် အမျိုးသမီးများ သားဆက်ခြား ဆေးဝါး သုံးစွဲနှုန်းသည် မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက် စစ်တမ်းအရ ယခင်ကထက် ၅၁ ရာခိုင်နှုန်း အထိ တိုးတက်လာသည် ဆိုသော်လည်း လိုအပ်ချက်များ ရှိနေဆဲ ဖြစ်ကြောင်း ဒုသမ္မတ က ဆိုသည်။
၁၉၉၀ ခုနှစ်က အရှင်မွေး ကလေး ၁ သိန်းတွင် မိခင် သေဆုံးမှုသည် ၄၅၃ ဦး ရှိခဲ့ရာ ၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း အရ အရှင်မွေးကလေး ၁ သိန်းတွင် မိခင်ဦးရေ ၂၈၂ ဦး၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အရှင်မွေး ကလေး ၁ သိန်းတွင် မိခင် သေဆုံးမှု ၁၇၈ ဦး ဖြစ်လာသဖြင့် သေဆုံးမှုနှုန်း ကျဆင်းသွားသော်လည်း ကိုယ်ဝန်ဆောင် မိခင်သေဆုံးနှုန်းသည် မြင့်မား နေဆဲ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ (UNFPA) မှ တာဝန်ရှိသူတဦး ဖြစ်သူ ဒေါ်ယုမြတ်မွန်ကလည်း “နိုင်ငံ ကဏ္ဍမှာ အရေး ကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ ပါဝင်ဖို့ လိုနေပါသေးတယ်။ ကိုယ့်ရဲ့ အိမ်ထောင်စုထဲမှာပဲ ကြည့်လေ။ အိမ်ထောင် တခုမှာ ဆုံးဖြတ်ချက်ချမယ့်နေရာမှာ အမျိုးသားတွေပဲ ဖြစ်နေတာ တွေ့နေရသေးတယ်လေ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီး ပညာတတ်များ၊ ဘွ့ဲလွန်များ ရှိနေသော်လည်း လုပ်ငန်းခွင်ထဲတွင် ဝင်ရောက် လုပ်ကိုင်နေ သည့်သူများ ရှားပါးနေကြောင်း၊ အမှန်တကယ် ဝင်ငွေရရှိသည့်နေရာတွင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်း နည်းပါးမှုများ ရှိနေ သေးကြောင်း ၎င်းက ပြောဆိုသည်။
ကျား/မ တန်းတူ အခွင့်အရေး ရရှိရန် အတွက် ဆောင်ရွက်ရာတွင် တဦးနှင့် တဦး ရန်သူကဲ့သို့ သဘောမထားဘဲ မောင်နှမ အရင်းအချာကဲ့သို့ စိတ်ထား၍ ဆောင်ရွက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဇူလိုင် ၃ ရက်က ကျင်းပသည့် မြန်မာ အမျိုးသမီးများနေ့ အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ကျေးလက်နေ အမျိုးသမီးများ၏ လူနေမှုဘဝမြှင့်တင်ရန်၊ နိုင်ငံစီးပွားရေးတွင် တနိုင်တပိုင် ပါဝင်ရန်၊ ရေခြား မြေခြားတွင် အလုပ်သွားရောက် လုပ်ကိုင်ခြင်းကို လျှော့ချရန်၊ အိမ်တွင်းစီးပွားရေး လုပ်ငန်းများ ဖော်ဆောင်ရန် အသိပေးခြင်း၊ ရင်းနှီးရန် ငွေကြေး စီမံပေးခြင်း၊ သက်ဆိုင်ရာ ဌာနများ စုပေါင်းအင်အားဖြင့် ဖော်ဆောင်ပေးရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ တင်တင်ဝင်းမှ မေလ ၄ ရက်က ကျင်းပ သည့် အမျိုးသား လွှတ်တော်သို့ အဆိုတရပ် အနေဖြင့် တင်သွင်းခဲ့သည်။
မြန်မာနိုင်တွင် အလုပ်လုပ်နိုင်သည့် အမျိုးသမီးမှာ လူဦးရေ၏ ၅၀.၅ ရာခိုင်နှုန်း ရှိပြီး၊ အမှန်တကယ်အားဖြင့်၂၀ ရာခိုင်နှုန်း ခန့်သာ အလုပ်ပေးနိုင်ခဲ့ကြောင်း၊ ကျေးလက်နေ အမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်ခဲများမှာ ငွေကြေး အရင်းအနှီး ပံ့ပိုးမှု၊ ကျန်းမာရေး အသိပညာနှင့် ကျောင်းပညာရေးတွင် အကန့်အသတ်ဖြင့်သာ ရှိနေခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်က အထက်ပါ အဆိုကို ထောက်ခံ ဆွေးနွေးခဲ့ သည်။
အမျိုးသမီးရေးနှင့် ကလေးသူငယ် အခွင့်အရေး လှုပ်ရှားနေသူ အရှို အမျိုးသမီးအဖွဲ့မှ ဒါရိုက်တာ တဦးလည်း ဖြစ်သူ မိုင် သန့်စီဦးကလည်း “အမျိုးသမီးတဦးဟာ ကိုယ့်မှာရှိတဲ့ အစွမ်းအစတွေကို ချပြဖို့လိုတယ်။ တချို့ကျတော့လည်း ချပြဖို့ အားမထုတ်ဘဲ ပြောပဲပြောနေတာတွေပဲ တွေ့နေရတယ်။ သူတို့တွေ ကိုယ်တိုင်ကလည်း မှီခိုနေချင်တာတွေလည်း ကွင်း ဆင်းတဲ့အခါ အများကြီး တွေ့ရတယ်” ဟု ပြောသည်။
ထို့ပြင် ဒုသမ္မတက မြန်မာနိုင်ငံတွင် လက်ရှိ အလုပ်လုပ်နိုင်သည့် အသက်အပိုင်းခြားတွင် ရှိသည့် လူဦးရေမှာ များပြား နေရာ ယင်းဆုလာဘ်ကို ထိမိစွာ အသုံးချ၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် လူငယ်အင်အားကို ထည့်သွင်း အသုံးချရန် လိုအပ်ကြောင်းလည်း ဆိုသည်။
ဒုသမ္မတက “အနာဂတ်မှာ သက်ကြီးလူဦးရေ များပြားလာနိုင်ချေ ရှိသည့်အတွက် လူမှု ကာကွယ်စောင့်ရှောက်ရေး စနစ် အားကောင်းလာစေဖို့ ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်” ဟု သုံးသပ် ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၌ လူဦးရေ ၅၄ သန်းကျော် ရှိပြီး ၂၀၃၀ ခုနှစ်တွင် ၅၉ သန်းကျော်ခန့် ရှိလာမည်ဟု ခန့်မှန်း ထားသည် ဟု ဒုသမ္မတက ပြောကြားသွားသည်။
You may also like these stories:
ကျား၊ မ တန်းတူရေး လုပ်ဆောင်ရာတွင် ရန်သူကဲ့သို့ မမြင်ရန် အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြော
လူမှုအသိုင်းအဝိုင်းတခုတရားမျှတမှုရှိဖို့လိုတယ်
အမျိုးသမီးမဝင်ရ နေရာတွေ ရှိသင့်လား