သတင်း

၄ နှစ်အတွင်း တအန်း ၁၇၀ ကျော် အပေါ် RCSS မှ လူ့အခွင့်အရေးချိုးဖောက် ဟုဆို

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၄ နှစ်တာ ကာလအတွင်း တအန်း (ပလောင်) လူဦးရေ ၁၇၀ ကျော်ကို ရှမ်း ပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) က လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ထားပါ သည်ဟု တအန်း လူ့အခွင့်အရေး ဆိုင်ရာ ကွန်ရက်က ပြောဆိုလိုက်သည်။

တအန်း လူ့အခွင့်အရေး ဆိုင်ရာကွန်ရက်သည် ဇူလိုင် ၁၁ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ရွှေဂုံတိုင်ရှိ တော် ဝင်နှင်းဆီ စားသောက်ဆိုင်တွင် RCSS ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုဆောင်းထားသည့် စာတမ်း တိုတစောင်ကို ထုတ်ပြန်ခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ တခု ပြုလုပ် ပြောဆိုခြင်း ဖြစ်သည်။

တအန်း လူ့အခွင့်အရေး ဆိုင်ရာကွန်ရက်မှ မလွေးပိုးစေက “၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ဇွန်လထိ ဆိုရင် စုစုပေါင်း လူ့အခွင့်အရေး ချိုးဖောက်မှု ၆၂ ခု ပါဝင်တယ်။ နစ်နာသူပေါင်း ၁၇၃ ဦး ရှိပါတယ်။ ၂၀၁၈ ခုနှစ် မှာ ကျမတို့ Follow up လုပ်နိုင်တာ Case ၃၉ ခု ရှိပါတယ်။ ကျူးလွန်ခံရသူက ၈၆ ဦးပါ။ လက်ရှိ ကျမတို့ Follow up လုပ်နေဆဲက ၂၃ Case၊ ချိုးဖောက်ခံရသူက ၈၇ ဦး ရှိပါတယ်” ဟု ပြောသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု ၆၂ ခုမှာ RCSS တပ်ဖွဲ့ဝင်များက ကျောက်မဲ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မူဆယ်နှင့် နမ္မတူမြို့နယ် တို့တွင် ကျူးလွန်ထားခြင်း ဖြစ်သည်ဟု မလွေးပိုးစေက ဆိုသည်။

RCSS သည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်၊ လွယ်တိုင်းလျန်းတွင် ဌာနချုပ် အခြေစိုက်ပြီး ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် လှုပ်ရှားလျက် ရှိသည်။

မလွေးပိုးစေက RCSS တပ်ဖွဲ့ဝင်များသည် တအန်းလူမျိုး အရပ်သားများကို ၎င်းတို့၏ ဆန့်ကျင်ဘက် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ တပ်ဖွဲ့ဝင်များဟု စွပ် စွဲကာ ဖမ်းဆီးခြင်း၊ ဖမ်းဆီးထားစဉ် ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် သတ်ဖြတ်ပြီးနောက် လက်စ ဖျောက်ပစ်ခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ပြောသည်။

မလွေးပိုးစေက “RCSS က NCA ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခု ဖြစ်တယ်။ ထိုးပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှာ ကျမတို့ ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတယ်။ စစ်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ပြီးနောက် RCSS ၊ တပ်မတော်၊ SSPP ၊ TNLA တို့နဲ့ မကြာ ခဏ တိုက်ပွဲတွေ ဖြစ်တယ်။ တိုက်ပွဲတွေနဲ့ တဆက်တည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေက တိုးပွားလာ တာ” ဟု ပြောသည်။

တအန်း လူ့အခွင့်အရေး ဆိုင်ရာ ကွန်ရက်မှ ဖြန့်ဝေသည့် စာတမ်းထဲတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၄ ရက်၊ နမ္မတူမြို့နယ်၊ မန်ဆာကျေးရွာတွင် မျှစ်ရောင်းပြီး ပြန်လာသည့် အရပ်သား ၂ ဦးကို RCSS မှ ဖမ်းဆီး ရိုက် နှက်ပြီး ဆိုင်ကယ်များ သိမ်းယူထားလိုက်သည့် ဖြစ်စဉ်များ ထည့်သွင်း ရေးသားထားသည်။

၂၀၁၈ ခုနှစ် ဇွန် ၆ ရက်က နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်အုပ်စုအတွင်း RCSS တပ်ဖွဲ့ဝင်များက အရပ်သားများ ကို ငွေကြေး ကောက်ခံနေစဉ် TNLA ဝင်လာသဖြင့် ပစ်ခတ်မှုဖြစ်ရာ အရပ်သားတဦး ကျည်ထိမှန်သည့် ဖြစ် စဉ်၊ ၂၀၁၆ ခုနှစ်၊ ဇွန် ၈ ရက်က မန်တုံမြို့နယ်တွင် အရပ်သား ၁၀ ဦးကျော်ကို ဖမ်းဆီးကာ ကြိုးဖြင့် ချည် ပြီး မိုးရေထဲ ထား ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်များကိုလည်း ထည့်သွင်း ဖော်ပြထားသည်။

ထို့ပြင် ၂၀၁၈ ခုနှစ်အတွင်းက စစ်ဘေးရှောင်ရင်း လမ်းတွင် ပျောက်ဆုံးသွားသည့် နမ္မတူမြို့နယ်၊ ပန်ကွတ် ရွာသား ၁၁ ဦးကိုလည်း RCSS တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း စာတမ်းထဲတွင် ထည့်သွင်း ရေးသားထားသည်။

သတင်းစာ ရှင်းလင်းပွဲတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်တွင် RCSS တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီး နှိပ်စက်မှုကို ခံခဲ့ရဖူးသည့် အရပ်သားများလည်း ပါဝင်ပြီး ၎င်းတို့၏ အတွေ့အကြုံများကို ပြောပြကြသည်။

၎င်းတို့သည် ဖမ်းဆီးခံရပြီး နှိပ်စက်ခံရသည်များကို ပြန်ပြောပြသော်လည်း နေရပ်ရင်း ရွာများသို့ ပြန်ကြမည် ဖြစ်သဖြင့် ၎င်းတို့၏ မျက်နှာနှင့် အမည်ရင်းများကို မဖော်ပြကြရန်လည်း သတင်းထောက်များကို ပြော သည်။

နမ္မတူမြို့နယ်ရှိ ကျေးရွာတခုမှ ရောက်လာသည့် အသက် ၆၂ နှစ်အရွယ် တအန်း အမျိုးသားတဦးက “ကျ နော်က ၂၀၁၈ ခုနှစ်မှာ မျှစ်ရောင်းပြီး ပြန်လာတုန်း ဖမ်းခံရတာပါ။ ကျနော်တို့ကို ရိုက်နှက်ပြီး ဆိုင်ကယ်တွေ လည်း ယူထားတယ်။ ပလောင်စစ်သား ဆိုပြီး စွပ်စွဲတယ်။ နောက်ဆုံး မဟုတ်တာ သိမှ သူတို့က ပိုက်ဆံ ၂ သောင်းပေးပြီး ပြန်လွှတ်လိုက်တာ။ ကျနော်တို့ မျှစ်ရောင်းရတဲ့ ပိုက်ဆံတွေရော ဆိုင်ကယ်ရော သူတို့ပဲ ယူ ထားလိုက်တယ်” ဟု ပြောသည်။

တအန်း လူ့အခွင့်အရေး ဆိုင်ရာ ကွန်ရက်မှ မလွေးကုကုက RCSS တပ်ဖွဲ့ဝင်များသည် အရပ်သားအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေသည်ကို ရပ်တန့်ပေးရန် လိုအပ်ပြီး အရပ်သားများကို ဝန်ထုပ် ဝန်ပိုး မဖြစ်စေရဟူသည့် အချက်များ ပါဝင်သည့် RCSS လက်မှတ် ရေးထိုးထားသည့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA)၊ နိုင်ငံတကာ စစ်ရာဇဝတ်မှု ဥပဒေများကို လေးစား လိုက်နာရန် လိုအပ်သည်ဟု ပြောသည်။

တအန်း လူ့အခွင့်အရေး ဆိုင်ရာ ကွန်ရက်မှ စာတမ်းထုတ် ပြောဆိုချက်များပေါ်တွင် RCSS ၏ ပြောရေး ဆိုခွင့် ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဦးက မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

RCSS တပ်ဖွဲ့ဝင်များ အနေဖြင့် တိုက်ပွဲကာလတွင်း အရပ်သား အချို့ကို ဖမ်းဆီးခြင်းများ ရှိခဲ့သော်လည်း ပြန်လွှတ်ပေးထားကြောင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မလုပ်ဆောင်ပါဟု ဒုဗိုလ်မှူးကြီး စိုင်းဦး က ငြင်းဆိုသည်။

ဒုဗိုလ်မှူးကြီး စိုင်းဦး က “ပလောင်လူမျိုးတွေ အမျိုးသမီး အသင်းအဖွဲ့တွေက ကျနော်တို့ကို စွပ်စွဲတာ အများကြီး ရှိပါတယ်။ ကျနော်တို့ ရှေ့တန်းသွားတာဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ် လူမျိုးရေး ခွဲခြားပြီး လုပ် ဆောင်ခဲ့တယ် ဆိုတာ မရှိခဲ့ဘူး။ ကျနော်တို့ ရှေ့တန်းက တပ်ဖွဲ့ဝင်တွေ ရဲဘော်တွေမှာလည်း စစ်သည် ကျင့်ဝတ်တွေ ရှိပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျနော်တို့ လုပ်ဆောင်တာ မရှိပါဘူး” ဟု ပြောသည်။

သတင်းမီဒီယာများတွင် ပြောဆိုပြီး တဖက်နှင့် တဖက် စွပ်စွဲခြင်း၊ လူမျိုးရေး အသွင်ဆောင်သည့် အသုံး အနှုန်းများသုံးကာ ပြောဆိုခြင်းမှာ မကောင်းကြောင်း၊ RCSS နှင့် TNLA ကြား စစ်ရေးအရ တိုက်ခိုက်မှုများ ရှိသော်လည်း ရန်သူကဲ့သို့ သဘောထားခြင်း မရှိပါဟု ဒုဗိုလ်မှူးကြီး စိုင်းဦးက ဆိုသည်။

ဆက်လက်၍ ၎င်းက “ပလောင်လူထုကို ပြောချင်တာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ရှိနေပေမယ့် လူထုကို အပြစ် ရှာတာ လူ့အခွင့်အရေး ချိုးဖောက်တာ ကျနော်တို့ မလုပ်ဘူး။ ရှေးနှစ်ပေါင်းများစွာက အတူနေထိုင် လာကြတာ ကျနော်တို့ လူမျိုးရေး ဖိနှိပ်ခွဲခြားတာ အရင်ကလည်း မလုပ်ဘူး။ ခုလည်းမလုပ်ဘူး။ ရှေ့လည်း လုပ်မှာ မဟုတ်ဘူးလို့ ပြောကြားချင်ပါတယ်” ဟု ပြောဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်လည်း အဖွဲ့အစည်းများ တဖက်နှင့် တဖက်၊ လူမျိုးတမျိုးနှင့် တမျိုးကြား တွေ့ ဆုံ ဆွေးနွေးရဦးမည် ဖြစ်သဖြင့် စွပ်စွဲပြောဆိုခြင်းများကိုလည်း မဖြစ်စေချင်ပါဟု ဒုဗိုလ်မှူးကြီး စိုင်းဦးက ဆိုသည်။

ဧရာဝတီ သတင်းဌာနမှ ၂၀၁၈ ခုနှစ် အတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်တွင်းရှိ ရွာပေါင်း ၅၀ ကျော်ကို ကွင်းဆင်းပြီး ဒေသခံများနှင့် တွေ့ဆုံရာ ဒေသတွင်း လှုပ်ရှားလျက် ရှိသည့် RCSS အပါအဝင် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည် တိုးတတ်ရေး ပါတီ (SSPP) တို့က လည်း မသင်္ကာမှုဖြင့် အရပ်သားများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်းများ ကျူးလွန်းထားကြောင်း သိရ သည့် အပြင် အချို့အရပ်သားများမှာ ပစ်ခတ် ဖမ်းဆီးခံရသဖြင့် ဆေးရုံမသွားရဘဲ သွေးလွန်ကာ သေဆုံး သွား သူများလည်း တွေ့ခဲ့ရသည်။

နမ္မတူမြို့နယ်တွင်းက ကျေးရွာများတွင် ရှမ်းလူမျိုးများကို RCSS သူလျှိုဟု စွပ်စွဲ ဖမ်းဆီးကာ TNLA မှ ဖမ်း ဆီး စစ်ဆေးသည်များ ရှိပြီး RCSS တပ်ဖွဲ့ဝင်များကလည်း တအန်း လူမျိုးများကို TNLA ၏ သတင်းပေးဟု ထင်မှတ်ကာ ဖမ်းဆီး စစ်ဆေးခြင်းများ ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

၂၀၁၈ ခုနှစ်အတွင်း ပန်ကွတ်ရွာသား ၁၁ ဦး စစ်ဘေးရှောင်ရင်း တောလမ်းတွင် ပျောက်ဆုံးသွားခြင်းနှင့် ပတ်သက်၍လည်း ရွာသူရွာသားများက ပျောက်ဆုံးသွားသူများကို RCSS က ဖမ်းဆီးထားသည်ဟု ယုံကြ ည်နေကြသည်။

RCSS ဘက်မှ ပန်ကွတ်ရွာသားများကို ဖမ်းဆီးထားခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

သို့သော် ပန်ကွတ်ရွာ ဥက္ကဋ္ဌ ဦးသန်းအောင်က TNLA နှင့် RCSS နှစ်ဖွဲ့လုံးကို ဆက်သွယ် မေးမြန်းရာ RCSS နယ်မြေခံ တပ်မှူးတဦးက သတိထားနေထိုင် ပါဟု ခြိမ်းခြောက်ပြောဆိုသဖြင့် ရွာတွင် အမြဲ မနေရဲ ဘဲ အခြားရွာသို့ မကြာခဏ ရွေ့ပြောင်းနေထိုင် နေရပါသည်ဟုလည်း ဧရာဝတီကို၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ လက ပြောဆိုထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူနှင့် လားရှိုးမြို့နယ်တို့တွင် TNLA နှင့် SSPP တို့သည် မဟာမိတ် ဖွဲ့ထားပြီး RCSS ကို နယ်မြေကျော်လာသည်ဟု ဆိုကာ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှ ၂၀၁၉ ခုနှစ် ထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် ဒေသခံ အရပ် သားများနှင့် ကျေးရွာသူကြီး၊ ရပ်မိရပ်ဖများကို တဖက် လက်နက်ကိုင်တပ်ဖွဲ့များ၏ သတင်းများပေးခိုင်းခြင်း၊ ငွေကြေးနှင့် ဆန်ရိက္ခာ စုဆောင်းခိုင်းခြင်းများ ပြုလုပ်လျက် ရှိသည်။

၂၀၁၉ ခုနှစ် ဧပြီလကလည်း ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်း ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး ဦးစိုင်း တင့်ချိုသည် RCSS နှင့် SSPP တို့၏ ခိုင်းစေမှုဖြင့် ငွေကြေးများ ရပ်ရွာအတွင်း လိုက်လံ ကောက်ခံပေးနေ သဖြင့် တပ်မတော်က ဖမ်းဆီးလိုက်ပြီး လက်ရှိတွင် မတရားအသင်း ဆက်သွယ်မှု ဥပဒေ ၁၇ (၁) ဖြင့် တရားစွဲဆိုခံထားရသည်။

ဆက်စပ်သတင်း

RCSS တောင်းသည့် ပိုက်ဆံ မပေးနိုင်၍ နမ္မတူဒေသခံများ ဒုက္ခရောက်နေ

ပအို့ဝ် ဒေသခံ ၅၀၀၀ ကျော် RCSS ကို ဆန္ဒပြ 

မန်လီရွာသား ၁၂ ဦး ပျောက်ဆုံးမှု ယနေ့အထိ ရှာမတွေ့သေး 

Loading