သတင်း

အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တွေ့ဆုံ၊ အဆိုပြုချက် အသီးသီးဆွေးနွေး

Want create site? Find Free WordPress Themes and plugins.

အာဆီယံ ၁၀ နိုင်ငံမှ ကာကွယ်ရေး ဝန်ကြီးများသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တွေ့ဆုံ၍ နယ်စပ်ထိန်းချုပ်မှုများ၊ အကြမ်းဖက်ဝါဒနှင့် တရားမဝင် ငါးဖမ်းလုပ်ငန်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း Bangkok Post သတင်းက ဆိုသည်။

အာဆီယံ ကာကွယ်ရေး ဝန်ကြီးများသည် ကြာသပတေးနေ့က တောင်တရုတ်ပင်လယ်ပြင် အခြေအနေနှင့် စပ်လျဉ်း၍ အဖွဲ့ဝင် နိုင်ငံအချို့ အုပ်စုဖွဲ့နေမှုနှင့် တရုတ် အလေးသာလာမှုတို့ အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ယမန်နှစ်က အာဆီယံနှင့် တရုတ်တို့ ပထမဆုံး ရေကြောင်း စစ်ရေးလေ့ကျင့်မှုကို အားရ ကျေနပ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြပြီး ယခုနှစ် အကုန်ပိုင်း အာဆီယံ-အမေရိကန်ရေကြောင်းလေ့ကျင့်မည့်အစီအစဉ်ကို ကြိုဆိုခဲ့ကြကာ အာဆီယံကာကွယ်ရေးဝန်ကြီးများ၏ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့ကြသည်။

အစည်းအဝေး သဘာပတိ အဖြစ် ဆောင်ရွက်သည့် ထိုင်း ဒုတိယဝန်ကြီးချုပ်နှင့် ယခင် ကာကွယ်ရေးဝန်ကြီးဟောင်း ပရာဝစ် ဝေါင်ဆူဝမ်က “ယခု တက်ရောက် လာသော ဝန်ကြီးများအနေဖြင့် တောင်တရုတ်ပင်လယ်တွင် ထိရောက် သော ကျင့်ဝတ် စည်းမျဉ်းများ မကြာမီ အပြန်အလှန် သဘောတူမည့် အချိန် သတ်မှတ်ရေးနှင့်ပတ်သက်၍ အရေးကြီး သည့် အချက်များ ပဏာမ အနှစ်ချုပ်ရန် ထပ်လောင်းဆွေးနွေးခဲ့ကြကြောင်း” သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

အငြင်းပွားမှုများကို နိုင်ငံတကာ ဥပဒေဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် အရေးပါသည့်အချက်များနှင့် တောင်တရုတ် ပင်လယ်တွင် နောက်ထပ်ရှုပ်ထွေးသည့် အခြေအနေများ ဖြစ်ပေါ်စေမည့်အပြုအမူများ ရှောင်ရှားသွားကြရန် ဝန်ကြီး များက ထပ်လောင်းအတည်ပြုခဲ့ကြသည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အဆိုပြုထားသည့် ရေကြောင်း ပဋိပက္ခ စီမံခန့်ခွဲရေးကို ယုံကြည်မှုတည်ဆောက်ခြင်း၊ ကြိုတင် ကာကွယ်မှုရှိသည့် သံတမန်ရေးနှင့် ငြိမ်းချမ်းစွာ တင်းမာမှု စီမံခြင်းတို့ အပေါ် အခြေခံလျက် လမ်းညွှန်မှုများ ချမှတ် သွားရန် တက်ရောက်လာကြသော ကာကွယ်ရေးဝန်ကြီးများက သဘောတူလက်ခံခဲ့ကြောင်း ဗိုလ်ချုပ်ကြီးပရာဝစ်က ပြောကြားခဲ့သည်။

“တောင်တရုတ်ပင်လယ်မှာ ရေကြောင်း၊ လေကြောင်း လွတ်လပ်စွာသွားလာနိုင်ရေးအတွက် ငြိမ်းချမ်းလုံခြုံစေဖို့ အရေးကြီးတယ်ဆိုတာ ကျနော်တို့ အထူးအာရုံစိုက်ထားပါတယ်။ ယုံကြည်မှုတည်ဆောက်တာ၊ နောက်ထပ် အရှုပ် အထွေး ပေါ်ပေါက်စေမယ့် အပြုအမှုမျိုး ရှောင်ရှားတာဟာ အရေးကြီးတဲ့အကြောင်း ကျနော်တို့ အသိအမှတ်ပြု ဆွေးနွေးခဲ့ကြပါတယ်” ဟု ဗိုလ်ချုပ်ကြီးပရာဝစ်က ပြောသည်။

တောင်တရုတ် ပင်လယ်တွင် စစ်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံစလုံးက အပြန် အလှန် စွပ်စွဲ ပုတ်ခတ်နေခဲ့ကြသည်။ မကြာသေးမီ နှစ်များအတွင်း တရုတ်သည် ၎င်း၏ရေပိုင်နက်၌ ကျွန်းတုများနှင့် စစ်စခန်းများ အလျင်အမြန်တည်ဆောက်ခဲ့သည်။

သင်္ဘောများ သွားလာရန် အရေးပါပြီး ငါးလုပ်ငန်း သယံဇာတ အလျှံအပယ် ရှိနေဆဲ ဖြစ်သည်ဟု ယုံကြည်ရသော တောင်တရုတ်ပင်လယ် နေရာ အများစုကို တရုတ်က ၎င်း၏ အချုပ်အခြာ အာဏာထက် ကျော်လွန်၍ တောင်းဆိုမှုများ ရှိနေခဲ့သည်။

တရုတ်နှင့် ရေပိုင်နက်အငြင်းပွားခဲ့သော နိုင်ငံများမှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း၊ ထိုင်ဝမ်တို့ ဖြစ်ကြပြီး ယင်းသို့ နယ်မြေ တောင်းဆိုမှု တိုးမြှင့်လုပ်ဆောင်နေသော တရုတ်ကို ဗီယက်နမ်နိုင်ငံက ကျယ်ကျယ်လောင်လောင် ကန့်ကွက်နေဆဲဖြစ်သည်။

အာဆီယံဝန်ကြီးများ ရေးဆွဲခဲ့သော သဘောထားအမြင် စာတမ်း ၆ စောင်အနက် အကြမ်းဖက်ဝါဒနှင့် သမရိုးကျ မဟုတ်သည့် လုံခြုံရေးခြိမ်းခြောက်မှုများအပေါ် မဟာဗျူဟာမြောက်သတင်းအချက်အလက် ဖြန့်ဝေသွားရေးအတွက် ကနဦးရှုမြင်သုံးသပ်ချက်များ ခြုံငုံထည့်သွင်းထားသည်။

စဉ်ဆက်မပြတ် လုံခြုံရေး အတွက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ ပူးတွဲကြေညာချက်ကို တက်ရောက် လာသည့် ဝန်ကြီးများ ပါဝင် လက်မှတ်ထိုးကြပြီး ယင်းကြေညာချက်တွင် ဒေသတွင်းလုံခြုံရေးနှင့်တည်ငြိမ်ရေး လက်တွဲ လုပ် ဆောင်ရန် အရေးပါသည့် အချက်များကို အလေးပေးထားသည်။

ထို့ပြင် အပြန်အလှန် အကျိုးရှိမည့် နယ်ပယ်ကဏ္ဍများတွင် ပူးပေါင်းအဖြေရှာကြရန်လည်း သဘောထား မှတ်ချက် များလည်း ထုတ်ဖော်ထားသည်။

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ထိုင်းနိုင်ငံက “နယ်စပ်ဖြတ်ကျော် စိန်ခေါ်မှုများ ကိုင်တွယ်ရန် နယ်စပ် စီမံခန့် ခွဲမှု ဦးစားပေးထားသည့် အာဆီယံကာကွယ်ရေးထူထောင်မှုအခန်းကဏ္ဍတိုးတက်ရေးအပါအဝင် ခြေလှမ်းသစ်များကို အဆိုပြုတင်သွင်းခဲ့သည်။

ဝန်ကြီးများ ဆွေးနွေးကြသည့်အခြားအကြောင်းအရာများမှာ နယ်စပ်ထိန်းချုပ်ရေး၊ အကြမ်းဖက်ဝါဒနှင့် တရားမဝင် ငါးဖမ်းလုပ်ငန်းတို့ ဖြစ်ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading