တူရကီနိုင်ငံသည် ရုရှားမှ S-400 ဝေဟင်ကာကွယ်ရေးဒုံးကျည်စနစ် ပထမအသုတ်တင်ပို့မှုကို လက်ခံခဲ့ပြီး ရုရှားနှင့် လက်နက်အရောင်းအဝယ် မပြုစေရေး အမေရိကန်၏ ဖိအားရှိနေခြင်းအား အံတုလိုက်သည်။
ယနေ့ အင်ကာရာ မြို့ပြင်ဘက် Murted စစ်လေယာဉ်ကွင်းသို့ S-400 စက်ပစ္စည်း အစိတ်အပိုင်းများ ရောက်ရှိ လာပြီဖြစ်ကြောင်း တူရကီအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်ကို ကိုးကား၍ ရုရှားသတင်းဌာန RT ကဆိုသည်။
တူရကီနှင့် ရုရှားတို့သည် S-400 အများအပြား ဝယ်ယူရန် ၂၀၁၇ ခုနှစ်က စာချုပ်လက်မှတ်ရေး ထိုးခဲ့သည်။ ယင်းသို့ စာချုပ်ချုပ်၍ လက်နက်ရောင်းဝယ်ခြင်းသည် နေတိုးလုံခြုံရေးကို အားနည်းစေပြီး အမေရိကန်အကျိုးစီးပွား ထိခိုက်စေ သည်ဟု အကြောင်းပြလျက် အမေရိကန်က တူရကီကို အပြင်းအထန်ကန့်ကွက်နေခဲ့သည်။
ရုရှားနှင့် လက်နက်အရောင်းအဝယ် သဘောတူညီမှုပျက်ပြားစေရန်အတွက် အမေရိကန်က အင်ကာရာကို ဖိအားပေးရာတွင် F-35 ပဉ္စမမျိုးဆက် ဂျက်တိုက်လေယာဉ်များ တူရကီသို့ တင်ပို့နေခြင်း ဆိုင်းငံ့ထားခဲ့သည်။
အကယ်၍ အင်ကာရာ အနေဖြင့် S-400 စာချုပ် ကိစ္စ မော်စကိုနှင့် ဆက်လုပ်နေပါက ၎င်း၏ စီးပွားရေးကိုလည်း ဂယက်ရိုက်စေမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိတဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။
ယင်း စာချုပ် ဖျက်သိမ်းရေး အတွက် တူရကီက အမေရိကန်တောင်းဆိုချက်ကို ထပ်တလဲလဲ ငြင်းဆန်နေခဲ့ပြီး ကမ္ဘာ့နိုင်ငံများအနေဖြင့် လက်နက်ဝယ်ယူရေးအတွက် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိကြောင်း တ့ုံပြန်ထားသည်။