12 July 2019ထွန်းထွန်း
သတင်း

Victoria အတွက် ဘဏ်အကောင့် ယာယီဆိုင်းငံ့ခဲ့မှု AYA ဘဏ် တောင်းပန်

Want create site? Find Free WordPress Themes and plugins.

Victoria အမှု အတွက် ကူညီပေးရန် အလှူငွေ ကောက်ခံနေသည့် ဘဏ်အကောင့်အား ယာယီ ဆိုင်းငံ့ခဲ့မှု ဖြစ် စဉ်တွင် စိတ်အနှောင့်အယှက် ဖြစ်စေမှု အပေါ် အနူးအညွတ် တောင်းပန်ကြောင်း ဧရာဝတီ ဘဏ် (AYA) က ထုတ်ပြန်သည်။

ဘဏ်အကောင့် ဆိုင်းငံ့ရန် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုက ညွန်ကြားခဲ့ခြင်းကြောင့် ဇူလိုင် ၁၁ ရက် ညနေ ၄ နာရီ အချိန်ခန့်တွင် ခေတ္တရပ်ဆိုင်းမှု ဖြစ်ပေါ်ခဲ့ပြီး လတ်တလောတွင် ပုံမှန်အတိုင်း အသုံးပြုရန် ပြန်လည် ဖွင့်လှစ်ထား ပြီး ဖြစ်ကြောင်း ယင်းဘဏ်က ဆိုထားသည်။

ဇူလိုင် ၁၂ ရက် ညနေပိုင်းတွင်မူ အကောင့်ပိုင်ရှင်ဖြစ်သူ ဦးဝင်းကိုကိုသိန်းကို တောင်းပန်ကြောင်း AYA က ထပ်မံ ထုတ်ပြန် ခဲ့သည်။

အဆိုပါ ဘဏ်အကောင့်သည် အမှုအတွက် အထောက်အကူ ဖြစ်ရေး သုံးစွဲရန်၊ ကလေးငယ်၏ မိဘများ ငွေကြေးပိုင်း အခက်အခဲ မဖြစ်စေရေး အကူအညီပေးရန်နှင့် ကလေးငယ်၏ ရေရှည်ဖွံ့ဖြိုးရေး အတွက် သုံးစွဲသွားရန် ရည်ရွယ် ကြောင်း Victoria’s Finance Team က တရားဝင် အသိပေး ကြေညာထားသည်။

ယင်းအကောင့်ကို ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသည့် ကျန်းမာရေး ဝန်ကြီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူး ဖြစ်သူ ဦးဝင်းကိုကိုသိန်း အမည်ဖြင့် ဇူလိုင် ၁ ရက်တွင် စတင် ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ အနေဖြင့် ယင်းအလှူငွေ ကောက်ခံမှုအား တရားမဝင်ကြောင်း ထုတ်ပြန်ခဲ့သည့် အပြင် ဘဏ်အကောင့်ပိုင်ရှင် ဦးဝင်ကိုကိုသိန်း၏ သက္ကမိုးညို အကောင့်အမည်ဖြင့် အသုံးပြုသည့် လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန်ရေးသားမှုများ သည် လည်း ရဲတပ်ဖွဲ့ အပေါ် ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၄(ဃ) ဖြင့် တရားစွဲ ဆို ခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရဲဇာနည် သတင်းစာ မျက်နှာတွင်“Victoria အတွက် အလှူခံသည်ဟု အကြောင်းပြ၍ Bank Account ဖွင့် တရားမဝင် အလှူခံနေမှုများ၏ ပထမအဆင့် အနေဖြင့် သက္ကမိုးညို အကောင့်ပိုင်ရှင်အား ကြိုတင် လျှို့ဝှက် စုံစမ်းဖော်ထုတ်ခဲ့ပြီး မည်သူမည်ဝါ သိရသည်နှင့် ဥပဒေနှင့် အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဆက်စပ် ပတ်သက်မှုများကိုလည်း ဆက်လက် စိစစ်ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း”ဇူလိုင် ၁၀ ရက်က ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင်“Victoria ကိစ္စ အကြောင်းပြုပြီး ငွေအလှူခံမှုသည် ရိုးသားမှုရှိလျှင်တော့ မပြောလိုပါ။ ရိုးသားမှု မရှိလျှင် လက် မခံဘဲ စိစစ် အရေးယူပါမည်”ဟုလည်း ဆိုထားသည်။

ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ရဲမှူးကြီး မျိုးသူစိုးက“ရဲတပ်ဖွဲ့ဘက်ကတော့ ထုတ်ပြန်ချက် သဘောအတိုင်းပဲ လော လော ဆယ်ကတော့ ရှိပါတယ်။ အကောင့်ကိစ္စ ကျနော်တို့ မသိပါဘူး။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုက သပ်သပ် ရှိပါတယ်”ဟု ပြောသည်။

အမှုတွင် ကူညီထောက်ပံ့ပေးရန် အတွက် အလှူငွေကောက်ခံနေသည့် အပေါ် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက် ပြီး ပြည်သူများက ရဲတပ်ဖွဲ့အား ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့သည့်အပြင် အကောင့်အား ယာယီ ဆိုင်းငံ့ခဲ့သည့် ဧရာဝတီ ဘဏ် အပေါ်တွင်လည်း ဝေဖန်မှုများ ပြုလုပ်ကြသည်ကို တွေ့ရသည်။

ဧရာဝတီဘဏ် အနေဖြင့် လက်ရှိတွင် သက်ဆိုင်ရာမှ တရားဝင်စာဖြင့် ထပ်မံညွန်ကြားမှု မပြုမချင်း အကောင့် ပိုင်ရှင် အား ဝန်ဆောင်မှုများ ဆက်လက် ပေးသွားမည် ဖြစ်ကြောင်းနှင့် အကောင့်အတွင်း အပ်နှံထားသည့် ငွေများ ဆုံးရှုံးမှု မရှိစေရေး အပြည့်အဝ တာဝန်ယူကြောင်း ဆိုထားသည်။

ယင်းဘဏ် အကောင့်အား အဖွဲ့ဝင် ၅ ဦးပါ Victoria’s Finance Team က တာဝန်ယူ ဆောင်ရွက်လျက် ရှိရာတွင် ဇူလိုင် ၁၁ ရက် ည ၉ နာရီခွဲခန့်အထိ အလှူငွေရရှိမှုသည် ကျပ် သိန်း ၁၉၀ ကျော် (၁၉,၇၆၅,၄၈၀ ကျပ်) ရှိပြီဖြစ် ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

အမှုနှင့်ပတ်သက်၍ အကောင့်အတွင်းမှ အလှူငွေများ ထုတ်ယူသုံးစွဲထားမှု မရှိသေးကြောင်းနှင့် လတ်တလော အခြေ အနေများ အရ အလှူငွေ ဆက်လက် လွှဲပို့ခြင်းများအား ရပ်ဆိုင်းထားကြရန် Victoria’s Finance Team က မေတ္တာ ရပ်ခံထားသည်။

You May Also Like These Stories: 

ဗစ်တိုးရီးယားရဲ့ ဆိုရှယ်မီဒီယာ အစကို ဆွဲထုတ်ခြင်း

Wisdom Hill အမူ ဆုံးဖြတ်ချက် ပြည်သူ စိတ်ချမ်းသာစေရမည်ဟု တရားသူကြီးပြော

Wisdom Hill အမှု ဖော်ထုတ်ရန် မလွယ်ဟု CID ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading