သတင်း

ငြိမ်းချမ်းရေး ကော်မရှင် ပြင်ဆင် ဖွဲ့စည်းရန် တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်ရန် အတွက် ငြိမ်းချမ်းရေး ကော်မရှင်(PC) ကို ပြည်ထောင်စု ဝန်ကြီးများ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ ပါဝင်သော ကော်မရှင်အဖြစ် ပြန်လည် ဖွဲ့စည်းပေးရန် အရပ် ဘက် လူ့ အဖွဲ့အစည်း ငြိမ်းချမ်းရေး ဖိုရမ်(CSFoP) က အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားကြောင်း သိရသည်။

ဇူလိုင်လ ၁၁ ရက်က ရန်ကုန်မြို့ရှိ House of Orchid တွင် သတင်းစာ ရှင်းလင်းပွဲလုပ်၍ CSFoP ၏ အလုပ် အမှု ဆောင် အဖွဲ့ဝင်များက မီဒီယာများကို ပြောခြင်းဖြစ်သည်။

PC ပြန်လည် ဖွဲ့စည်းရေး အပြင် အပစ်အခတ် ရပ်စဲကြောင်း သမ္မတ၊ တပ်ချုပ်နှင့် လက်နက်ကိုင် အဖွဲ့များ တရားဝင် ကြေညာပေးရန် အတွက်လည်း တောင်းဆိုချက်တွင် ပါရှိသည်။

အဆိုပါ အိတ်ဖွင့်ပေးစာကို အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)မှ ခေါင်းဆောင်များထံ ပေးပို့ ခြင်း ဖြစ်သည်။

CSFoP အဖွဲ့ဝင် မရမ်ဂျော်ဂွန်းက“ဦးသိန်းစိန် လက်ထက်တုန်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ဆိုတာ ရှိတယ်။ အဲဒီမှာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းက ဝန်ကြီးချုပ်တွေက အဖွဲ့ဝင်တွေ အနေ နဲ့ ပါဝင်ကြတယ်။ အဲဒီတော့ သူတို့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အမြဲတမ်း ရှိတယ်။ များသော အားဖြင့် မငြိမ်းချမ်းတာ ပြည်နယ်နဲ့တိုင်းတွေမှာ ဖြစ်တယ်။ လက်ရှိ ငြိမ်းချမ်းရေးက ဘာတွေ ဆွေး နွေးနေလဲ၊ ဘာတွေ လုပ်နေလဲ၊ ဒါတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရတွေက ပြည်သူတွေကို ပြန်ဖြန့်ဝေဖို့လိုတယ်။ အဲဒါ ကြောင့် ဒီလူတွေ ပါလာသင့်ကြောင်း ပြောချင်တာ ဖြစ်တယ်”ဟု ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေကြသူများကတော့ PC ကို အစိုးရက ဖွဲ့စည်း ပေးထားသော်လည်း စေ့စပ်ဖြန်ဖြေ ပေးသူ (Mediator) ၏ အခန်းကဏ္ဍကို ယူထားသူသာ ဖြစ်ကြောင်း၊ ထိုအခြေ အနေတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို ထည့်သွင်းမည်ဆိုလျှင် အစိုးရဘက်ကလို ဖြစ်သွားနိုင်ကြောင်း၊ ယခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ (EAOs) က PC ကို ကြားလူဟုသာ သဘောထားလျက်ရှိပြီး အစိုးရ၊ တပ်မတော်၊ EAOs များ ကြား ညှိပေးခြင်းကိုသာ လက်ခံကြကြောင်း၊ ဝန်ကြီးအဆင့်များ ပါဝင်လာပါက Mediator role ပျောက်သွားမည်ကို စိုးရိမ်ကြကြောင်း၊ သင့်လျော်သည့် ပြင်ပ ပညာရှင်များဆိုလျှင် ပိုကောင်းမည်ဟုသာ ယူဆမှုများ ရှိနေကြကြောင်း ပြော ဆိုသည်။

CSFoP သည် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ ၂၂ ကြိမ်မြောက် ငြိမ်းချမ်းရေး ဖိုရမ်ကို ရန်ကုန်မြို့ ပန်ဒါ ဟိုတယ်တွင် ဇူလိုင်လ ၈ ရက်၊ ၉ ရက်တို့တွင် ကျင်းပခဲ့ပြီး ရရှိလာသော အချက်အလက်များကို စုစည်း၍ သက်ဆိုင်ရာ ခေါင်းဆောင် များထံ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်းလည်း မီဒီယာများသို့ ဖြန့်ဝေခဲ့သော စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။

CSFoP မှ ပေးပို့ခဲ့သော အိတ်ဖွင့်ပေးစာတွင် ခေါင်းစဉ်ခွဲ ၅ ခုနှင့် အချက်အလက်ပေါင်း ၃၁ ချက် ပါဝင်သည်။

ထိုအချက်များတွင် PC ကို ပြည်ထောင်စု အစိုးရအပါအဝင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ပါဝင်သော ကော်မရှင် တရပ်အဖြစ် ပြန်လည် ဖွဲ့စည်းပေးရန်၊ အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင် အဖွဲ့အစည်းများမှ ဦးဆောင် ပုဂ္ဂိုလ်များက ဘုံသဘောတူညီချက်များ ရယူကာ NCA အား ပြန်လည် မွမ်းမံမှုပြုလုပ်၍ လက်မှတ် မရေး ထိုးရသေးသော လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေး အတွက် ဖြေလျှော့ခြင်း နည်းလမ်းများဖြင့် အကောင် အထည်ဖော်ရန်တို့ ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတွင်း ဖြစ်ပွားသော တိုက်ပွဲများ၊ တပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ် တို့က အပစ်အခတ် ရပ်စဲကြောင်း လက်မှတ်ရေးထိုး၍ တရားဝင် ကြေညာရန်နှင့် လက်နက်ကိုင်များ အားလုံး ကလည်း တရားဝင် ကြေညာရန်တို့လည်း ပါဝင်သည်။

ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်သော စေ့စပ်ညှိနှိုင်းရေး အဖွဲ့ ထားရှိရမည်၊ အဆိုပါ အဖွဲ့ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ နိုင်ငံရေး ပါတီများမှ ကင်းလွတ်သောသူများဖြင့် ဖွဲ့စည်း ဆောင်ရွက်ရမည်၊ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု အားကောင်း လာမှုအား နိုင်ငံတကာ အစိုးရများ၏ ဖိအားဖြင့် ပြန်လည် တုံ့ပြန်ဆောင်ရွက်မှုကို စေ့စပ်ညှိနှိုင်းရေး ဖွဲ့စည်းကာ ချိတ်ဆက် ဆောင်ရွက်ရမည်ဟုလည်း ဆိုသည်။

တိုင်းရင်းသား ပေါင်းစုံ အလွှာပေါင်းစုံ ပါဝင်၍ ဆွေးနွေးနိုင်သော နိုင်ငံရေး ဆွေးနွေးမှု အခင်းအကျင်း တရပ် ဖန်တီး ရန်၊ National Strategy for Camp Closure of the IDPs ကို နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် အညီ ဂုဏ်သိက္ခာ ရှိစွာဖြင့် ပြန်လည် နေရာချထားရေးအား အကောင်အထည် ဖော်ဆောင်ရန် ဆိုသော အချက်များလည်း ပါဝင်သည်။

CSFoF အလုပ် အဖွဲ့ဝင် ဆလိုင်းမာန်ဟုန်က“ပလက်ဝဒေသမှာ တပ်မတော်နဲ့ AA ကြား တိုက်ပွဲများကြောင့် ဒေသခံ များ အခက်အခဲဒုက္ခ ကြုံနေကြတဲ့ အတွက် အပစ်အခတ် ရပ်စဲရေးကို တဖက်ဖက်က ကြေညာပေးရန် တောင်းဆိုပါ တယ်။ အခုကျောင်းတွေ ပိတ်ထားရတာတွေလည်း ရှိနေသလို ဆရာမတွေ မသွားနိုင်ဘဲ ဖြစ်နေတာလည်း ရှိတယ်။ ဒါကိုလည်း စဉ်းစားပေးစေချင် ပါတယ်”ဟု ပြောသည်။

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ခွဲမထွက်ရေးနှင့် တခုတည်းသော တပ်မတော် လက်ခံရေး အဆိုပြုချက် ကို အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့များကြား ဆွေးနွေး အဖြေရှာမရဘဲ ဖြစ်နေသည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ တရားဝင် အစည်းအဝေးများ မကျင်းပနိုင်ဘဲ ဖြစ်နေသည်။

အဆိုပါ အစည်းအဝေးများမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေး၊ ပြည်ထောင်စု ငြိမ်းချမ်း ရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC) အစည်းအဝေးများ၊ NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)တို့ ဖြစ်သည်။

တဖက်မှာလည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတွင် တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) ကြား ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေသည့် အတွက် ပလက်ဝဒေသတွင် တိုက်ပွဲရှောင် ၃၀၀၀ ကျော်နှင့် ရခိုင် ပြည်နယ်တွင် တိုက်ပွဲရှောင် ၄၀၀၀၀ ကျော် ရှိလာနေကြောင်း သိရသည်။

တပ်မတော်သည် ကချင်ပြည်နှင့် ရှမ်းပြည်နယ်ရှိ စစ်တိုင်း ၅ တိုင်းတွင် တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေ ညာ ထားသည့်တိုင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) နယ်မြေ ဖြစ်သော ရခိုင်ပြည်နယ်တွင်ပါ ကြေညာပေးရန် အရပ်ဘက် အဖွဲ့အစည်းများနှင့် လက်နက်ကိုင် အဖွဲ့တချို့က တောင်းဆိုလျက် ရှိနေသည်။

You May Also Like These Stories:

ငြိမ်းချမ်းရေး ခရီး အနီးအဝေး

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပျက်ပြယ်ရန် လုပ်ဆောင်နေသူများ ရှိဟု NRPC ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading