မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် မြို့သစ် ၅ရပ်ကွက်၊ ရေနီမြောင်းနှင့် လေယာဉ်ကွင်းဟောင်း အရှေ့ဘက်ရှိ ကျူးကျော် နေအိမ်များ ရှင်းလင်းမှု၌ နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားခဲ့ရာတွင် ပါဝင်သူ ၂၀ ဦးအား ပုဒ်မ ၄ခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း အမှတ်၁၁ နယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၁ ရက်နေ့က ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်း အရှေ့ဘက်ရှိ ကျူးကျာ်နေ အိမ်များကို မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီမှ ဇူလိုင်လ ၁၁ ရက်နေ့က ရှင်းလင်းခဲ့ရာ ကျုးကျော်နေထိုင်သူများ အတွင်းမှ လူဦးရေ ၂၀ ခန့်က ကျောက်ခဲ၊ တုတ်၊ အုတ်နီခဲများဖြင့် ပစ်ပေါက် ခဲ့သဖြင့် နှစ်ဖက်ပဋိပက္ခဖြစ်ပွားခဲ့သည်။
အမှတ်၁၁ နယ်မြေရဲစခန်းမှ စခန်းမှုး ဒုရဲမှုးဇော်နိုင်က “မနေ့က ကျူးရှင်းရင်း ခဲတွေ၊ တုတ်တွေနဲ့ ပစ် လို့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရခဲ့ကြပါတယ်၊ ဒါကြောင့် အမှုဖွင့်ခဲ့တာ ပါ၊ ၅ယောက်ဖမ်းမိ ထားပါတယ်”ဟု ပြောသည်။
အဆိုပါပဋိပက္ခဖြစ်စဉ်မှ ထက်အောင်ရှိုင်း၊ ကျော်စိုး၊ ဇော်နု၊ ပြုံးရီ(ခ)မချို၊ တင်တင်ညို(ခ) မညိုတို့ အား ဖမ်းဆီးထားပြီး ဦးနေဝင်းပါ ၂၀ဦးကို အမှတ် ၁၁ နယ်မြေရဲစခန်းတွင် (ပ) ၄၃၉/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၃၊ ၂၉၄၊ ၁၈၆၊ ၁၁၄ တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
ဖျက်ဆီးခံရသည့် နေအိမ်များတွင် နေထိုင်သူ စတုတ္ထနှစ် ရူပဗေဒကျောင်းသား မောင်အောင်မျိုးဇော်က “ကျနော်တို့ဘက်က မဖျက်ဖို့တားတာကို သူတို့ဘက်က ဇွတ်အတင်း ဒိုင်းအကာတွေနဲ့ တိုးပြီးတော့ အတင်းဖျက်ကြလို့ အဖမ်းခံလိုက်ရတဲ့ ဒေါ်ချိုချိုလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်၊ အဲဒီလိုဖြစ်တော့ စိတ် တွေလွတ်ကုန်ကြပြီး လမ်းပေါ်မှာရှိတဲ့ ကျောက်ခဲတွေနဲ့ ကောက်ပြီး ထုကြရာကနေ ပဋိပက္ခဖြစ်ခဲ့ တာ ပါ၊ သူတို့ဘက်ကလည်း သေနတ်ပစ်ဖောက်ပြီး လူတွေကိုပါ ဝင်ရိုက်ခဲ့ကြတာပါ” ဟု ပြောသည်။
ထိုသို့ ပဋိပက္ခဖြစ်ပွားခဲ့မှုကြောင့် ရဲတပ်ဖွဲ့က ရာဘာကျည်ဖြင့် ၃ချက် ပစ်ဖောက် လူစုခွဲခဲ့ရပြီး ကျုး ကျော်နေထိုင်သူ ၂ဦး ရာဘာကျည်ထိမှန်၍ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျုးကျော်နေထိုင်သူများ၏ ကျောက်ခဲ၊ တုတ်၊ အုတ်နီခဲများဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် စည်ပင်သာယာရဲတပ်ဖွဲ့ဝင် ၃ဦး၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၃ဦး၊ စည်ပင်သာယာ ဝန်ထမ်း ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ထိုသို့ ကျုးရှင်းလင်းရခြင်းမှာ ရေနီမြောင်းနှင့် လေယာဉ်ကွင်းဟောင်းအရှေ့ဘက်ရှိ ၇၃လမ်းနှင့် ၇၄လမ်းကြား၊ စိန်ပန်းလမ်းအား ဆက်လက် ဖောက်လုပ်ရန် ရှင်းလင်းရခြင်းဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက အဆိုပါ မြေနေရာရှိ ကျုးကျော်နေအိမ်များကို ဖယ်ရှားပေးရန် အကြောင်းကြားစာ ၄ ကြိမ်အထိ ပို့ခဲ့ကြောင်း သိရသည်။
“လမ်းဖောက်မှာ ဖြစ်တဲ့အတွက် သူတို့တွေကို ပြောင်းရွှေ့ပေးဖို့ အကြောင်းကြားစာ လေးကြိမ်ပေးပို့ ထားပါတယ်၊ ဒါပေမယ့် မဖယ်ပေးကြဘူး၊ မြို့တော်ဝန်ကလည်း လမ်းဖောက်ဖို့ အတွက်ပြောထား တော့ ကျနော်တို့အနေနဲ့ ဆောင်ရွက်ရတာပါ၊ မြေရာဇဝင်တွေကတော့ မြို့မြေစီမံခန့်ခွဲရေးကော်မတီက ရေးဆွဲထားတဲ့အတိုင်း ဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။
ထိုကဲ့သို့ အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ၊ စည်ပင်သာယာ ရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ကျုးကျော်နေအိမ် ၂၉၄ လုံး ရှင်းလင်း ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျုးကျော်ရှင်းလင်းရာသို့ မြဝတီဆရာတော်ကြီး အရှင်အရိယဝံသမှ ကြွရောက်၍ ရပ်ဆိုင်း ပေးရန် မေတ္တာရပ်ခံ သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်ရခြင်း ဖြစ်သောကြောင့် ရှင်းလင်းခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။
ကျူးကျော်နေထိုင်သူများသည် အဆိုပါမြေပေါ်တွင် နေထိုင်ရခြင်းမှာ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင် စားသောက်လာသည့် တောင်သူများဖြစ်ကာ ရှေးယခင်ကတည်းက ထွန်ယက် စိုက်ပျိုးခဲ့ခြင်းကြောင့် အခွန်ထမ်းဆောင်ခဲ့ကြသည့် စာရွက် စာတမ်း များ လက်ဝယ်ရှိနေသဖြင့် ကျူးကျော်နေထိုင်သူများ မဟုတ်ကြောင်း ပြောဆိုမှုများရှိသည်။
“ကျနော်တို့မှာ ရေခွန်၊ မြေခွန်၊ သီးနှံခွန်စတာတွေအပြင် ဘဏ်က ချေးငွေနဲ့ ပတ်သက်တဲ့ စာရွက် စာတမ်း အထောက် အထား အခိုင်အမာ ရှိပါတယ်၊ ကျနော် လုပ်ကိုင် စားသောက်လာတာကို အနှစ် ၄၀ကျော်ရှိပါပြီ၊ ဝါစီမံကိန်းဆိုပြီး လုပ်တဲ့ အချိန်မတိုင်ခင် ကတည်းက လုပ်စားလာခဲ့ကြတာပါ၊ အခုတော့ ကျနော်တို့ကို လျော်ကြေး၊ နစ်နာကြေး တစုံတရာမပေးဘဲ အဆက်ဆက် လက်လွှဲပြီး သိမ်းခဲ့ကြတာပါ”ဟု ကျူးကျော် နေအိမ်များမှ တောင်သူ ဦးကြည်စိုးက ပြောသည်။
ယခုကဲ့သို့ ကျူးကျော်တဲနေအိမ်များ ရှင်းလင်းရာတွင် မြေယာအငြင်းပွားမှု စိစစ်ဆဲနေအိမ်များပါ ပါဝင်နေကြောင်း သိရသည်။
“လာတာက ကျုးရှင်းမယ်ဆိုပြီး ဦးတည်လာတာ၊ တကယ်တမ်း ကျနော်တို့ မူလတောင်သူတွေကို ကျုးကျော်ဆိုပြီး ခေါင်းစဉ်တပ်ပြီး ရှင်းလင်းကြတာဖြစ်ပါတယ်၊ သူတို့ နို့တစ်စာမှာကိုက အမျိုးမျိုး ဖြစ်နေပါတယ်၊ ပထမတခါက စိန်ပန်းလမ်း ကျုးကျော်ဆိုပြီး ပါတယ်၊ နောက်ဆုံး တစောင်မှာကျတော့ စည်ပင်ပိုင်မြေမှာ ကျုးကျော်တယ်ဆိုပြီး ပြောင်းသွားတယ်၊ နောက်ပြီး ဒီမြေနဲ့ ပတ်သက်လို့ မြေယာ စိစစ်ရေး ကော်မတီ ဒုသမ္မတ၂ ကိုယ်တိုင်က စိစစ်ဆဲပါလို့ အကြောင်းပြန် ထားတာ ရှိပါတယ်၊ ဒါကို ဇွတ်အတင်း ဖျက်ကြတာပါ”ဟု မောင်အောင်မျိုးဇော်က ဆိုသည်။
အဆိုပါကဲ့သို့ ရှင်းလင်းမည့်နေအိမ်များတွင် ပိုင်ဆိုင်မှုအထောက်အထား ပြည့်စုံစွာရှိသည့် နေအိမ် ၆ အိမ်လည်း ပါဝင်နေ သဖြင့် ဝန်ကြီးချုပ်ထံ သွားရောက်တွေ့ဆုံရာ စာတင်ရန်သာ ပြောကြားခဲ့ ကြောင်း ဝန်ကြီးချုပ်ရုံးသို့ သွားရောက်ခဲ့သူများက ပြောသည်။
အဆိုပါနေရာတွင် လက်ရှိနေထိုင်သူများအနေဖြင့် နေထိုင်ရန် နေရာမရှိသည့်အတွက် သက်ဆိုင်ရာက နေရာဖန်တီး ပေးခြင်း၊ မြေယာလျော်ကြေးပေးခြင်းတို့ကို ဆောင်ရွက်ပေးစေလိုကြကြောင်း သိရ သည်။
ယခု ကျုးကျော်ရှင်းလင်းသည့် နေရာအနီးတွင် ၂၀၁၈ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း မန္တလေး မြို့တော် စည်ပင် သာယာ ရေး ကော်မတီ၊ စည်ပင်သာယာ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ကျူးကျော်တဲ နေအိမ် ၂၀၀နီးပါး ရှင်းလင်းခဲ့ပြီးနောက် အောင်မြင်သူ ကုမ္ပဏီမှ ပိုင်ဆိုင်သည်ဟုဆိုကာ အုတ်ဝင်းထရံများ အခိုင်အမာ တည်ဆောက်ခဲ့ကြသည်။
You may also like these stories:
ကျူးကျော်များ အတွက် ၃ လအတွင်း တိုက်ခန်းများ စဆောက်နိုင်မည် ဟု ရန်ကုန် ဝန်ကြီးချုပ် ပြော
မြို့သစ်များ မဖော်ဆောင်ပါက ကျူးကျော် အတွက် မြေမရှိဟု ဦးဖြိုးမင်းသိန်း ပြော
မန္တလေး တလမ်းမောင်း လမ်းများ နှစ်လမ်းမောင်း ပြင်ဆင်မည်