ရက္ခိုင်စစ်တပ် (AA)ကို ငွေကြေး ကောက်ခံပေးပြီး ထောက်ခံသည်ဟူသည့် စွပ်စွဲချက်ဖြင့် စင်ကာပူနိုင်ငံတွင်း ဖမ်းဆီး စစ်ဆေး၍ ပြည်နှင်ဒဏ် ပေးခံရသည့် ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဟု သတင်း ရရှိသည်။
စင်ကာပူနိုင်ငံမှ ပြည်နှင်ဒဏ် ပေးခံရသူများမှာ ဦးအောင်မြတ်ကျော် (AA စစ်ဦးစီးချုပ်၏ ညီ)၊ ဦးထွန်းအေး၊ ဦးဟိန်းဇော်၊ ဦးရဲကျော်ထက်၊ ဦးတင်လှိုင်ဦး၊ ဒေါ်အေးမြတ်မွန်တို့ဖြစ်ပြီး ၎င်းတို့ကို ဇူလိုင် ၁၁ ရက်က ဖမ်းဆီး သွားခြင်း ဖြစ်သည်ဟု ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များ၏ မိသားစုဝင် တချို့က ပြောသည်။
ဦးတင်လှိုင်ဦးနှင့် ဒေါ်အေးမြတ်မွန်သည် ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ဦးအောင်မြတ်ကျော်၊ ဦးထွန်းအေး၊ ဦးဟိန်းဇော်တို့မှာ စင်ကာပူမှ ပြန်လာစဉ် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးရဲကျော်ထက်မှာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်တွင် ဇူလိုင် ၁၁ ရက်က ဝင်ရောက် ဖမ်းဆီး ခံရခြင်း ဖြစ်သည် ဟု သိရသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး လှရီက ဦးတင်လှိုင်ဦး၊ ဦးရဲကျော်ထက် နှင့် ဒေါ်အေးမြတ်မွန်တို့ကို ဖမ်းဆီး ထားကြောင်း ဧရာဝတီကို အတည်ပြုပေးသည်။
လေဆိပ်တွင် ဖမ်းဆီးခံရသူများ အတွက် အတည်ပြုချက် ရရန် လေဆိပ် ရဲတပ်ဖွဲ့ကို မေးမြန်းပါဟုလည်း ဒုရဲမှူးကြီး လှရီက ဆိုသည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသူများကို မည်သည့်ပုဒ်မဖြင့် အရေးယူဆောင်ရွက်မည် လဲဟု မေးမြန်းရာ ဒုရဲမှူးကြီး လှရီက “မသိသေးပါဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံ သတင်း ရဲတပ်ဖွဲ့၊ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးသူစိုးကို မေးမြန်းရာ ၎င်းက“ကျနော်လည်း သေချာ မသိ သေးဘူး။ ပြောဖို့လည်း လောလောဆယ် မရှိသေးပါဘူး”ဟု ပြောဆိုသည်။
AA အတွက် ငွေကြေးကောက်ခံပေးပြီး ထောက်ခံပံ့ပိုးသည်ဟု ဆိုကာ ပြည်နှင်ဒဏ် ပေးခံရသည့် မြန်မာနိုင်ငံသားများ အရေးနှင့် ပတ်သက်၍ စင်္ကာပူနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဘက်နှင့် ဆက်သွယ်ထားခြင်း မရှိသေးပါဟုလည်း ရဲမှူးကြီး မျိုးသူစိုးက ငြင်းဆိုသည်။
ရခိုင်အသင်း (စင်ကာပူ)သည် ရခိုင်လူမျိုးများ အရေးအတွက် ဆောင်ရွက်နေသည့် လူမှုကူညီရေး အသင်းအဖွဲ့ တခု ဖြစ်ကြောင်း သိရသည်။
အသင်း ခေါင်းဆောင်များ ဖြစ်သည့် ဦးအောင်မြတ်ကျော်၊ ဦးထွန်းအေး၊ ဦးဟိန်းဇော်၊ ဦးရဲကျော်ထက်၊ ဦးတင်လှိုင်ဦး၊ ဒေါ်အေးမြတ်မွန် တို့ကို စင်ကာပူနိုင်ငံ ပြည်ထဲရေးက ဇူလိုင် ၆ ရက်နှင့် ၇ ရက်တွင် စင်ကာပူရှိ နေအိမ်များအတွင်း ဝင်ရောက် ဖမ်းဆီးပြီး စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ဇူလိုင် ၁၀ ရက်တွင် စင်ကာပူနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် တခု ထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်ချက်တွင် ရခိုင် အသင်းခေါင်းဆောင်များကို ဖမ်းဆီးရခြင်းသည် မြန်မာနိုင်ငံ အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် AA အတွက် စင်ကာပူရောက် မြန်မာနိုင်ငံသားများထံမှ ရန်ပုံငွေ ကောက်ခံပေးခြင်း၊ အကြမ်းဖက်အဖွဲ့ကို ထောက်ခံ အားပေးခြင်းသည် စင်ကာပူနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်သည်ဟု ယူဆကြောင်း ပါရှိသည်။
စင်ကာပူနိုင်ငံတွင်း နေထိုင်နေသည့် မြန်မာနိုင်ငံသားများသည် စင်ကာပူနိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာပြီး စင်ကာပူနိုင်ငံကို အထောက်အကူပြုနေသဖြင့် အသိအမှတ်ပြုကြောင်း၊ လူနည်းစု၏ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံသား များ၏ အပေါင်းလက္ခဏာဆောင်သည့် နေထိုင်မှုကို အမည်းစက်ဖြစ်မည်ကို ခွင့်ပြုမည် မဟုတ်ကြောင်း၊ တင်းတင်း ကြပ် ကြပ် ကိုင်တွယ် ဆောင်ရွက်သွားမည်ဟု ပြောဆိုထားပြီး ပြည်နှင်ဒဏ် ပေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ထို့ပြင် ဧပြီ ၇ ရက်က စင်ကာပူနိုင်ငံတွင် ခန်းမတခုငှားပြီး AAတည်ထောင်ခြင်း ၁၀ နှစ်ပြည့် အထိမ်း အမှတ်ပွဲ ကျင်းပ ရာ AAစစ်သားများအဖြစ် သရုပ်ဖော်ပြသည့် ပြဇာတ်များ ကပြခြင်း၊ AAစစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် ဗီဒီယို ကော ခေါ်ကာ မိန့်ခွန်း နားထောင်ခြင်းများကိုလည်း စင်ကာပူ ပြည်ထဲရေး၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
စင်ကာပူပြည်ထဲရေး၏ သတင်းထုတ်ပြန်ချက်တွင် အကြမ်းဖက်အဖွ့ဲဟု ရေးသားဖော်ပြခြင်းကို ကန့်ကွက်ကြောင်း AA ဘက်ကလည်း ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်ချက်တစောင် ထုတ်ကာ ပြောဆိုထားသည်။
AA ၏ ထုတ်ပြန်ချက်ထဲတွင် ရခိုင်အသင်း (စင်ကာပူ)သည် ရခိုင်ပြည်နယ်တွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည် များ အတွက် အလှူငွေ ကောက်ခံခြင်းသာ ဖြစ်ပြီး AA အတွက် ရန်ပုံငွေ ကောက်ပေးနေသည် ဆိုခြင်းမှာ မျှတမှု မရှိသည့် စွပ်စွဲချက် တခုသာ ဖြစ်သည်ဟုလည်း တုံ့ပြန်ထားသည်။