နေပြည်တော်ရှိ လွှတ်တော် ကိုယ်စားလှယ်များ သီးသန့်နေထိုင်သော စည်ပင်ဧည့်ရိပ်သာ၂ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)မှ လွှတ်တော် ကိုယ်စားလှယ်တဦး၏ အခန်းအတွင်းရှိ ရတနာပစ္စည်းများ ခိုးယူခံရမှု ယမန်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ခိုးယူခံရသည့် အချိန်တွင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သူမှာ အပြင်သွားနေပြီး ကျန်ရှိသည့် ဇနီးဖြစ်သူ ရေချိုး နေစဉ် အပြင်မှ ပြတင်းမှန်တံခါးချပ်ကို ကျော်၍ လက်နှိုက်ကာ ခုတင်ပေါ်တွင် တင်ထားသော လက်ကိုင်အိတ် အတွင်း မှ ရတနာပစ္စည်းများကို ယူဆောင်သွားခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသော ကာယကံရှင် လွှတ်တော် ကိုယ်စား လှယ် က မီဒီယာများကို ပြောသည်။
“အခန်းရဲ့ နောက်ဘက်မှာရှိတဲ့ မှန်တံခါးတချပ်က ပွင့်နေတယ်။ အဲ့ဒီမှန်တံခါးထဲကနေ လက်ကိုင်အိတ်ကိုယူတဲ့ သူက ပြန်ပြီးတော့ ထည့်နေတာကို ရေချိုးခန်း ထွက်ထွက်ချင်း (ဇနီးဖြစ်သူက) တွေ့တယ်။ လက်ပါ တွေ့လိုက်တယ်။ တွေ့တော့ သူခိုးသူခိုး အော်ပြီးတော့ လက်ကိုင်အိတ်ရော၊ လက်ရော လှမ်းဆွဲပေမယ့် လက်ကိုင်အိတ်ပဲ မိလိုက်တယ်။ လူမြင်လိုက်လားဆိုတော့ မမြင်လိုက်ရဘူး”ဟု ရန်ကုန်တိုင်း ဒေသကြီးမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်သူ ၎င်းက မီဒီယာများကို ရှင်းပြသည်။
ယင်းအချိန်တွင် ဇနီးဖြစ်သူက အော်ဟစ်၍ မနီးမဝေးရှိ ဂိတ်ပေါက်လုံခြုံရေး တာဝန်ကျသူများကို သွားရောက် အကြောင်း ကြားခဲ့သော်လည်း ဖမ်းမိခဲ့ခြင်း မရှိဘဲ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ခိုးယူခံရသည်မှာ ကျပ်၂၅ သိန်းခန့် တန်ဖိုးရှိ စိန်လက်ကောက် ၁ကွင်း ၊ ကျပ် ၁၀သိန်းခန့် တန်ဖိုးရှိ စိန်လက်စွပ် ၁ ကွင်း၊ ကျပ် ၁၈ သိန်းခန့် တန်ဖိုးရှိ စိန်လက်စွပ် ၁ ကွင်း၊ ၄၅ သိန်းခန့် တန်သော ၅ မူးသား ရွှေလက်ကောက် ၉ ကွင်း နှင့် ကျပ် ၆ သိန်းခန့် တန်သော ရွှေခြေကျင်းတို့ဖြစ်ပြီး စုစုပေါင်း ကျပ်သိန်းတရာကျော် တန်ဖိုးရှိ ကြောင်း ရဲမှတ်တမ်း အရ သိရသည်။
ရတနာပစ္စည်းများ ခိုးယူခံရခြင်းနှင့် ပတ်သက်ပြီး နစ်နာဆုံးရှုံးသူ ဒေါ်ခင်ဖြူပြာမြတ်က အခင်းဖြစ်သည့် ဇူလိုင် ၁၁ ရက် ညပိုင်းက ဇမ္ဗူသီရိမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။
ယင်းကိစ္စအပေါ် ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ဇမ္ဗူသီရိ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူး လှထွန်းအောင်က သတင်းထောက်များကို ပြောသည်။
အဆိုပါ ခိုးယူခံရမှုနှင့် ပတ်သက်ပြီး စည်ပင်ဧည့်ရိပ်သာ တာဝန်ရှိသူများနှင့် မေးမြန်းပြောဆိုခဲ့ရာတွင် လုံခြုံရေး အင်အား နည်းပါးနေသည့် အခြေအနေကို သိရှိခဲ့ရ၍ ၎င်းတို့ကိုယ်စားလှယ်များ၏ ဘေးကင်းလုံခြုံရေး အတွက် စိုးရိမ်မိ သည်ဟု ကာယကံရှင် လွှတ်တော် ကိုယ်စားလှယ်က ပြောသည်။
၎င်းက“CCTV ဆိုလည်း ဒီဘက်ဂိတ်ရှိတယ်။ ဟိုဘက်ဂိတ်ရှိတယ် ပြောပေမယ့် မနေ့ညက မေးကြည့်တော့ ဟိုဘက် ဂိတ်က ပေါ်ချင်ပေါ်တယ်။ ပျောက်ချင်ပျောက်တယ်။ မကောင်းဘူးဆိုတာမျိုး ပြောတယ်။ နောက် ဝန်ထမ်း ဖွဲ့စည်းပုံ ကလည်း လုံလောက်မှု မရှိဘူး။ အင်အား မရှိဘူး”ဟု ပြောပြသည်။
ဧည့်ရိပ်သာ တာဝန်ရှိသူများ အနေဖြင့် ယခုဖြစ်ရပ်ကို သင်ခန်းစာယူကာ လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေး အတွက် သင့်လျော်သည့် စီမံဆောင်ရွက်မှုများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန်က မီဒီယာများကို ပြောသည်။
“လုံခြုံရေးဆောင်ရွက်ချက်က လွှတ်တော်ကိုယ်စားလှယ်တွေ အတွက် လိုအပ်တဲ့ ဆောင်ရွက်ချက်မျိုး မဟုတ်တော့ တော်တော်ကို အားနည်းနေတယ်။ ချို့ယွင်းနေတယ်လို့ ပြောရမယ်” ဟု ၎င်းက ဆိုသည်။
ယင်းကိစ္စအပေါ် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ တာဝန်ရှိသူများကို မေးမြန်းရန် ဧည့်ရိပ်သာသို့ သွား ရောက်ခြင်း၊ ဖုန်းဖြင့် ဆက်သွယ်ခြင်းတို့ ပြုလုပ်ခဲ့သော်လည်း တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခွင့် မရသကဲ့ သို့ အောက်ခြေ ဝန်ထမ်းများ အနေဖြင့်လည်း တစုံတရာ မှတ်ချက်ပြု ပြောကြားနိုင်ခြင်း မရှိပေ။
နေပြည်တော် ဒု မြို့တော်ဝန် ဦးရဲမင်းဦးက“စည်ပင်ဧည့်ရိပ်သာအတွင်းမှာ တည်းခိုနေထိုင်တဲ့ ပုဂ္ဂိုလ်အားလုံး လုံလောက်တဲ့ လုံခြုံမှုရစေဖို့ကို စည်ပင်သာယာရေး ကော်မတီက ညှိနှိုင်းဆောင်ရွက်ပေးသွားမှာပါ”ဟု ဧရာဝတီ သို့ ပြောကြားသည်။
နေပြည်တော် စည်ပင် ဧည့်ရိပ်သာသည် ၁ နှင့် ၂ ဟု နှစ်ပိုင်းရှိပြီး ပုံမှန်ခရီးသွား တည်းခိုသူများကို ဧည့်ရိပ်သာ ၁ တွင် သာ တည်းခိုခွင့်ပြုကြောင်း၊ ဧည့်ရိပ်သာ ၂ သည် လွှတ်တော် ကိုယ်စားလှယ်များနှင့် ယာယီတည်းခိုသည့် နိုင်ငံ့ ဝန်ထမ်း များကိုသာ စိစစ်တည်းခိုခွင့်ပြုသည်ဟု သိရသည်။
You may also like these stories:
နေပြည်တော်တွင် တရုတ်သံရုံးခွဲ ဖွင့်အပြီး အမေရိကန်လည်း လိုက်ဖွင့်
နေပြည်တော်ရှိ ကျား၊မ အခြေပြုစင်တာသို့ တလအတွင်း အကြမ်းဖက်ခံရသူ ၁၂ ဦး ရောက်ရှိ
နေပြည်တော်တွင် ကျွဲ၊ နွားများ ထိန်းသိမ်းမည့် အချုပ်ထောင် ဆောက်ရန် စီစဉ်
နေပြည်တော်တွင် သံရုံးဖွင့်ရန် ၁၉ နိုင်ငံအဆိုပြုထားပြီး သုံးနိုင်ငံ မြေရယူထား